ချင်းတွင်းမြစ်နှင့် ပေါက်အင်းအတွင်း ငါးအကောင်ရေ ၁၇၅၀၀၀ ငါးမျိုးစိုက်ထည့်

ချောင်းဦး  ၂၄  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့ နံနက် ၈ နာရီက ချင်းတွင်းမြစ်အတွင်းသို့ ငါးမျိုးအကောင်ရေ ၁၇၅၀၀၀ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ချင်းတွင်းမြစ်အတွင်း ငါးမျိုးသုန်းမှုမဖြစ်စေရေး၊ ငါးသယံဇာတ တိုးပွားစေရေး ရည်ရွယ်ပြီး နှစ်စဉ်ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ်ပြီး ယခုနှစ်တွင် ချင်းတွင်းမြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ (၈၀၀၀၀)၊ ငါးကြင်းရွှေဝါ (၂၀၀၀၀)၊ စိုက်ထည့်ပေးခဲ့ကာ ပေါက်အင်းအတွင်းသို့ ငါးမြစ်ချင်းကောင်ရေ (၅၀၀၀၀)၊ ခေါင်းကြီးငါးကြင်း (၂၅၀၀၀) စုစုပေါင်း ငါးမျိုး ၁၇၅၀၀၀ စိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦး၀င်းအောင်ခိုင်က ပြောသည်။

 

ငါးမျိုးစိုက်ထည့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဦး၊ ချောင်းဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦး၀င်းအောင်ခိုင်တို့ တက်ရောက်ခဲ့သည်။

ယမင်း (ရွှေဦးမြေ)