ချန်ပီယံဆုအတွက် အဆုံးအဖြတ်ကာလဖြစ်လာသည့် MNL အမှတ်ပေးပြိုင်ပွဲ

၁၅ ဇူလိုင်

 

ဇန်နဝါရီက စတင်ကျင်းပခဲ့သည့် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲမှာ ဇူလိုင် ၁၃၊ ၁၄ ရက်အပြီးတွင် ပွဲစဉ် (၁၆) ပြီးဆုံးသွားပြီဖြစ်ပြီး တစ်သင်းလျှင်ခြောက်ပွဲစီသာ ကစားရန်ကျန်တော့သောကြောင့် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

 

ပွဲစဉ် (၁၆) အပြီးတွင် ရန်ကုန်အသင်းက ၃၃ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၃၂ မှတ်၊ ဧရာဝတီအသင်းက ရမှတ် ၃၀ ဖြင့် အနီးကပ်ဖိအားပေးလျက်ရှိသည်။ ယင်းအသင်းများနောက်တွင် ရခိုင်အသင်းက ၂၆ မှတ်၊ ဟံသာဝတီအသင်းက ၂၅ မှတ်၊ စစ်ကိုင်းအသင်းက ၂၃ မှတ်၊ ရတနာပုံအသင်းက ၂၂ မှတ်၊ မကွေး၊ ဇွဲကပင်နှင့် Southern အသင်းတို့က ၁၅ မှတ်စီ၊ ဒဂုံအသင်းက ၁၃ မှတ်၊ Chinland အသင်းက ၁၂ မှတ်ရရှိထားသည်။ 

 

ပွဲစဉ် (၁၆) အပြီး အနေအထားအရ ချန်ပီယံဆုအတွက် ရန်ကုန်၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်း သုံးသင်းသာ အပြိုင်လုရမည့်အနေအထားဖြစ်လာပြီး အဆင့်(၄)နေရာတွင် ရပ်တည်နေသည့် ရခိုင် အသင်းသည် ရမှတ် ၂၆ မှတ်သာရှိသောကြောင့် ခုနစ်မှတ်ကွာဟနေပြီး ချန်ပီယံမျှော်လင့်ချက်နည်းသွားပြီဖြစ်သည်။ 

 

လက်ရှိအနေအထားအရ ယင်းသုံးသင်း၏ ရမှတ်ကွာဟမှုမှာ သုံးမှတ်သာရှိသောကြောင့် လက်ကျန်ပွဲများမှာ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲအားလုံး အိမ်ကွင်းကစားရမည့် ရှမ်းယူနိုက်တက်အသင်းက ပြိုင်ဘက်အသင်းများထက် အခွင့်အရေးအနည်းငယ်သာနေရာ အသုံးချနိုင်ရန်သာ လိုအပ်နေသည်။ 

 

လက်ကျန်ပွဲအနေအထားအရ ရန်ကုန်အသင်းသည် ပွဲစဉ် (၁၇) တွင် ဒဂုံအသင်းနှင့် အိမ်ကွင်း၊ ပွဲစဉ် (၁၈) တွင် စစ်ကိုင်းအသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၁၉) တွင် Chinland အသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၂၀) တွင် ဧရာဝတီအသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၂၁) တွင် Southern အသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၂၂) တွင် မကွေးအသင်းနှင့် အိမ်ကွင်း ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ ပွဲစဉ် (၁၇) တွင် ဧရာဝတီအသင်း၊ ပွဲစဉ် (၁၈) တွင် Southern အသင်း၊ ပွဲစဉ် (၁၉)တွင် ရတနာပုံအသင်း၊ ပွဲစဉ် (၂၀) တွင် ဇွဲကပင်အသင်း၊ ပွဲစဉ် (၂၁) တွင် မကွေးအသင်း၊ ပွဲစဉ် (၂၂) တွင် ရခိုင်အသင်းနှင့် ပွဲအားလုံးအိမ်ကွင်း ကစားရမည်ဖြစ်သည်။ ဧရာဝတီအသင်းမှာမူ ပွဲစဉ် (၁၇) တွင် ရှမ်းယူနိုက်တက်နှင့် အဝေးကွင်း၊ ပွဲစဉ် (၁၈) တွင် ဇွဲကပင်အသင်းနှင့် အိမ်ကွင်း၊ ပွဲစဉ် ၁၉) တွင် မကွေးအသင်းနှင့် အိမ်ကွင်း၊ ပွဲစဉ် (၂၀) တွင် ရန်ကုန်အသင်းနှင့် အိမ်ကွင်း၊ ပွဲစဉ် (၂၁) တွင် ဟံသာဝတီအသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၂၂) တွင် စစ်ကိုင်းအသင်းနှင့် အိမ်ကွင်း ကစားရမည်ဖြစ်သည်။ လက်ကျန်ပွဲအနေအထားအရ ယင်းသုံးသင်း ထိပ်တိုက်တွေ့ဆုံမည့်ပွဲပါဝင်နေပြီး ယင်းပွဲရလဒ်များမှာ ချန်ပီယံဆုအတွက် အတိုင်းအတာတစ်ခုထိ အရေးပါလာနိုင်သည်။ ရန်ကုန်အသင်းသည် ပွဲစဉ် (၁၈) မှ (၂၁) အထိ အဝေးကွင်းလေးပွဲဆက်တိုက် ကစားရမည်ဖြစ်ပြီး ယင်းပွဲများမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သလို အိမ်ကွင်းပွဲအားလုံး ကစားရမည့် ရှမ်းယူနိုက်တက်အသင်းအတွက်မူ ဧရာဝတီ၊ ရတနာပုံတို့နှင့် ကစားရမည့်ပွဲများမှာ အရေးပါလာနိုင်သလို ယခုတစ်ပတ်ကစားရမည့် ဧရာဝတီနှင့်ပွဲမှာ လွန်စွာအရေးပါနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ရှုံးပွဲမရှိသေးသော တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပြီး ဇူလိုင် ၁၄ ရက်က ကစားသည့် ပွဲစဉ် (၁၆) တွင် ဟံသာဝတီကို နှစ်ဂိုးအရှုံးမှ သုံးဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းမှာမူ ကျန်နှစ်သင်းထက် ပွဲပိုကျပ်နေပြီး ရှမ်း၊ ရန်ကုန်တို့နှင့် ကစားရန်ကျန်သေးသလို ဟံသာဝတီနှင့် အဝေးကွင်းပွဲကလည်း အရေးပါနေသည်။

 

တန်းဆင်းဇုန်နှစ်နေရာအတွက်မူ အသင်းငါးသင်း အပြိုင်ဖြစ်နေပြီး ၁၅ မှတ်စီရထားသည့် မကွေး၊ ဇွဲကပင်နှင့် Southern အသင်း၊ ၁၃ မှတ်ရထားသည့် ဒဂုံနှင့် ၁၂ မှတ်ရထားသည့် Chinland အသင်းတို့ အပြိုင်လုရမည်ဖြစ်သည်။ ယခုရာသီတွင် ချန်ပီယံတိုက်ပွဲအပြင် တန်းဆင်းဇုန်တိုက်ပွဲမှာလည်း ပြင်းထန်နေပြီး နောက်ဆုံးအချိန်ထိ အပြိုင်လုရဖွယ်ရှိနေသည်။ 

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်

 

jrtyh