ခရီးသွားကဏ္ဍ စိန်ခေါ်မှုများစွာရှိသော်လည်း ကြံ့ကြံ့ခံကာ အနာဂတ် ခရီးသွားကဏ္ဍအတွက် ပြင်ဆင်ရှေ့ဆက်မည်

ခင်ရတနာ၊ ဓာတ်ပုံ - မေဦးမိုး

အစိုးရသစ်၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ စိန်ခေါ်မှုပေါင်းများစွာကို ကြံ့ကြံ့ခံကာ ရင်ဆိုင် ကျော်လွှားရင်း နိုင်ငံ၏အနာဂတ် သာယာလှပရေး၊ ပြည်ထောင်စုသားအားလုံးတို့ မျှော်လင့် တောင့်တလျက်ရှိသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် ကြိုးစားတည်ဆောက် နေချိန်လည်း ဖြစ်ပါသည်။

စတုတ္ထ (၁) နှစ်တာအတွင်း နိုင်ငံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးရင်း နိုင်ငံ့ ပုံရိပ်များကို ကမ္ဘာ့အလယ်တွင် အကောင်းဆုံးပုံဖော်ပြသနိုင်ရန် ကြိုးပမ်းကြ သည့်ဌာနများအနက် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနလည်း တစ်ခု အပါအဝင် ဖြစ်သည်။

ထို့ကြောင့် စတုတ္ထ (၁) နှစ်တာအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို သိရှိနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် အပါအဝင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူ ပညာရှင်များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်-

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်

မေး ။ ။ စတုတ္ထ (၁) နှစ်တာအတွင်း ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍရဲ့ လုပ်ငန်း အခြေအနေကို ရှင်းပြပေးပါဦးရှင့်။

ဖြေ ။ ။ မြန်မာနိုင်ငံကို ပြည်ပခရီးသည်ဝင်ရောက်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်း အသီးသီး တိုးတက်ဝင်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းဟာ တစ်နှစ်ထက် တစ်နှစ် ခရီးသည်တွေ တိုးတက်ဝင်ရောက် လာတာကို တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအခြေအနေကို ကုလသမဂ္ဂ ရဲ့ ခရီးသွားအဖွဲ့ချုပ်ဖြစ်တဲ့ UNWTO ရဲ့ စာရင်းအင်းများအရ ဖြေကြားပေးလိုပါတယ်။ ခရီးသွားလုပ်ငန်း အမြန်ဆုံး ဖွံ့ဖြိုးတိုးတက် လာတဲ့ နိုင်ငံ ၂၀ စာရင်းမှာ မြန်မာနိုင်ငံ က ထိပ်ဆုံးကပါဝင်ကြောင်း ဗြိတိန်နိုင်ငံ Independent သတင်းစာနဲ့ အမေရိကန် နိုင်ငံ Forbes စီးပွားရေးမဂ္ဂဇင်းတို့က ဖော်ပြ ခဲ့တာကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းက တိုးတက်နေတယ်ဆိုတာ သိသာထင်ရှား ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေအကြောင်းကို ပြောပြပေးပါဦး။

ဖြေ ။ ။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းလိုင်စင်ဆိုင်ရာ အမိန့် တွေကို ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်မှာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ လုပ်ငန်းခွင့်ပြုမိန့် နဲ့ လုပ်ငန်းလိုင်စင်ကိစ္စရပ်တွေ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွေ ထံ လုပ်ပိုင်ခွင့်တွေကို ၂၀၁၉ ခုနှစ် ဖေဖော် ဝါရီလ ၁၃ ရက်မှာ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေနဲ့အညီ လွှဲပြောင်းပေးခဲ့ ပါတယ်။ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေရဲ့ အနှစ်သာရဟာ Decentralization ဖြစ် ပါတယ်။ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ကို ရှေးရှုပြီး ပြည်ထောင်စုဝန်ကြီးဌာနရဲ့ ခရီးသွား လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွေကို လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ကော်မတီ အဖွဲ့ဝင် ၃၉ ဦးမှာ ပုဂ္ဂလိကခရီးသွား လုပ်ငန်း တတ်သိပညာရှင် သုံးဦးနဲ့ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းကိုယ်စားလှယ် သုံးဦး ပါဝင်ဖွဲ့စည်းထားပါတယ်။ ခရီးသွားလုပ်ငန်း ကော်မတီကို ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်မှာ ကော်မတီအဖွဲ့ဝင် ၃၂ ဦးပါ၀င်တဲ့ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း တတ်သိပညာရှင် ငါးဦးနဲ့ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ် ၁၀ ဦး ပါဝင်ဖွဲ့စည်းထားပါတယ်။

ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁၅ ခုမှာ ခရီးသွားလုပ်ငန်း တတ်သိပညာရှင် တစ်ဦးနဲ့ ပုဂ္ဂလိက ခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ် သုံးဦးစီ ပါဝင်ဖွဲ့စည်းထား ပါတယ်။ ဒီလို စနစ်တကျ ပါ၀င်ဖွဲ့စည်းနိုင် ခဲ့ခြင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်တွေ စိစစ်ထုတ်ပေးတဲ့ နေရာမှာ ခရီးသွားလုပ်ငန်း က ကိုယ်စားလှယ်တွေကို ခရီးသွားလုပ်ငန်း ဥပဒေနဲ့အညီ ပါဝင်ဆောင်ရွက်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ ဒီလို ပါဝင်ဆောင်ရွက် ခွင့်ပြုထား ခြင်းဖြင့် လုပ်ငန်းလုပ်ကိုင်ရာမှာ လျင်မြန်ပြီး အကျိုးသက်ရောက်မှု များစွာရရှိတယ်ဆိုတာ ကို တွေ့ရှိရပါတယ်။

မေး ။ ။ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းရဲ့ တိုးတက်မှုတွေကို ပြောပြ ပေးပါဦးရှင့်။

ဖြေ ။ ။ ဒေသခံပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမယ့် ရပ်ရွာ လူထုအခြေပြု ခရီးသွား လုပ်ငန်း (Community Base Tourism) ကို ၂၀၁၅ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအချိန်မှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ကျေးရွာပေါင်း ၄၂ ရွာ CBT Site ၁၉ ခုကို ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါတယ်။

