ချည်မျှင်စက်ရုံမီးလောင်မှုကိုငြိမ်းသတ်နေသူများ အောက်ဆီဂျင် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေ

စစ်ကိုင်း ၃ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပတ္တမြားရပ်ကွက်ရှိ ချည်မျှင်စက်ရုံတွင် နံနက် ၈နာရီ ၅မိနစ်ခန့်က မီးလောင်မှု စတင် ဖြစ်ပွားကြောင်း သိရသည်။

 

လက်ရှိအချိန်မှာ ပြာမှုန့်များ၊ မီးခိုးများ များပြားနေသည့်အတွက် မီးငြှိမ်းသတ်နေသည့် မီးသတ်သမားများ နှင့်အတူ မီးငြှိမ်းသတ်ရာတွင် ကူညီနေတဲ့ ပြည်သူတချို့မှာပါ အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ အဆိုပါအောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသူများကို အရေးပေါ်ဆေးရုံ ပို့ရသူတွေရှိကြောင်း မီးလောင်သည့်နေရာကို ရောက်ရှိနေသည့် Myanmar Digital News သတင်းထောက် မဖြိုးအိက ပြောသည်။

 

ချည်မျှင်စက်ရုံမီးလောင်မှုမှာ ဝါဂွမ်းတွေ အောင်းပူဖြစ်ပြီးလောင်တာဖြစ်ကြောင်း မီးသတ်အရာရှိက MDN ကို ပြောသည်။

 

မနက်၈နာရီကျော်က မီးစတင်လောင်ကျွမ်းနေတာဖြစ်ပြီး လက်ရှိအချိန်ထိဆက်လက် ငြှိမ်းသတ်နေရပြီး အရေးပေါ်လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီအသင်းများပါ စောင့်ကြည့်နေကြောင်း တွေ့ရသည်။

 

ချည်မျှင်စက်ရုံမီးလောင်မှုကို ငြှိမ်းသတ်ရန် စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ မန္တလေးတိုင်းဒေသကြီးမှ အကူယာဉ်(ရေသယ်ယာဉ်)(၁၀)စီး၊ မီးသတ်ယာဉ် (၂၂)စီးနှင့် High Pressure Pump (၄)လုံး တို့ဖြင့် ငြှိမ်းသတ်နေကြောင်း သိရသည်။

 

ဖြိုးအိ