ခင်ဦးမြို့နယ်တရားရုံးမှ ဒေသန္တရအမိန့်မလိုက်နာသူတစ်ဦးအား ထောင်ဒဏ် (၆) လ အမိန့်ချ

ခင်ဦး  ၈   ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် (COVID-19) ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းအပေါ် လိုက်နာခြင်းမရှိသူ တစ်ဦးအား ဧပြီ ၇ ရက်နေ့ ညနေ ၄ နာရီက ခင်ဦးမြို့နယ်တရားရုံးမှ ရာဇသတ်ကြီးအမှုအမှတ်- ၁၃၂/၂၀၂၀ ဖြင့် ထောင်ဒဏ် (၆) လ အမိန့်ချလိုက်ကြောင်း မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းသိမ်းရန်အတွက် ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများအတွင်း အလှူပွဲ၊ မင်္ဂလာပွဲနှင့် လူစုလူဝေးများမပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ဒေသန္တရအမိန့်ထုတ်ထားခြင်းကြောင့် ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာနေ အလှူဒါယိကာ ဦးကျော်လွင်+အလှူဒါယိကာမ ဒေါ်ခင်မာဝင်းတို့၏ အလှူမင်္ဂလာကို တစ်ရွာတည်းနေ ဦးသိန်းမြင့် ၅၅ နှစ် (ဘ) ဦးသန်းမောင်နေအိမ်ဝင်းအတွင်း မဏ္ဍပ်ထိုးကာ အလှူပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ လူစုလူဝေးဖြင့် အလှူမင်္ဂလာပွဲမပြုလုပ်ရန် တားမြစ်ပြောဆိုခဲ့ရာ ၎င်းဦးသိန်းမြင့် ၅၅ နှစ်မှာ လိုက်နာခြင်းမရှိဘဲ (၂၆.၃.၂၀၂၀) ရက်နေ့မှ (၂၇.၃.၂၀၂၀) ရက်နေ့အထိ လူစုလူဝေးဖြင့်အလှူမင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့သောကြောင့် ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ် မှာ ဧပြီ ၁ ရက်နေ့ ညနေ ၃ နာရီတွင် တရားလိုပြုလုပ်တိုင်တန်း၍ ခင်ဦးမြို့မရဲစခန်းမှ (ပ)၁၃၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က) ဖြင့် သိန်းမြင့် ၅၅ နှစ်အား အရေးယူဆောင်ရွက်ထားသော အမှုဖြစ်ကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)