နောက်ထပ် ကျေးရွာပေါင်း ၁၀ ရွာပါဝင်တဲ့ CBT Site ခုနစ်ခုကို ဆက်လက်ဖော်ထုတ် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လူထု အခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်ရာမှာ နိုင်ငံတစ်ဝန်း နိုင်ငံတကာအဆင့်မီစေဖို့အတွက် လုပ်ဆောင်ရမယ့် စံချိန်စံညွှန်းတွေ အသေး စိတ်ပါဝင်တဲ့ မြန်မာလူထုအခြေပြု ခရီးသွား လုပ်ငန်းစံသတ်မှတ်ချက်များ (Myanmar Community Based Tourism Standards) ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့မှာ စတင်အသုံးပြုဖို့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ စာရင်းဇယားတွေအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေရှိရာကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၅၀၀၀၀ နီးပါး လာရောက်လည်ပတ်ခဲ့ပါတယ်။

မေး ။ ။ ခရီးသွားလုပ်ငန်း မြှင့်တင်ရာမှာ အရေးကြီးတဲ့ အခြားလုပ်ဆောင် ချက်တွေကို ပြောပြပေးပါဦးရှင့်။

ဖြေ ။ ။ ၂၀၁၈ ခုနှစ်အတွင်းမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ မကာအို နိုင်ငံတွေကို Visa Exemption တစ်နှစ် ခွင့်ပြု ပေးဖို့နဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို Visa On Arrival (Tourist) တစ်နှစ် ခွင့်ပြုပေးဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုနောက်ထပ် တစ်နှစ်စီ ထပ်မံတိုးမြှင့်ပေးဖို့ ဆောင်ရွက်နိုင် ခဲ့သလို ၂၀၁၉ ခုနှစ်မှာ အီတလီ၊ စပိန်၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနဲ့ ရုရှား ခြောက်နိုင်ငံကို Visa On Arrival (Tourist) တစ်နှစ်ခွင့်ပြုပေးဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။

နှစ်အလိုက် တိုးတက်

၂၀၂၀ ပြည့်နှစ်မှာ ဟန်ဂေရီ၊ ချက်သမ္မတ နိုင်ငံ၊ ဩစတြီးယား၊ လူဇင်ဘတ်နဲ့ နယူးဇီလန် နိုင်ငံတွေကို Visa On Arrival (Tourist) သုံးနှစ်ခွင့်ပြုပေးဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ ဗီဇာ ဖြေလျှော့ဆောင်ရွက်ပေးမှုတွေကြောင့် အဲဒီနိုင်ငံတွေကနေ ရောက်ရှိလာတဲ့ ခရီးသည် ၀င်ရောက်မှုတွေဟာ နှစ်အလိုက် တိုးတက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံက ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်က ၁၈၀၀၀၀ ကျော်ကနေ ၂၀၁၉ ခုနှစ်မှာ ၇၅၀၀၀၀ နီးပါး တိုးတက်လာခဲ့ ပါတယ်။ ဂျပန်နိုင်ငံက ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်မှာ ၁၀၀၇၀၀ ကျော်ကနေ ၂၀၁၉ ခုနှစ်မှာ ၁၃၀၀၀၀ နီးပါး တိုးတက်လာခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ခရီးသွားဝင်ရောက် မှုမှာ ၂၀၁၆ ခုနှစ်မှာ ၆၅၀၀၀ နီးပါးကနေ ၂၀၁၉ ခုနှစ်မှာ ၁၂၀၀၀၀ နီးပါးတိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်မှာ ၃၈၀၀၀ ကျော်ကနေ ၂၀၁၉ ခုနှစ် မှာ ၄၉၀၀၀ နီးပါး တိုးတက်လာခဲ့ပါတယ်။ ဟောင်ကောင်က ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်မှာ ၁၀၀၀ ကျော်ကနေ ၂၀၁၉ ခုနှစ်မှာ ၃၀၀၀၀ ကျော် တိုးတက်လာခဲ့ပါတယ်။ မကာအိုနိုင်ငံက ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်မှာ ၉၂ ဦးကနေ ၂၀၁၉ ခုနှစ်မှာ ၃၀၀၀ ကျော် တိုးတက်လာခဲ့ပါတယ်။

မေး ။ ။ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဖြေလျှော့ပေးထားတဲ့ ခရီးစဉ်တွေရော ရှိပါသလားရှင့်။

ဖြေ ။ ။ ပြည်တွင်း ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးဖို့အတွက် ကန့်သတ် တားမြစ်ထားတဲ့ ခရီးစဉ်ဒေသတွေကို ဖြေလျှော့ပေးဖို့ ဆောင်ရွက်ခဲ့တာတွေ ရှိပါ တယ်။ ၂၀၁၇ ခုနှစ်မှာ တောင်ကြီး - ကျိုင်းတုံ- တာချီလိတ် လမ်းကြောင်းအတိုင်း Permission Tour တွေ သွားရောက်ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရှမ်းပြည်နယ်ရှိ တာချီလိတ် - ရွှေတြိဂံ - ဝမ်ပုံဆိပ်ကမ်း - မိုင်းဖုန်း ဆရာတော်ကျောင်း ခရီးစဉ်၊ တာချီလိတ် - တာလေ - ပါလျှို - ကျိုင်းလပ်ခရီးစဉ်နဲ့ မဲခေါင်မြစ်ကြောင်း တစ်လျှောက် ခရီးစဉ်တွေ၊ သီပေါမြို့ပေါ် လည်ပတ်နိုင်ရေးအတွက် လားရှိုးလေဆိပ် ကနေ လားရှိုး-သီပေါ ပြည်ထောင်စု ကား လမ်းမကြီး အသုံးပြုနိုင်ရေးတို့ကို ခွင့်ပြုပေးခဲ့ ပါတယ်။

