ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံခဲ့ရသော်လည်း မန်စီးတီးတွင် နည်းပြ ဂွါဒီယိုလာ ဆက်ရှိမည်ဟု ပြောကြား

၁၈  ဖေဖော်ဝါရီ

မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့် နှစ်နှစ်ကြာပိတ်ပင်ခံခဲ့ရသော်လည်း အီတီဟက်ဒ်မှာ ဆက်ရှိနေဖို့ ရည်ရွယ်ထားတယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ယူအီးအက်ဖ်အေက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခွင့် မရရှိခဲ့ပါက မန်စီးတီးအသင်းဟာ အခုဘောလုံးရာသီကုန်ဆုံးပြီးနောက် ၂၀၂၂ ခုနှစ်အထိ ဥရောပပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ မဟုတ်ကြောင်းလည်း သိရပါတယ်။

နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ကစားဖို့ စီစဉ်ထားတဲ့ ပရီမီယာလိဂ် ပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်ပြီးချိန်မှာ မန်စီးတီးအသင်းမှာ ဆက်ရှိရေး သို့မဟုတ် ထွက်ခွာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တို့မှာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားတွေ ရယူနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ အခု မန်စီးတီးအသင်းတို့မှာ နည်းပြအဖြစ် တာဝန်ယူချိန်မှာတော့ ဘာစီလိုနာအသင်းမှာ တာဝန်ယူခဲ့စဉ်က ရရှိခဲ့တဲ့အောင်မြင်မှုတွေကို မရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်