ရန်ကုန် ၉ စက်တင်ဘာ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) ကို စက်တင်ဘာ ၁၁၊ ၁၂ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ အသင်းများချန်ပီယံမျှော်လင့်ချက်အတွက် အမှတ်ရှာရမည့် ရက်သတ္တပတ်လည်း ဖြစ်သည်။
ယခုတစ်ပတ်ကစားမည့်ပွဲများတွင် ဇယားထိပ်ပိုင်းမှ အသင်းများ ထိပ်တိုက်တွေ့ဆုံခြင်းမရှိဘဲ ဇယားအောက်ပိုင်းမှ အသင်းများနှင့်သာ ကစားရမည်ဖြစ်သောကြောင့် အမှတ်ပြည့်ရှာဖွေရမည့် ပွဲများလည်း ဖြစ်သည်။ ပွဲစဉ် (၁၅) အဖြစ် စက်တင်ဘာ ၁၁ ရက်တွင် သုဝဏ္ဏကွင်း၌ စစ်ကိုင်းအသင်းနှင့်ဟံသာဝတီအသင်း၊ ပဒုမ္မာကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် မကွေးအသင်း၊ YUSC ကွင်း၌ ရတနာပုံအသင်းနှင့် ရခိုင်အသင်း၊ စက်တင်ဘာ ၁၂ ရက်တွင် သုဝဏ္ဏကွင်း၌ ရန်ကုန်အသင်းနှင့် Southern အသင်း၊ YUSC ကွင်း၌ အားကာသိပ္ပံအသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ် (၁၄) အပြီးတွင် ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့ ရမှတ် ၃၀ စီရထားပြီး ဂိုးကွာခြားချက်တွင်လည်း (+၂၀) စီ တူညီနေသော်လည်း ဟံသာဝတီအသင်းက သွင်းဂိုးသာသဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင် လျက်ရှိသည်။ ယင်းနှစ်သင်း၏နောက်တွင် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းက ၂၆ မှတ်စီ၊ ရခိုင်အသင်းက ၁၇ မှတ်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းက၁၀ မှတ်စီ၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ မကွေးအသင်းက ခုနစ်မှတ်၊ Southern အသင်းက လေးမှတ်ရရှိထားသည်။
ပွဲစဉ် (၁၅) အပြီးအနေအထားအရ ချန်ပီယံဆုအတွက် လေးသင်းအပြိုင်ဖြစ်နေပြီး လက်ကျန်ပွဲများမှာ အရေးပါလာမည်ဖြစ်သည်။ ဇယားထိပ်ပိုင်းမှ အသင်းများသည် ပြိုင်ပွဲပြီးဆုံးခါနီးတွင် ထိပ်တိုက်တွေ့ဆုံမှုများ ရှိနေရာ ထိပ်တိုက်မတွေ့ဆုံမီ အမှတ်ပြည့်ရယူထားရမည်ဖြစ်သည်။ အဓိက ကစားသမားသုံးဦး ပွဲပယ်ခံထားရသည့် ဧရာဝတီအသင်းသည် ကစားပုံမာကျောသည့် အားကာသိပ္ပံနှင့်ပွဲတွင် ရုန်းကန်ရနိုင်ပြီး ထိပ်ဆုံးမှ ဟံသာဝတီအသင်းမှာလည်း စစ်ကိုင်းနှင့်ပွဲတွင် နိုင်ပွဲပြန်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ လေးမှတ်အကွာဖြင့် ဖိအားပေးနေသည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲများကိုလည်းစောင့်ကြည့်ရမည်ဖြစ်ပြီး လေးသင်းစလုံး အနိုင်ရခဲ့ပါက လာမည့်ပွဲများမှာ ပိုမိုစိတ်ဝင်စားဖွယ်ရှိလာမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်