နောက်ထပ် မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်း တောင်ကြီးကျေးရွာအနီး ကေလာသ တောင်၊ မဲလံကျေးရွာအနီး ကျောက်ပိဘုရားနဲ့ ကျောက်တံခါးစေတီ၊ သထုံမြို့နယ်အတွင်း နန်းခဲရပ်ကွက်မှာရှိတဲ့ မြသပိတ်စေတီ၊ သံဖြူ ဇရပ်မြို့နယ်က ဝဲကလိရေပူစမ်း၊ ပငဆားကွင်း၊ သေမင်းတမန်ရထားပြတိုက်၊ မဟာမိတ်စစ် သင်္ချိုင်း၊ ကျိုက္ခမီရေလယ်ဘုရားနဲ့ စက်စဲ ကမ်းခြေ လည်ပတ်နိုင်ရေးကို ခွင့်ပြုပေးခဲ့ ပါတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုနဲ့ မန္တလေး - မတ္တရာ - သပိတ်ကျင်း- မိုးကုတ် ကားလမ်းကို အသုံးပြုပြီး မိုးကုတ်မြို့ ပေါ်ကို လည်ပတ်ခွင့်ရရှိရေးကို ခွင့်ပြုပေးနိုင် ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ အရင်က ကန့်သတ်နယ်မြေ ဖြစ်ခဲ့တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာနဲ့ ဖရူဆိုမြို့နယ် ထေခို ကျေးရွာတွေကို နိုင်ငံခြားခရီးသွားတွေ လာရောက် လည်ပတ်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မေး ။ ။ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လူ့စွမ်းအား အရင်းအမြစ်တွေရဲ့ အရေးပါမှုကို သိပါရစေရှင့်။

ဖြေ ။ ။ နိုင်ငံက ဘယ်လောက် သာယာလှပပါစေပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်း တွေ၊ နေရာဒေသ အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ စွမ်းအားအရင်းအမြစ်တွေ ပြည့်ဝဖို့လိုပါတယ်။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သက်ဆိုင်တဲ့ သင်တန်း အသီးသီးကို တက်ရောက်သင်ကြားပြီး ကိုယ်တိုင်ပါဝင်ကာ အပြုံးပန်းတွေ ဝေဝေ ဆာဆာနဲ့ ဧည့်သည်ကို လက်ခံတတ်ဖို့ လိုအပ် ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဆိုင်ရာ သင်တန်းအမျိုးအစား ရှစ်မျိုးကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ သင်တန်းပေါင်း ၂၁၆ ကြိမ်နဲ့ သင်တန်းသား ၁၉၇၀၂ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ ပါတယ်။ သင်ကြားပေးတဲ့နေရာမှာ ဧည့်သည် လမ်းညွှန်သင်တန်းအဆင့်ဆင့်၊ ဟိုတယ် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးနဲ့ ဘာသာစကားဆိုင်ရာ သင်တန်းတွေနဲ့ ကမ္ဘာ လှည့်ခရီးသွားရဲတပ်ဖွဲ့ဆိုင်ရာသင်တန်းတွေကို ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အရည်အသွေး၊ အဆင့်အတန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာ စေရန် ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်းတိုးတက် ရေးဗဟိုဌာန Center for Tourism Develop-ment –CTD သင်တန်းကျောင်းကို ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ် ၄၀/၄၂ ဗိုလ်ဆွန်ပက်လမ်းမှာ ဖွင့်လှစ်ထားပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာတွေကို စာတွေ့ လက်တွေ့သင်ကြားခြင်းနဲ့ မုန့်အမျိုးမျိုး ထုတ်လုပ်မှု သင်တန်းတွေကို သင်ကြားပေး နေပါတယ်။

မေး ။ ။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဟိုတယ်အရေ အတွက် တိုးတက်လာမှုနဲ့ ဧည့်လမ်းညွှန် အရေအတွက်တို့ကို သိလိုပါတယ်ရှင့်။

ဖြေ ။ ။ ၀န်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၁၆ ခုနှစ်မှာ ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း ၁၄၃၂ လုံးနဲ့ အခန်းအရေ အတွက် ၅၆၀၀၀ ကျော်ရှိခဲ့ရာကနေ ၂၀၁၉ ခုနှစ်မှာ ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း ၁၉၈၄ လုံးနဲ့ အခန်းအရေအတွက် ၈၀၀၀၀ နီးပါး အထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ခရီးလှည့်လည်ရေးလုပ်ငန်း ၂၄၅၃ ခုကနေ ၂၀၁၉ ခုနှစ်မှာ ၃၁၈၈ ခုအထိ တိုးတက်ခဲ့ ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လိုင်စင်ရဧည့်လမ်းညွှန် ၇၀၀၀ နီးပါးကနေ ၂၀၁၉ ခုနှစ်မှာ ၉၀၀၀ ကျော်အထိ တိုးတက်ခဲ့ပါတယ်။

မေး ။ ။ ခရီးသည် ပိုမိုဝင်ရောက်လာဖို့အတွက် ဝန်ကြီးဌာနကနေ ဦးဆောင် ပြီး Digital Marketing စနစ်ကို ကူးပြောင်း နေတဲ့ အကြောင်းအရာတွေကို သိပါရစေရှင့်။

ဖြေ။ ။ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေအကြောင်းနဲ့ လုံခြုံစိတ်ချစွာ လည် ပတ်နိုင်တယ်ဆိုတာကို ကမ္ဘာအနှံ့ကနေ အချိန်တိုတိုအတွင်း သိရှိပြီး လာရောက် လည်ပတ်ကြဖို့ Digital Marketing စနစ်နဲ့ မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။ www.tourism.gov.mm ၀က်ဘ်ဆိုက်ကို ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်ကနေ စတင်ပြီး မြန်မာ၊ အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနဲ့ အီတလီ ဘာသာစကား ပေါင်း ၁၁ မျိုးနဲ့ လွှင့်တင်ပြီး Digital Marke-ting လုပ်ငန်းတွေကို စတင်ဆောင်ရွက် ခဲ့ပါတယ်။ ပြည်တွင်းပြည်ပကနေ အွန်လိုင်း က ဝင်ရောက်ကြည့်ရှုတဲ့ အရေအတွက် သိသိသာသာ တိုးတက်လာနေပြီး ယခုအချိန် မှာ နိုင်ငံပေါင်း ၁၉၈ နိုင်ငံက ဝင်ရောက်ကြည့်ရှု တဲ့သူ ၂၃၆၈၇၅ ဦးရှိပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍမှာ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ ပုဂ္ဂလိကလုပ်ငန်း တွေနဲ့ ခရီးသွားဧည့်သည်တွေ အချင်းချင်း ချိတ်ဆက်နိုင်စေဖို့အတွက် Tourism Web Portal ဖြစ်တဲ့ https://tourisminmyanmar.com.mm ကို လွှင့်တင်ထားပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနဲ့ အီတလီ ဘာသာစကားတွေနဲ့ လွှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ Tourism Web Portal ကို နိုင်ငံပေါင်း ၁၇၃ နိုင်ငံကနေ လာရောက်ကြည့်ရှုသူ ၁၀၄၂၈၁ ဦးရှိခဲ့ပြီး ဖြစ်ပါတယ်။

