ခရေပင်လမ်းခွဲ လူကူးဂုံးကျော်တံတားပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား

မင်္ဂလာဒုံ ၅  ဩဂုတ် 


ရန်ကုန်မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရပ်ကွက်၊ ပြည်လမ်း၊ ခရေပင်လမ်းခွဲ မှတ်တိုင်အနီးရှိ လူကူးဂုံးကျော်တံတားပေါ်မှ ယနေ့နံနက်(၁၀)နာရီခွဲအချိန်တွင် အသက်(၅၅)နှစ်ခန့် အမျိုးသားလူတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ  ဩဂုတ် ၅ ရက်နေ့က မင်္ဂလာဒုံမြို့မရဲစခန်းတွင် တာဝန်မှူးအဖြစ် ဒုရဲအုပ် အေးမွန်မွန်နိုင် တာဝန်ထမ်းဆောင်နေစဉ် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရပ်ကွက် ပြည်လမ်း ခရေပင်လမ်းခွဲမှတ်တိုင်အနီးရှိ လူကူးဂုံးကျော်တံတားပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံးနေကြောင်း ဦးမြင့်နိုင် အသက်(၅၀)နှစ်၊ အဘဦးဝဏ္ဏ၊ မှတ်ပုံတင်အမှတ် ၁၄/ဟသတ(နိုင်)ဝ၉၂၃၃၀၂ ၊ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၊ အမှတ်(၁၄၈)၊ မြသီတာရပ်ကွက်၊ ဘိုခြံ၊ မြသီတာ(၄)လမ်း၊ မင်္ဂလာဒုံမြို့နယ်နေထိုင်သူက မင်္ဂလာဒုံမြို့မ ရဲစခန်းသို့လာရောက် သတင်းပို့ချက်အရ မင်္ဂလာဒုံမြို့မ ရဲစခန်းမှူးဒုရဲမှူးဆန်းဌေး၊ ရဲတပ်သား အောင်ကိုဦး၊ မင်္ဂလာဒုံဈေးရပ်ကွက် ရာအိမ်မှူးဦးမြင့်အောင်၊ ရာအိမ်မှူးဦးအောင်မြင့်ဦးတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ 


စစ်ဆေးရာတွင် သေဆုံးသူမှာ အမည်မသိ၊ အသက် (၅၅)နှစ်ခန့်ရှိ ဗမာအမျိုးသားတစ်ဦးဖြစ်ပြီး မျက်မြင်သက်သေ ဦးမြင့်နိုင်အားမေးမြန်းခဲ့ရာ ထိုအမည်မသိ အမျိုးသားမှာ ခရေပင်လမ်းခွဲထိပ် အမြင့်(၂၀)ပေကျော်ခန့်ရှိ လူကူးဂုံးတံတားသံပန်းလက်တန်းပေါ်မှ ခုန်ချလိုက်သည်ကို တွေ့ရှိခဲ့ကြောင်း  ထို့အတွက် ၎င်းလည်းသွားကြည့်ရာ ဦးခေါင်းတွင် သွေးထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည့်အတွက် ရဲစခန်းသို့လာရောက်သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် သေဆုံးသူ၏ခန္ဓာကိုယ်အား အသေးစိတ်စစ်ဆေးကြည့်ရှုခဲ့ရာ ဦးခေါင်းညာဘက်ပေါက်ပြဲ ဒဏ်ရာ၊ ညာဘက်တံတောင်ပွန်းပဲ့ဒဏ်ရာသာ တွေ့ရှိသည်။


သို့ဖြစ်ပါ၍  အင်းစိန်ဆေးရုံကြီးသို့ပို့အပ်ခဲ့ရာ ဆေးရုံကြီးမှ လက်ခံစစ်ဆေးလျက်ရှိပြီး သေဆုံးသူနှင့်ပတ်သက်၍  သေမှုသေခင်းရေးဖွင့်ပေးပါရန် တိုင်တန်းထားကြောင်း သိရှိရသည်။ 


မြတ်သူဇာ (မင်္ဂလာဒုံ-ပြန်/ဆက်)