ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် တိုးပွားလာသော မြန်မာ့ရွှေသမင်များအား ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်

စစ်ကိုင်း ၆ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရှိ  သဘာဝပတ်ဝန်းကျင်နှင့်   သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် ကမ္ဘာ့ရှားပါးစာရင်ဝင် မြန်မာ့ရွှေသမင်(Rucervus eldii Thamin) များ မှီခိုနေထိုင်သည့် အင်တိုင်းတောဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ထားခြင်း ဖြစ်သည်။ 

 

 

မြန်မာ့ရွှေသမင်သည် IUCN အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှု အခြေအနေများ စာရင်းတွင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော မျိုးစိတ်တစ်ခုဖြစ်သည်။ သမင်ကောင်ရေ တိုးပွားလာမှု၊ လျော့ကျလာမှုတို့အပေါ် မူတည်၍ စီမံအုပ်ချုပ်မှုနှင့် ထိန်းသိမ်းမှုလုပ်ငန်းများကို လိုအပ်သလို ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ သို့ဖြစ်ရာ သမင်ကောင်ရေ ခန့်မှန်းစာရင်း ကောက်ယူခြင်း လုပ်ငန်းသည် ချပ်သင်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွက် နှစ်စဉ်အလေးထား ဆောင်ရွက်ရသည့် လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်သည်။

 

 

ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း လူ့ပတ်ဝန်းကျင် ပရောဂများကြောင့် မှီခိုတောများ ပျက်စီးယိုယွင်းမှု ရှိ/မရှိကို နှစ်စဉ်အချိန်နှင့် တစ်ပြေးညီ မှတ်တမ်းတင်နိုင်ရန်၊ သမင်တို့၏ မှီခိုတောရွေးချယ် ကျက်စားမှု၊ သမင်တို့၏ အုပ်စုဖွဲ့နေထိုင်မှု၊ သမင်တို့၏ အသက်အပိုင်းအခြားနှင့် လိင်အချိုးအစားကို မှတ်တမ်းတင်နိုင်ရန်၊ ဝန်ထမ်းများအား သမင်စာရင်း ကောက်ယူခြင်း လုပ်ငန်း အတွေ့အကြုံနှင့် ၎င်းတို့၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ လေ့ကျင့်ပညာပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောကြားသည်။

 

 

သမင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အောက်ပေါင်းရှင်းပြီး မြင်ကွင်းကောင်းသည့် မတ်လနှင့် ဧပြီလများတွင် နှစ်စဉ်ဆောင်ရွက်လေ့ရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍ဘဏ္ဍာနှစ်မကုန်မီ မတ်လအတွင်း၌သာ ဆောင်ရွက်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မတ်လ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ဝန်ထမ်း ၂၂ ဦး၊ တောရိုင်းတိရစ္ဆာန် မိတ်ဆွေများအသင်းမှ နှစ်ဦး၊ ဝါသနာရှင် တစ်ဦးတို့ဖြင့် မျက်မြင်ကွင်းဆင်း စာရင်းကောက်ယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ အကျယ်အဝန်းမှာ ၆၄၂၆၄ ဒသမ ၄၂ ဧက(၂၆၀ဒသမ ဝ၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး ရွှေသမင်များ နေထိုင်ကျက်စားမှုအလိုက် ဇုံဧရိယာ သုံးခု သတ်မှတ်ကာစာရင်း ကောက်ယူခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်၌ သမင်စာရင်းကောက်ယူရာတွင် သမင်ကောင်ရေ ၈၈၉ ကောင်ရှိရာ ၂၀၁၇ ခုနှစ်ရှိကောင်ရေ ၇၂၈ ကောင်ထက် ၁၆၁ ကောင်တိုးပွားလာကြောင်း သမင်စာရင်းကောက်ယူမှု မှတ်တမ်းများအရ သိရသည်။

 

သမင်စာရင်းကောက်ယူရာတွင် ဇုန်(၂)နှင့်ဇုန်(၃)တို့၌ သစ်/တိုင် ခုတ်ယူမှုအချို့တွေ့ရှိရပြီး ဇုန်(၁)၊ (၂)၊ (၃)အတွင်း ဘေးမဲ့တောအတွင်းနှင့်အပြင် ပတ်ဝန်းကျင်ကျေးရွာများမှ အိမ်သုံးသစ်၊ တိုင်၊ မျော၊ ထင်း ထုတ်ယူသုံးစွဲမှုများကို ဘေးမဲ့တော ဧရိယာနယ်နိမိတ်အစပ်မှ အတွင်းဧရိယာအချို့ ထိတွေ့ရှိရသည်။ 

 