အွန်လိုင်းအသုံးပြု၍ ခရီးသည်တွေကို ဆွဲဆောင်

Facebook, Twitter, Instagram, Pinterest, YouTube နဲ့ LinkedIn စတဲ့ Social Media Channel တွေမှာ မြန်မာနိုင်ငံ ခရီးစဉ်ဒေသတွေနဲ့ ဆွဲဆောင်မှုတွေအကြောင်း ကို အင်္ဂလိပ်ဘာသာနဲ့ နေ့စဉ်လွှင့်တင်ဖော်ပြပေးနေပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလကနေ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ Post ပေါင်း ၂၉၂၁ ပုဒ် လွှင့်တင်ထားပြီး အွန်လိုင်းအသုံးပြု ကြည့်ရှုသူ ၂ ဒသမ ၇ သန်းနီးပါးရှိပါတယ်။

ဝန်ကြီးဌာနကနေ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွားဧည့်သည်တွေအတွက် တိကျ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးအတွက် QR Code ဖြန့်ချိခြင်း၊ Chat Bot စနစ်နဲ့ ဖြေကြား ပေးခြင်းတို့အပြင် Digital Concierge စနစ် တပ်ဆင်ခြင်းတွေကို ဆောင်ရွက်လျက်ရှိ ပါတယ်။ QR Code စနစ်နဲ့ ဘာသာစကား ၁၁ မျိုးနဲ့ ထုတ်လွှင့်ထားတဲ့ Website Links တွေ၊ ဘာသာစကား လေးမျိုးနဲ့ ပြုလုပ်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေ (PDF download)၊ ဘာသာစကား ၁၀ မျိုးနဲ့ ထုတ်ပြန်ထားတဲ့ ခရီးသွားအကြံပြု ချက်တွေ (Link)၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နဲ့ မွန် မြေပုံ (PDF download) တွေ ကြည့်နိုင်ပါတယ်။

Digital Concierge စနစ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ပဲခူး၊ ဟဲဟိုးနဲ့ ကန်ပက်လက်တို့ရဲ့ Information Counter တွေမှာ Beta Version တပ်ဆင် စမ်းသပ် အသုံးပြုနေပါတယ်။ ဒီစနစ်က အဲဒီဒေသက ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ကိုင်နေတဲ့ ဒေသခံလုပ်ငန်းတွေပါ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဥပမာ - ပုဂံ ဒေသက အငှားယာဉ်၊ တုတ်တုတ်၊ စားသောက် ဆိုင်နဲ့ မြင်းလှည်းသမားတွေကနေစပြီး မီးပုံးပျံ စီး ခရီးစဉ်အထိ အချက်အလက်တွေကို ကာယကံရှင်တွေက ကိုယ်တိုင်အချက်အလက် ပေးပို့ကြပါတယ်။ ဒီစနစ်အတွင်း အားလုံးကို ထည့်သွင်းဖော်ပြပေးနိုင်တာမို့ ဒေသခံတွေ ရဲ့ လုပ်ငန်းတွေကိုပါ တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမယ့်အပြင် ခရီးသွား ဧည့်သည်တွေအတွက် ပိုပြီးအဆင်ပြေလာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်နဲ့လျော်ညီတဲ့ Digital Marketing နည်းလမ်းတွေနဲ့ ခရီးသွား ဧည့်သည်တွေကို သတင်းအချက်အလက်တွေ ပေးတာ၊ လာရောက်လည်ပတ်ဖို့ ဆွဲဆောင် တာ၊ ပုဂ္ဂလိကလုပ်ငန်းတွေကို ပံ့ပိုးကူညီတာ၊ မြန်မာနိုင်ငံအတွင်းက ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ ခရီးသွားလာမှုတွေ လွယ်ကူအဆင်ပြေစေရေးအတွက် တိကျ မှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ ခရီး စဉ်အကြံပြုချက်တွေကို အချိန်နဲ့တစ်ပြေးညီ ရရှိနိုင်စေရေး ဆောင်ရွက်ပေးနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ပေးတဲ့အရာ တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ ပါတယ်။

မေး ။ ။ နိုင်ငံတကာနဲ့ ထိတွေ့ဆက်စပ်ပြီးခရီးသွားကဏ္ဍ မြင့်မားအောင် ဆောင်ရွက်နေမှုတွေကို သိလိုပါတယ်ရှင့်။

ဖြေ ။ ။ ဂျပန် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရေရှည်တည်တံ့ရေးနဲ့ ဂျပန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်ပတ် နိုင် စေဖို့ ရည်ရွယ်ပြီး ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော် (Sakura Festival) ကို လေးကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပထမအကြိမ် အဖြစ် နေပြည်တော်ရှိ လွှတ်တော်သွားရာ လမ်းတစ်လျှောက်မှာ ချယ်ရီပန်းပင် ၁၀၀၊ ၂၀၁၈ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)ရှေ့နဲ့ Royal Myanmar Golf Club တို့မှာ ချယ်ရီပင် ၂၀၀၊ ၂၀၁၉ ခုနှစ်မှာ တတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းမှာ ချယ်ရီပင် ၃၀၀ နဲ့ ၂၀၂၀ ပြည့်နှစ်မှာ စတုတ္ထအကြိမ်အဖြစ် ကယားပြည်နယ် လွိုင်ကော်မြို့မှာ ချယ်ရီပင် ၄၀၀ ကို စိုက်ပျိုးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကရင်ပြည်နယ် ဘားအံမြို့ မှာ ချယ်ရီပင် ၂၀၀ စိုက်ပျိုးဖို့ ရှိပါ တယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစားဝန်ကြီးဌာနနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ရေးထိုးနိုင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ခရီးသွား ဝန်ကြီးဌာနနဲ့ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ဖို့ Action Plan ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ မှာ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

