ချန်ပီယံလမ်းကြောင်းအတွက် အဖြေတစ်ခုထုတ်ပေးနိုင်မည့် ရှမ်းနှင့် ဧရာဝတီတွေ့ဆုံနေသည့် MNL ပွဲစဉ် (၁၈)

ရန်ကုန် ၂၂ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၈) ကို စက်တင်ဘာ ၂၃၊ ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလမ်းကြောင်းအတွက် အဖြေတစ်ခုထုတ်ပေးနိုင်မည့် ဇယားထိပ်ဆုံးမှ ဧရာဝတီအသင်းနှင့် တတိယနေရာမှ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက် ရှိသည်။

ပွဲစဉ် (၁၈) အဖြစ် စက်တင်ဘာ ၂၃ ရက်တွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ဟံသာဝတီအသင်း၊ YUSC ကွင်း၌ မကွေးအသင်းနှင့် Southern အသင်း၊ ပဒုမ္မာကွင်း၌ စစ်ကိုင်းအသင်းနှင့် အားကာသိပ္ပံအသင်း၊ စက်တင်ဘာ ၂၄ ရက်တွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လက်ကျန်သုံးပွဲသာ ကစားရန် ကျန်ရှိတော့သောကြောင့် ချန်ပီယံဆုအတွက် ပွဲတိုင်းအရေးကြီးနေပြီး ဧရာဝတီ၊ ဟံသာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပြိုင်ဆိုင်မှုများကို တွေ့မြင်ရမည်ဖြစ်သလို မျှော်လင့်ချက်အနည်းငယ်သာ ကျန်တော့သည့် ရန်ကုန်အသင်းအတွက် နောက်ဆုံးအခွင့်အရေးလည်းဖြစ်နေသည်။ ပွဲစဉ် (၁၇) အပြီးတွင် ဧရာဝတီအသင်းက ၃၉ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဟံသာဝတီအသင်းက ၃၇ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၃၅ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၃၀၊ ရတနာပုံအသင်းက ၁၉ မှတ်၊ ရခိုင်အသင်းက ၁၇ မှတ်၊ စစ်ကိုင်းအသင်းက ၁၃ မှတ်၊ မကွေးအသင်းက ၁၀ မှတ်၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ Southern အသင်းက လေးမှတ်ရရှိထားသည်။ ယခုတစ်ပတ်တွင် ချန်ပီယံမျှော်လင့်ချက်ရှိနေသည့် အသင်းများအနက် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီတို့ ထိပ်တိုက်တွေ့ဆုံနေပြီး လက်ရှိချန်ပီယံရှမ်းယူနိုက်တက် အတွက် ချန်ပီယံဆုကာကွယ်နိုင်ရန် မဖြစ်မနေအနိုင်ကစားရမည့်ပွဲလည်းဖြစ်သည်။ လက်ရှိအနေအထားတွင် လေးမှတ်ကွာဟနေသောကြောင့် ရှမ်းယူနိုက်တက်အသင်း အနိုင်ရပါက တစ်မှတ်သာကွာဟတော့မည်ဖြစ်ပြီး

အရေးနိမ့်ပါက ခုနစ်မှတ်ကွာဟသွားမည်ဖြစ်ရာ ချန်ပီယံမျှော်လင့်ချက်လုံး၀ အဆုံးသတ်သွားမည်ဖြစ်သည်။ သရေကျပါကလည်း လက်ကျန်နှစ်ပွဲအလိုတွင် လေးမှတ်ကွာနေမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အတွက်

အခွင့်အရေးနည်းသွားမည်ဖြစ်ရာ မဖြစ်မနေအနိုင်ကစားရန် လိုအပ်နေသည်။ ဇယားထိပ်ဆုံးမှ နှစ်မှတ်အသာဖြင့် ဦးဆောင်နေသည့် ဧရာဝတီအသင်းအတွက် လက်ကျန်သုံးပွဲစလုံး အဆုံးအဖြတ်ဖြစ်နေပြီး

ဇယားထိပ်ပိုင်းမှ အသင်းများနှင့် ဆက်တိုက်တွေ့ဆုံနေခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်နှင့် ပွဲစဉ် (၁၈) တွင် တွေ့ဆုံပြီးပါက ရန်ကုန်၊ ဟံသာဝတီတို့နှင့် ဆက်တိုက်ကစားရမည်ဖြစ်ရာ အမှားခံလို့မရသည့်အနေအထား ဖြစ်နေသည်။