ဘေးမဲ့တောအတွင်း သုံးရွာဖြစ်သည့်  ဆတ်သွားချောင်း၊ ကျေးအင်းနှင့်ဆင်ဂေါင်းကျေးရွာတို့မှ သစ်တောမြေ ပယ်ဖျက်ပေးပြီးသည့် ဧရိယာထက်ကျော်လွန်တိုးချဲ့၍ စိုက်ပျိုးမြေပြုလုပ်ထားမှုများ တွေ့ရှိရပြီး သစ်တောမြေပယ်ဖျက်ခြင်းတွင် မပါဝင်သည့် ယာမြေများမှာ ဆက်လက်လုပ်ကိုင်ခြင်းကြောင့် တရားစွဲဆိုမှုများ ရှိခဲ့သော်လည်း လုံးဝဖယ်ရှားနိုင်သည်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

ထို့ပြင် အသေးစားသစ်တောထွက်ဖြစ်သည့် မှို၊ အင်ဥ၊ သက်ငယ်၊ အင်တွဲ၊ ပွဲညက်၊ သစ်ခွ၊ မာလာဥ၊ တောထန်းဥ၊ ခပေါင်းစေ့နှင့် သစ်စေးတို့ကို ဘေးမဲ့တောအတွင်း သုံးရွာသာမက ကံကြီး၊ လှည်းပွဲ၊ ပေါက်ဆိန်ကုန်း၊ လယ်ရင်းတဲ အစရှိသော ပတ်ဝန်းကျင်ကျေးရွာများမှပါ ထုတ်ယူသုံးစွဲနေကြပြီး ခပေါင်းသီး စုဆောင်းရန်နှင့် သစ်ခွပင်ခွာယူခြင်းတို့အတွက် သစ်ပင်ခုတ်လှဲမှုရှိနေဆဲဖြစ်ကြောင်း သိရသည်။ 

 

မတ်လနှောင်းပိုင်း သမင်စာရင်းကောက်ယူကာလတွင် ရေအိုင်နှင့်ရေကန်အများစုမှာ ရေခမ်းခြောက်နေပြီး အထူးသဖြင့် ဇုံ(၂)တွင်လူဝင်/ထွက်များခြင်းကြောင့် စာရင်းကောက်ယူကာလအတွင်း သမင်မြင်တွေ့ရမှု မရှိကြောင်းနှင့် ဇုံ(၂)တွင် သဖန်းဆိပ်ဆည် ရေဝပ်ရွှေ့ပြောင်းကျေးရွာများဖြစ်သော ရွာသစ်၊ ပန်းမရဲ၊ သစ်ဆိမ့်ကုန်း၊ ပေတပင်၊အောင်ချမ်းသာကျေးရွာတို့မှ ဘေးမဲ့တောအပေါ် မှီခိုမှုအများဆုံးဖြစ်ကြောင်း သိရသည်။

 

ဇုံ(၃)တွင်ဘေးမဲ့တော အတွင်းမှ ရွာသုံးရွာအပြင် ဇီးကနား၊ ချပ်ကုန်း၊ နှောကုန်း၊ အလယ်ခုံ၊ လွင်ကြီး စသည့်ကျေးရွာများမှလည်း ဘေးမဲ့တောအပေါ်မှီခိုမှုနှင့် သစ်တောထွက်ပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုများရှိပြီး ဘေးမဲ့တော အတွင်းရှိ ရွာသုံးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှာ လူဦးရေနှင့်စိုက်ပျိုးမြေ မမျှတသည့်အလျှောက် ဘေးမဲ့တောအတွင်းမှ တရားမဝင်သစ်ခိုးထုတ်ခြင်း၊ သမင်ပစ်ခတ်ဖမ်းဆီးခြင်း၊ အသေးအဖွဲ သစ်တောထွက်ပစ္စည်းများ ထုတ်ယူခြင်းများလည်း ရှိနေသည်။ ယခုသမင်စာရင်းကောက်ယူကာလသည် ပူပြင်းခြောက်သွေ့သည့်နွေရာသီကာလဖြစ်ရာ မြက်နုပေါက်ရောက်မှုမရှိခြင်း၊ သစ်ရွက်နုများမထွက်သေးခြင်း၊ အစာနှင့်ရေရှားပါးခြင်းတို့ကြောင့် သမင်များသည် ဘေးမဲ့တောနယ်နိမိတ်ပြင်ပ နွေသီးနှံစိုက်ခင်းများရှိရာသို့ ပြောင်းရွှေ့ကျက်စားမှုများရှိကြောင်းနှင့် သင်္ကြန်မိုး၊ မိုးဦးမုတ်သုန်မိုးများ ရွာသွန်းပြီး မြက်နုများ၊ သစ်ရွက်နုများ ထွက်ရှိလာပါက သမင်တို့သည် မိမိတို့၏မူရင်းဒေသ၌သာ ပြန်လည်ကျက်စားလာနိုင်ကြောင်း သမင်စာရင်းကောက်အဖွဲ့ဝင်များထံမှ သိရသည်။