နီပေါနိုင်ငံအစိုးရ ယဉ်ကျေးမှု၊ ခရီးသွား လုပ်ငန်းနှင့် မြို့ပြလေကြောင်း၀န်ကြီးဌာနနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

မေး။ ။ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနရဲ့ ရှေ့ဆက်သွားမယ့်လုပ်ငန်း စဉ်တွေနဲ့ မျှော်မှန်းချက်တွေကို သိပါရစေရှင့်။

ဖြေ။ ။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနအနေနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံ့ဝင်ငွေတိုးတက်ရေးနဲ့ နိုင်ငံ့ပုံရိပ်မြှင့်တင်ရေးတို့အတွက် ရှေ့ဆက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိပါတယ်။ အဓိကအနေနဲ့ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (Tourism Master Plan) ၂၀၂၀ - ၂၀၃၀ ရေးဆွဲနိုင်ရေးဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေအလိုက် ခရီးစဉ်အသစ် တွေ ထပ်မံဖော်ထုတ်နိုင်ရေးနဲ့ ခရီးစဉ်တွေ ဆက်စပ်သွားလာနိုင်ရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်သွားဖို့ ရှိသလို ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်း CBT ကျေးရွာတွေ တိုးမြှင့်ဖော်ထုတ် တာ၊ ခရီးစဉ်ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဟာ ဒေသခံပြည်သူတွေကို အကျိုးသက်ရောက်မှုရှိစေပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ခရီးသွား လုပ်ငန်းကနေ ကျရောက်နိုင်တဲ့ ဘေး အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အားကစားခရီးသွားလုပ်ငန်း (Sport Tourism)နဲ့ အစားအသောက်ဆိုင်ရာ ခရီးသွား လုပ်ငန်း (Gastronomy Tourism) ဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့နဲ့ ဧည့်စာရင်းပေးပို့ရာမှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေကို ကျော်လွှား ဖို့ Hotel Guest List Management System ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံကနေ လွှဲပြောင်းရယူပြီး တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေအားလုံး တစ်ပြေးညီ အသုံးပြုနိုင်ဖို့အတွက် ကြိုးစားဖော်ဆောင် သွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးမှာ ခရီးသွားလုပ်ငန်း ကျဆင်း နေပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိပါတယ်။ ခရီးသွား လုပ်ငန်းမှာ High Season နဲ့ Low Season ဆိုပြီး ရှိပါတယ်။ နောက်တစ်ကျော့လာမယ့် High Season အတွက် ကြိုတင်ဆောင်ရွက် မှုတွေလုပ်ရတာ ကျွန်တော်တို့ ခရီးသွား လုပ်ငန်းရဲ့ သဘာဝဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုဗစ် - ၁၉ ကို စိန်ခေါ်မှုတစ်ခုအဖြစ် ယူဆနိုင်သလို Quantity ကနေ Quality Tourism ပြောင်းဖို့ အခွင့်အလမ်းကောင်း အဖြစ် ယူဆလို့ရပါတယ်။ လာမယ့် Low Season မှာ ဝန်ကြီးဌာနက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီတွေ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်း ပြီး ခရီးသွားအရည်အသွေးမြှင့်တင်ဖို့ HR Development လုပ်ငန်းတွေ လုပ်ဆောင်ပါ မယ်။ ၂၀၁၆ ခုနှစ်တုန်းက ခရီးသွားလိုင်စင်ခ တွေ ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့သလိုမျိုး Industry ကို သက်သာခွင့်ပေးနိုင်မယ့် အစီအစဉ်တွေအတွက် ဆက်စပ်ဝန်ကြီးဌာနတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားပါမယ်။ သက်သာခွင့်ပေးနိုင် ခဲ့ရင် ဒီသက်သာခွင့်တွေနဲ့ ခရီးသွားလုပ်ငန်း မှာ ပါဝင်တဲ့ အခြေခံပြည်သူတွေနဲ့ ဝန်ထမ်း တွေအပေါ် ကောင်းတဲ့သက်ရောက်မှုတွေ ပိုပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ပြောကြားလိုပါတယ်။

နော်ပန်းသဉ္ဇာမျိုး (ကရင်တိုင်းရင်းသား လူမျိုးရေးရာ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး)

မေး။ ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျင့်သုံးနေတဲ့ Hotel Guest List Management System ရဲ့ ထူးခြားချက် တွေကို သိပါရစေရှင့်။

ဖြေ။ ။ သူ့ရဲ့ထူးခြားချက်က စာရွက်စာတမ်းတွေကို အသုံးမပြုရတော့ပါဘူး။ စာရွက်စာတမ်းတွေကို ပို့ဆောင်တဲ့နေရာမှာ ယခင်က ငွေကျပ်သန်းပေါင်း ၆၈၄ သန်း ကုန်ကျရာကနေ ယခု ငွေကျပ်သန်းပေါင်း ၁၇၁ သန်းပဲကုန်ကျပါတယ်။ ပုဂ္ဂလိကဘက်မှာ ဝန်ထမ်းတွေရဲ့ အသုံးစရိတ်မှာ ၇၄ ရာခိုင် နှုန်းလောက် သက်သာသွားပါတယ်။ အခြား ကုန်ကျစရိတ်တွေမှာ ငွေကျပ် သန်းပေါင်း ၃၁၈၅ သန်းအထိ သုံးစွဲခဲ့ရာကနေ ၆၂၄ သန်းပဲ ကုန်ကျတော့ပါတယ်။ ဒါကြောင့် ၈၁ ရာခိုင် နှုန်းလောက် သက်သာသွားပါတယ်။ ယခင်က စာရွက်စာတမ်း စုစုပေါင်း ၂၂ မက်ထရစ် တန်လောက် မလိုအပ်ဘဲနဲ့ ပြည်သူရော အစိုးရပါ ကုန်ခဲ့ပါတယ်။ ဒါကျွန်မတို့ နိုင်ငံရဲ့ ဝင်ငွေတွေ ဆုံးရှုံးတာပါ။ ဟိုတယ်အလုံး ၁၅၀ဝ ကို ကျွန်မတို့ စိစစ်နိုင်ခဲ့မယ်ဆိုရင် နှစ်တိုင်း ပြည်သူနဲ့ နိုင်ငံတော်ပါ အကုန်လုံး ပေါင်းရင် ငွေကျပ်သန်းပေါင်း ၄၀ဝ၀ လောက် ကို နှစ်စဉ် သက်သာသွားမှာ ဖြစ်ပါတယ်။ ဒါက Hotel Guest List Management System ကို ကျင့်သုံးခြင်းဖြင့် ရရှိလာတာ ဖြစ်ပါတယ်။

