ခရီးသွားဧည့်သည်များနှင့်အမြဲစည်ကားနေသည့် ညောင်ဦးရှိ ပလင်းကမ်းသာယာဆင်စခန်း

ညောင်ဦး  ၂၅ ဇူလိုင်  

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုလင်းကျေးရွာအနီးရှိ ပလင်းကမ်းသာယာ ဆင်စခန်းသည် ပြည်တွင်းပြည်ပ ခရီးသွားများဖြင့် အမြဲစည်ကားလျက်ရှိသည်။အဆိုပါ ဆင်စခန်းသည် ညောင်ဦးမြို့မှ ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းမကြီးအထွက် (၅)မိုင်ခန့်အကွာတွင် တည်ရှိပြီး ဧရာဝတီမြစ်ကမ်းဘက်သို့ (၂)ဖာလုံခန့်သာ သွားရသည်။ ဆင်စခန်းတွင် ဆင်ခြောက်ကောင်ရှိပြီး နောက်ထပ် ဆင်မတစ်ကောင် ရောက်ရှိမည်ဖြစ်ကာ ဆင်များ အကြောင်း သိကောင်းစရာများအား ဗီနိုင်းဖြင့် ရေးသားချိန်ဆွဲထားသည်။ 

 

 

ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော အဆိုပါဆင်စခန်းသည် မြစ်ရေတက်ချိန် ဝါဆို၊ ဝါခေါင်လများ တွင် နေပီယာမြက်စိုက်ခင်းအထိ မြစ်ရေတက်ကာ ဆင်စခန်း၏ သာယာလှပမှု ပိုမိုပေါ်လွင်နေသည်။ ဆင် စခန်းအတွင်း ခရီးသွားများ အေးချမ်းစွာ နားနေနိုင်စေရန် ခြေတံရှည် ထန်းရွက်မိုးတဲများ စီစဉ်ပေးထားကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် ဆင်စခန်းဝင်းအတွင်းရှိ သစ်ပင်များပေါ်မှ ပုဂံဒေသထွက် ရုပ်သေးရုပ်များ၊ ဝန်ကြီးမှူးမတ်ရုပ်များ၊ ဆင်ရုပ်များ၊ ဇော်ဂျီရုပ်များ ချိတ်ဆွဲပေးထားသည်။

 

 

ပုဂံ-ညောင်ဦးဒေသသို့ လာရောက်ကြသည့်  ခရီးသွားများ၊ ဘုရားဖူးများ၊ လေ့လာရေးလာရောက်ကြ သည့် ကျောင်းသား/သူများအတွက် ဆင်စခန်းသာယာလှပစေရန် အထူးအစီအစဉ် အနေဖြင့် ကြိုက်နှစ်သက်ရာ သစ်ပင်၊ ဝါးပင်များ စိုက်ပျိုးနိုင်ရန် စီစဉ်ပေးထားကာ သစ်ပင်စိုက်သူအမည် ကမ္ဗည်းရေးထိုး ပေးထားပြီး စိုက်ပျိုးထားသည့် သစ်ပင်၊ ဝါးပင်များ ကြီးသည်အထိ တာဝန်ယူ စောင့်ရှောက် ထိန်းသိမ်းပေးနေကြောင်း သိရသည်။ 

 

ဆင်စခန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း အနေဖြင့် ဆင်များအား စနစ်တကျ ထိမ်းသိန်းစောင့်ရှောက်လျက်ရှိသည်ကို အများပြည်သူနှင့် ကမ္ဘာတစ်လွှားမှ လက်တွေ့သိမြင်လာပြီး ပူးပေါင်းပါဝင်လာစေရန်၊ ဆင်အခြေပြု ခရီးသွားလုပ်ငန်းကို အမှီပြု၍ အနီး ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ဆင်များနှင့် အနီးကပ် ထိတွေ့ခွင့် ရရှိခြင်းဖြင့် ဆင်များနှင့် ပတ်သက်သော ဗဟုသုတများရရှိစေပြီး ဆင်များကို ချစ်ခင်မြတ်နိုးစေရန်၊ ပြည်တွင်းပြည်ပ ခရီးသွားများ အပန်းဖြေနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက ရှင်းပြသည်။

 

 

ဆင်စခန်းဝင်းအတွင်း ဆင်နှင့်ပတ်သက်သော ဗဟုသုတများ လေ့လာနိုင်ခြင်း၊ ဆင်များကို ကိုယ်တိုင် အနီးကပ်ထိတွေ့ ကြည့်ရှုနိုင်ခြင်း၊ ဆင်များအား ကိုယ်တိုင်အစာကျွေးနိုင်ခြင်း၊ ဆင်များနှင့်အတူ ဓာတ်ပုံ/ ဗွီဒီယို(အခမဲ့) ရိုက်ကူးနိုင်ခြင်း၊ ဆင်များကို ကိုယ်တိုင်ပွတ်တိုက် ရေချိုးပေးနိုင်ခြင်း၊ ဆင်ဝန်ထမ်းများ၏ လူနေမှုဘဝအား လေ့လာနိုင်ခြင်း၊ ဆင်စီး၍ ဧရာဝတီမြစ် အလှနှင့် ညနေရှုခင်းကို ကြည့်ရှုနိုင်ခြင်းနှင့် မော်တော်စီးကာ ဧရာဝတီဆည်းဆာ အလှအပကို ကြည့်ရှုခစားနိုင်အောင် စီစဉ်ပေးထားကြောင်း လက် ထောက်မန်နေဂျာ ဦးမျိုးမင်းက ပြောသည်။

 

ကိုထိန်၊ငါ့သရောက်