 

နှစ်စဉ်စာရင်းကောက်ယူခဲ့သည့် စာရင်းများအရ ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ သမင်ကောင်ရေသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်များအတွင်း စိုးရိမ်ဖွယ်ရာကျဆင်းနေသည်ကို တွေ့ရပြီး ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်များအတွင်း အသင့်အတင့်မျှ ပြန်လည်တိုးပွားလာသည်ကို တွေ့ရသည်။ ဘေးမဲ့တော စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် အဓိကကျသည့် ကင်းလှည့်ထိန်းသိမ်းရေးလုပ်ငန်း၌ ပုံမှန်ကင်းလှည့်ဝန်ထမ်း ၂၀ ဦးရှိသော်လည်း ဧရိယာအားလုံးကို လက်လှမ်းမီခြင်းမရှိသေးဘဲ ဝန်ထမ်းအင်အားထပ်မံတိုးမြှင့်ပေးပါက ယခုထက်ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သမင်ကောင်ရေ တိုးပွားလာနိုင်ရေး သမင်များအတွက်မိုးရာသီတွင် သင့်တော်သောနေရာများ၌ ဆားကျင်းများ ပြုလုပ်ပေးခြင်း၊ ကွက်လပ်နေရာများတွင် စပါး၊ပြောင်းစသည်တို့ကို ကျဲပက်စိုက်ပျိုးပေးခြင်း၊ ခြောက်သွေ့ရာသီတွင် ချောင်းနှင့်ကန်များ ခြောက်ခမ်းလေ့ရှိရာ သမင်ကောင်ရေ အများအပြားကျက်စားသည့်နေရာများ၌ တစ်ဖက်ပိတ်ဆည်များ ပြုလုပ်ပေးခြင်းတို့ လိုအပ်သည့်အလျောက် ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်အထိ လျာထားရေးဆွဲသော နေရင်းဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်တွင် ထည့်သွင်းထားကြောင်းနှင့် လူအနှောက်အယှက် နည်းပါးစေရန် သမင်မုဆိုးများ၏ ကျော့ကွင်း၊ ထောင်ကွင်းများနှင့် လက်နက်ပုန်းကိုင်ဆောင်မှုများကိုလည်း ဖော်ထုတ်အရေးယူတားဆီးမှုများအပြင် ဒေသခံတို့အား အသိပညာပေး လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

 

ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဧရိယာသည် ၁၀ဝ ဒသမ ၄၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ကန့်ဘလူ၊ကောလင်း၊ ကျွန်းလှမြို့နယ်များအတွင်း၌ စိုက်ပျိုးမြေနှင့် တောပျက်များအလယ်တွင် တစ်ခုတည်းသော သစ်တောဖုံးလွှမ်းမှု ကျန်ရှိသည့် နေရာဖြစ်သည်။ ယင်းဧရိယာအတွင်းမှ သစ်တောသယံဇာတများကို ကာကွယ်ထိန်းသိမ်းရာတွင် ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဝန်ထမ်းများသာမက ပတ်ဝန်းကျင်မြို့နယ် သုံးမြို့နယ်ရှိ သစ်တောဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ပူးပေါင်းပါဝင်ကူညီမှုများ လိုအပ်ကြောင်း သိရသည်။

 

သမင်စာရင်း ကောက်ယူရာတွင် တွေရှိရသော အချက်အလက်များအရ ဇုန်သုံးခုလုံးတွင် တရားမဝင်သစ်ခုတ်မှုများ၊ အသေးအဖွဲ့ သစ်တောထွက် ပစ္စည်းများဝင်ရောက် ရှာဖွေထုတ်လုပ်မှုများရှိနေရာ ဒေသခံတို့အား အခြားအလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ဖန်တီးပေးခြင်း၊ ပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ သစ်တောဥပဒေ၊ နည်းဥပဒေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများကိုလည်း  ဒေသခံများသိရှိစေရန်နှင့် ပြစ်မှုကျူးလွန်ခြင်း မရှိစေရေး ထိန်းသိမ်းရေးလုပ်ငနး်များတွင် ပူးပေါင်းပါဝင်လာကြစေရေးတို့အတွက် စည်းရုံးတိုးချဲ့ပညာပေးသင့်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)