မေး။ ။ ခရီးသွားကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက စိန်ခေါ် မှုတွေက ဘာတွေများ ဖြစ်မလဲရှင့်။

ဖြေ။ ။ ကျွန်မတို့ဝန်ကြီးဌာနက နှစ်စဉ် ငွေကျပ် ၄ ဘီလီယံလောက် နိုင်ငံတော်အတွက် ဝင်ငွေတွေ ရအောင် ရှာပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ဘဏ္ဍာငွေကြေး အခက်အခဲများစွာရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်ချဲ့ထွင်မှုကို ကြည့်မယ်ဆိုရင် အိမ်နီး ချင်းနိုင်ငံတွေမှာ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ကို နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်ချဲ့ထွင်မှုအတွက် လုပ်နိုင်တာမျိုးရှိ ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်ဂျက် ခွဲဝေ ချထားမှုအရ ခရီးသွားလုပ်ငန်းကို ဈေးကွက် ချဲ့ထွင်ဖို့နဲ့ ကြော်ငြာဖို့အတွက် ဘတ်ဂျက် အလွန်နည်းပါးပါတယ်။ ဒါက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။ ခရီးစဉ်သစ်တွေ တိုးတက်လာဖို့ အပါအ၀င် တောင်တန်းဒေသ တွေက တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေးရရှိဖို့လည်း လိုအပ်ပါတယ်။

မေး။ ။ ဟိုတယ်နဲ့ပတ်သက်တဲ့ လိုင်စင်ချထားပေးမှုအပိုင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါဦးရှင့်။

ဖြေ။ ။ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဟိုတယ်တွေ၊ မိုတယ်တွေ၊ တည်းခိုခန်းတွေရဲ့ ဝန်ဆောင်မှု အဆင့် အတန်းတွေ မြင့်မားဖို့အတွက် ကွင်းဆင်း ဆောင်ရွက်ပြီး လုပ်ငန်းလိုင်စင် သတ်မှတ် ချက်တွေ ဆောင်ရွက်ခဲ့ပါတယ်။ ပေးရတဲ့ ပိုက်ဆံနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုကို ဟိုတယ်လုပ်ငန်းရှင်တွေကို ပေးအပ်ဖို့ အဓိကထားစိစစ်ပါတယ်။ အဲဒီမှာ ခရီးသွား ကဏ္ဍရဲ့ လားရာပြောင်းလဲသွားတာကို တွေ့ရ ပါတယ်။ အရင်ကဆိုရင် တန်ဖိုးနည်း၊ တန်ဖိုး သင့်၊ တန်ဖိုးမျှနဲ့တန်ဖိုးကြီးရယ်လို့ ရှိပါတယ်။ မြန်မာနိုင်ငံကို လာရတာဈေးကြီးတယ်ဆိုတာ မျိုး ပြောကြတာရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ Bed and Breakfast လုပ်ငန်းလိုင်စင်တစ်ခုကို တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ထုတ်ပေး ပါဆိုပြီး ခွင့်ပြုပေးခဲ့လို့ Hostel လုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ခရီးသွားဥပဒေပြဋ္ဌာန်းနိုင်ခဲ့ပြီး နည်းဥပဒေ တွေ ထွက်လာခဲ့ပါတယ်။ တိုင်းဒေသကြီး အတွင်း ဒေသဆိုင်ရာ ခရီးသွားကော်မတီ တွေကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ ဟိုတယ်၊ မိုတယ် စတဲ့လုပ်ငန်း လိုင်စင်ပေါင်းက တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ဆိုရင် အများဆုံးရှိပါတယ်။ စီးပွားရေး လုပ်ငန်းအများစုက ရန်ကုန်မှာရှိလို့ လုပ်ငန်း လိုင်စင်တွေကို မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင် အောင် ကြိုးစားနေပါတယ်။

ဒေသဆိုင်ရာ ခရီးသွားကော်မတီရဲ့ ရည်မှန်းချက်တွေက ပြည်ထောင်စုကနေ ချမှတ်လိုက်တဲ့ ခရီးသွားလုပ်ငန်းဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်း မဟာဗျူဟာကို ရေးဆွဲနိုင်ဖို့အတွက် ဦးစားပေး ထားပါတယ်။ လုပ်ငန်းလိုင်စင်တွေ ထုတ်ပေး တဲ့အခါ လုပ်ငန်းလုပ်လိုသူက လိုအပ်တဲ့ဖောင် တွေဖြည့်မယ်။ တစ်လပြည့်ရင် သူက လုပ်ငန်း လိုင်စင်ရရှိမယ်။ သဘောက သက်ဆိုင်တဲ့ဌာန ဆိုင်ရာတွေက One Stop Service ပေးနိုင် ရေးကို ရည်ရွယ်ပါတယ်။ နောက်အချက်က ရန်ကုန်တိုင်းဒေသကြီးဟာ Commercial City ကနေ System City ဖြစ်လိုတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက် ဖို့ ရည်ရွယ်ပါတယ်။

