ခရီးသွားဧည့်သည်များ ပိုမိုလက်ခံနိုင်ရေးနှင့် အဆင့်မြင့်မြင့်တည်းခိုနိုင်ရေး ငွေဆောင်နှင့် ချောင်းသာကမ်းခြေ အပန်းဖြေစခန်းများ ပြုပြင်

ဖျာပုံ  ၂၇ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်အပန်းဖြေစခန်းသို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်က ၁၁၈၃၇၀ ဦး၊ ၂၀၁၇ ခုနှစ်က ၁၄၂၆၇၆ ဦးနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ၁၀၆၅၅ ဦး ဝင်ရောက်ခဲ့၍ အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး(ငွေဆောင်)ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နိုင်ငံတော်အတွင်းရှိ ကမ်းခြေအပန်းဖြေစခန်းများအနက် ငွေဆောင်နှင့်ချောင်းသာကမ်းခြေ အပန်းဖြေစခန်း များဆီသို့ ပြည်တွင်းပြည်ပခရီးသွားများ တစ်နှစ်ထက်တစ်နှစ် များပြားတိုးတက်လျက်ရှိရာ အဆင့်မြင့်စွာ တည်းခိုအပန်းဖြေနိုင်ရန် လိုအပ်နေပြီဖြစ်သည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ ၂၀၁၅ ခုနှစ်က ကမ်းခြေဟိုတယ်များ တည်ဆောက်ရာတွင် ၁၀ မီတာ အမြင့်ဖြင့် နှစ်ထပ်သာ ဆောက်လုပ်ခွင့်ပြုထားခဲ့ပြီး ယခုအခါ နိုင်ငံတကာ အဆင့်မီစေရန်နှင့် ခရီးသွား များပိုမိုတည်းခိုနိုင်ရေး၊ ဟိုတယ်တည်းခိုခများ တည်ငြိမ်စေရေးတို့အတွက် ၁၀ မီတာအမြင့်ဖြင့်ပင် သုံးထပ် အဆောက်အဦးများ ဆောက်လုပ်ခွင့်ပြုထားကြောင်းသိရသည်။ ထို့အပြင် လက်ရှိနှစ်ထပ်အဆောက်အဦများကိုလည်း အဆင်မြင့်ပြန်လည်ပြုပြင်လျက်ရှိနေကြကြောင်း လေ့လာသိရှိရသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၁ လုံး၊ ချောင်းသာကမ်းခြေတွင် ဟိုတယ် ၂၉ လုံးနှင့် ငပလီကမ်းခြေတွင် ဟိုတယ် အလုံး ၄၀ ရှိပြီး ယခင်နှစ် အတွေ့အကြုံများအရ ခရီးသွားဝင်ရောက်မှုများပြားလျက်ရှိသည့် ငွေဆောင်ကမ်းခြေတွင် အဆင့်မြင့််ဟိုတယ် အသစ်ငါးလုံးတည်ဆောက်လျက်ရှိနေကြောင်း သိရသည်။

 

ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် နေ့ညအချိန်မရွေးသွားရေးလွယ်ပြီး ပြန်ရေးမခက်သည့်အပြင် ငွေကြေးအကုန်အကျလည်း သက်သာသည့် ငွေဆောင်နှင့်ချောင်းသာကမ်းခြေအပန်းဖြေစခန်းများဆီသို့ လာရောက်လည်ပတ်အပန်းဖြေသူများ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာသည့်အတွက လာမည့်ပွင့်လင်း ရာသီတွင် အပန်းဖြေသူများ ပိုမိုအဆင်ပြေစွာ အပန်းဖြေတည်းခိုနိုင်ရေး ရည်ရွယ်ကာ ခရီးသွားလာရောက်မှုနည်းပါးသည့် မိုးတွင်းကာလတွင် အချို့ဟိုတယ်များ ယာယီပိတ်ထားပြီး အဆင့်မြင်ပြုပြင်မှုများပြုပြင်ခြင်း၊ သဘာဝလေကောင်းလေသန့်များရရှိရေး၊ ကမ်းခြေနှင့်ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့အပြင် အခြားလို အပ်သည့်ဖြည့်စွက်ပြင်ဆင်မှုများကို အောက်တိုဘာလဆန်းတွင် အပြီးဆောင်ရွက်လျက်ရှိနေကြကြောင်း သိရသည်။

 

 အောင်ဝင်း(ဖျာပုံ)