ချဉ်ပေါင်မျိုးစေ့ ဈေးကောင်းသောကြောင့် စီးပွားဖြစ်စိုက်ပျိုးမှုများလာ

ကျောက်ပန်းတောင်း ၁ ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လယ်ယာ၊ ကိုင်းကျွန်း စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများ ချဉ်ပေါင်မျိုးစေ့ ဈေးကောင်းလာသည့်အတွက် ချဉ်ပေါင်ပင်/ ချဉ်ပေါင်ရွက် စီးပွားဖြစ်စိုက်ပျိုးမှုများလာကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်းအောင်က ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ပတ်ဝန်းကျင်ကျေးရွာများသည် ချဉ်ပေါင်စိုက်ပျိုးမှုအား ကိုယ့်အိမ်ကို ချက်ပြုတ်စားရန်သာ စိုက်ခင်းထဲ စိုက်ပျိုးသည့် သီးနှံကြားထဲ အနည်းငယ် ရောနှောစိုက်ပျိုးခဲ့ကြောင်း သိရသည်။ ချဉ်ပေါင်ရွက်သည် ကျေးလက်တောရွာများတွင် မပါမရှိ ဟင်းကြမ်းတစ်ခွက်အဖြစ် အမြဲပါလေ့ရှိကာ ချက်ပြုတ်စားသောက်ကြကြောင်း၊ ချဉ်ပေါင်ရွက်အား ကြော်စားခြင်း၊ အရွက်အား အခြောက်လှန်းကာ ငပိနှင့်ကြော်စားခြင်း၊ အလွတ်ကြော်ချက်စားခြင်း၊ ချဉ်ပေါင်နီသီးအား အစိုချက်စားခြင်း၊ အခြောက်လှန်းကာ အခြားအစားအစာနှင့် ရောနှောချက်စားခြင်း၊ ကြော်စားခြင်း၊ ချဉ်ပေါင်သီးအား ထောင်းစားခြင်းများဖြင့် အမျိုးမျိုးပြုလုပ်စားကြကြောင်း၊ ချဉ်ပေါင်နီသီးအား ယိုထိုး၍ပင် ချဉ်ပေါင်ယိုအဖြစ် စီးပွားဖြစ် လုပ်ရောင်းကြကြောင်း သိရသည်။

ချဉ်ပေါင်ရွက်မှာလည်း ဈေးကောင်းသည့် ချဉ်ပေါင်မျိုးဖြစ်သည့် ချဉ်ပေါင်ခါး၊ ချဉ်ပေါင်ဖြူ၊ လက်ချားချဉ်ပေါင်၊ ချဉ်ပေါင်နီ လေးမျိုးစိုက်ပျိုးကြကြောင်း ချဉ်ပေါင်ခါး (ခေါ်) ချဉ်ပေါင်ကောင်း မျိုးစေ့တစ်ပြည်လျှင် ၈၀၀၀ ကျပ် ရောင်းချရပြီး ချဉ်ပေါင်နီမျိုးစေ့ တစ်ပြည်လျှင် ၄၀၀၀ ကျပ်၊ ချဉ်ပေါင်ဖြူမျိုးစေ့ တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှင့် လက်ချားချဉ်ပေါင် တစ်ပြည် ၁၀၀၀၀ ကျပ် ဈေးရောင်းချရကြောင်း၊ ချဉ်ပေါင်ရွက်ပေါ်ချိန် တစ်ပိဿာ ဈေးနှုန်း ၅၀၀ ကျပ်မှ ၁၂၀၀ ကျပ်ထိ ဈေးရှိကြောင်း၊ ချဉ်ပေါင်သီး တစ်ပြည်(အခွံခွာပြီး) ၄၅၀ ကျပ် ရောင်းချရကြောင်း မုန့်ကုန်းကျေးရွာတောင်သူ ဦးနေမျိုးထွန်းမှ ရှင်းပြသည်။

ချဉ်ပေါင်မျိုးစေ့ ဈေးကောင်းလာခြင်းနှင့် ချဉ်ပေါင်ရွက် အရောင်းအဝယ်များလာသောကြောင့် ချဉ်ပေါင်ရွက်အား စီးပွားဖြစ် စိုက်ပျိုးမှုများလာကြောင်း၊ ချဉ်ပေါင်ခင်း သီးသန့်စိုက်ပျိုးမှုများရှိလာကာ ချဉ်ပေါင်ပင်စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပါးခြင်းကြောင့် ချဉ်ပေါင်စိုက်ခင်းများ သီးသန့်စိုက်ကာ အရွက်များခူးရောင်းချခြင်းနှင့် ချဉ်ပေါင်းသီးများ ရင့်မှည့်ချိန် မျိုးစေ့များ ပြန်လည်ရောင်းချရခြင်းများကြောင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ချဉ်ပေါင်အမျိုးမျိုး စိုက်ပျိုးမှုမြင့်တက်လာကြောင်း သိရသည်။

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)