မေး။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ Hotel Guest List Management System ကျင့်သုံးတဲ့အကြောင်းနဲ့ ဆောင်ရွက် မှုတွေကို သိပါရစေရှင့်။

ဖြေ။ ။ အားလုံးသိကြတဲ့အတိုင်း ကန်တော်ကြီးဟိုတယ် မီးလောင်တုန်းက အထဲမှာ ဧည့်သည်တွေ ဘယ်နှယောက်ရှိသလဲ ချက်ချင်းမသိနိုင်ဘူး။ အကုန်ကယ်ထုတ်ပေ မယ့် ခရီးသည် ဘယ်လောက် ကျန်သလဲ မသိနိုင်ဘူး။ ဒီမှာ လုပ်ဆောင်သင့်တဲ့အရာ တစ်ခုကို သိလာပါတယ်။ ဟိုတယ်တစ်ခု အတွင်းမှာ ဧည့်သည် ဘယ်နှယောက် တည်းခိုနေသလဲဆိုတာကို သိနိုင်ရင် ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးကို အားဖြည့်ရာ ရောက်မယ်။ ဧည့်သည်တွေလည်း ပိုပြီးလုံခြုံ စိတ်ချမှု ရရှိမယ်။ ဝန်ထမ်းတွေနဲ့ လုပ်ငန်း ရှင်တွေအတွက် စာရင်း၊ အင်းအဆင်ပြေစေ မယ်ဆိုပြီး နည်းပညာတစ်ခုကို သုံးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတယ်။ ပြည်ထောင်စု ဝန်ကြီးက အားပေးပြီး လမ်းညွှန်မှုပေးခဲ့တဲ့ အတွက် လုပ်ငန်းတွေ အမြန်ဆုံးစတင်နိုင် ခဲ့ပါတယ်။

ဟိုတယ်တွေက သူတို့သတင်းပို့နေရတဲ့ ၀န်ကြီးဌာန ကိုးခုကို သတင်းအချက်အလက် တွေ လွယ်လွယ်ကူကူနဲ့ ပေးပို့လာနိုင်ခဲ့ပါတယ်။ Hotel Guest List Management System အရ ဌာန ကိုးခုက သက်ဆိုင်ရာတာဝန်ရှိသူ တွေဟာ သတ်မှတ်ထားတဲ့ သူတို့တာဝန်ရှိတဲ့ နေ့ရဲ့ ည ၁၁ နာရီ ၄၅ ဆိုတာနဲ့ သူတို့တာဝန် ယူရတဲ့ နယ်မြေထဲက ဟိုတယ်ဘယ်နှလုံးမှာ ဧည့်သည်ဘယ်နှယောက်ဟာ၊ ဘယ်အချိန် မှာ ဘယ်လိုတည်းခိုထားတယ်ဆိုတဲ့ အချက် အလက်တွေရမှာဖြစ်ပြီး ရာထူးအလိုက် Code တွေနဲ့ ဝင်ရောက်ကြည့်လို့ရပါတယ်။

ဒီလိုလုပ်ဖို့အတွက် လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေကို သင်တန်းတွေ ပေးရသလို လိုက်နာရမယ့် လမ်းညွှန်ချက်တွေ ထုတ်ပေး ရပါတယ်။ ဒီလိုနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ စမ်းသပ်ကာလအနေနဲ့ ကျင့်သုံးခဲ့ပြီး တစ်နှစ် ပြည့်မြောက်တဲ့အခါမှာ စာရွက်စာတမ်းနဲ့ ပေးပို့တဲ့စနစ်ကို ရပ်ဆိုင်းပြီး အီလက် ထရွန်နစ်နဲ့ သတင်းပို့နိုင်တဲ့စနစ်ကို ဆက်လက်ကျင့်သုံးနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ ရှမ်းပြည်နယ်ကလည်း ဒီစနစ်ကို ကျင့်သုံး လာပါတယ်။ ကယား၊ ကရင်နဲ့ ရခိုင်ပြည်နယ် တွေနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွက် လေ့ကျင့်သင်ကြားပေးတာတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာ၀န်ယူ ဆောင်ရွက်ပေးနေပါတယ်။

ဦးနောင်းနောင်းဟန် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း)

မေး။ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက် ခဲ့တဲ့ လုပ်ငန်းတွေ အကြောင်းကို သိလိုပါ တယ်ရှင့်။

ဖြေ။ ။ ကျွန်တော်တို့က ခရီးသွားလုပ်ငန်းရှင်များအသင်းဆိုတော့ ခရီးသွား ကုမ္ပဏီတွေနဲ့ ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းတွေက အသင်းမှာ ပါဝင်ကြပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ခရီးသွားပြပွဲတွေ တစ်နှစ်တာအတွင်း များစွာဆောင်ရွက်ခဲ့ပါ တယ်။ ပြည်တွင်းအနေနဲ့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေနဲ့ ပြည်တွင်းကနေ ပြည်ပကို သွားတဲ့ ခရီးသွားလုပ်ငန်းတွေကို ရည်ရွယ်ပြီး မြန်မာအပြည်ပြည်ဆိုင်ရာ ခရီးသွားပွဲတော်ကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး အတွင်းက ခရီးသွားလုပ်ငန်းတွေနဲ့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေ ပိုမိုမြင့်တက်လာစေဖို့နဲ့ ပိုမို ဖွံ့ဖြိုးလာစေဖို့အတွက် ၂၀၁၉ ခုနှစ် ဒီဇင် ဘာလမှာ ခရီးသွားပြပွဲတစ်ခု ကျင်းပခဲ့ပြီး ဝန်ကြီးဌာနနဲ့အတူ ဗီယက်နမ်နိုင်ငံကိုလည်း ခရီးသွားပြပွဲတစ်ခုကို သွားရောက်ပြသ ခဲ့ပါတယ်။ ဒါ့အပြင် ဘရူနိုင်းနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းတို့မှာ ခရီးသွားပြပွဲတွေကို ၀န်ကြီးဌာနနဲ့အတူ သွားရောက်ပြသခဲ့ပါတယ်။

ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ဝန်ဆောင် သူတွေနဲ့ ဈေးကွက်အပိုင်းဆိုပြီး နှစ်ပိုင်းရှိပါ တယ်။ ကျွန်တော်တို့က ဝန်ဆောင်မှုကို ပိုပြီးစနစ်ကျအောင် ခရီးသွားကုမ္ပဏီတွေကို သင်တန်းပေးပါတယ်။ ဟောပြောပွဲတွေ လုပ် ပါတယ်။ ခရီးသွားလုပ်ငန်းငယ်တွေအတွက် ဘဏ္ဍာငွေအခက်အခဲကို ကူညီပေးနိုင်မယ့် ချေးငွေမျိုးတွေ၊ အသေးစား၊ အလတ်စား စီးပွားရေးအတွက် ဘဏ်ချေးငွေတွေ ရရှိ အောင် ကူညီပေးရပါတယ်။ ခရီးသွား အာမခံကုမ္ပဏီ နှစ်ခုနဲ့ ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။

လိုအပ်တဲ့သင်တန်းတွေကို ပေးရတာ ရှိပါတယ်။ ဥပမာ - ဥရောပဈေးကွက်ကို ဝင်ရောက်လိုတဲ့အခါ ဝန်ဆောင်မှုကို ဘယ်လို ပေးမလဲဆိုတာတွေရှိပါတယ်။ ဒါတင်မကပါ ဘူး။ Tourist Police တွေကို သင်တန်းပေးတာ ရှိပါတယ်။ ဆွေးနွေးပွဲတွေ ကျင်းပပါတယ်။ အနှစ်သာရရှိတဲ့ ခရီးသွားပြပွဲတွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

မေး။ ။ လာမယ့်ကာလတွေမှာ ဖြစ်လာနိုင်တဲ့ မြန်မာ့ခရီးသွားကဏ္ဍအကြောင်း ကို သုံးသပ်ခန့်မှန်း ပေးစေလိုပါတယ်။

ဖြေ။ ။ လာမယ့်နှစ်တွေမှာ လက်ရှိဖြစ်ပေါ်တဲ့အခြေအနေအရ နိုင်ငံတကာက Online Travel Agent တွေရှိပါတယ်။ သူတို့ အင်အားကြီးထွားလာတဲ့အတွက် ပြည်တွင်း ခရီးသွားလုပ်ငန်းတွေရဲ့ စွမ်းရည်ကို ပိုမြှင့်တင် ဖို့ လိုအပ်နေပါတယ်။ Digital Marketing တွေကို အင်တာနက် လူမှုကွန်ရက်မီဒီယာ တွေကနေတစ်ဆင့် အသုံးပြုဖို့လိုအပ်လာ ပါတယ်။ အွန်လိုင်းကနေ ခရီးစဉ်တွေ ရောင်းချ နိုင်ဖို့ ဆော့ဖ်ဝဲလ်တွေရေးသားပြီး ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ် တက်နိုင်အောင် မျှော်မှန်း ဆောင်ရွက်နေပါတယ်။

ခရီးသွားပြပွဲတွေ ပြသတဲ့အခါမှ လမ်းဟောင်းတွေထဲကတစ်ခုဖြစ်တဲ့ ဒေသ ထွက်ကုန်နဲ့ အစားအသောက်တွေကို ပိုမို ပြသနိုင်အောင် ဆောင်ရွက်သွားမယ်။ ပြည်ပ မှာ နိုင်ငံရဲ့ပုံရိပ်တွေ အားကောင်းအောင် ကုန်ကျစရိတ်တွေသုံးပြီး မျှဝေသွားမယ်။ သက်ဆိုင်ရာနိုင်ငံတွေကို ခရီးသွားလုပ်ငန်းအေးဂျင့်တွေသွားပြီး စီးပွားရေးပူးပေါင်း လုပ်နိုင်အောင် စီစဉ်နေတာတွေလည်း ရှိပါ တယ်။ လာမယ့်မိုးရာသီမှာ စတင်ဆောင်ရွက် နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

မေး။ ။ ခရီးသွားလုပ်ငန်း အောင်မြင်ဖို့ဘာတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါသလဲရှင်။

ဖြေ။ ။ ခရီးသွားလုပ်ငန်း အောင်မြင်ဖို့အတွက် ဒေသခံတွေရဲ့ ပူးပေါင်းမှု တွေ လိုအပ်ပါတယ်။ အဓိက လုံခြုံရေးပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သာမက ပြည်သူပါ၀င်ဖို့ လိုပါတယ်။ ဒေသခံတွေကလည်း ဒေသဖွံ့ဖြိုး ဖို့ အဓိကဖြစ်ပြီး လုပ်ငန်းရှင်တွေအတွက်က အပြန်အလှန် မိတ်ဖက်တွေ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် အခက်အခဲနဲ့ စိန်ခေါ် မှုတွေ အပြည့်ဆုံးအချိန်လို့ဆိုရင် ရပါတယ်။ ဒါပေမယ့် ရှေ့မှာလည်း ကျွန်တော်တို့တွေဟာ အခက်အခဲများစွာ ကြုံခဲ့ကြရသူတွေပါ။ အခက်အခဲတွေကနေ အတွေ့အကြုံတွေ လည်းရခဲ့တာမို့ အားမလျှော့ဘဲ လာမယ့်နှစ် အတွက် အခုကတည်းက ပြင်ဆင်နေပါပြီ။ ဘာမှလုပ်မရတဲ့ ကာလဖြစ်ရင် ခရီးသွား လောကသားတွေ အားလုံးက အင်တိုက် အားတိုက်နဲ့ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားမယ်။ အားဖြည့်ထားပြီး ရဲရဲ ဝံ့ဝံ့ရင်ဆိုင်သွား ရမှာပါလို့ ပြောကြားလိုပါတယ်။

ခွန်ထွန်းဦး (စီမံကိန်းမန်နေဂျာ၊ ပအိုဝ်းဒေသ ကျေးရွာလူထုပူးပေါင်းပါဝင်သော ခရီးသွား လုပ်ငန်း)

မေး။ ။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ပအိုဝ်းဒေသကနေ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အကြောင်းကို သိပါရစေရှင့်။

ဖြေ။ ။ စတုတ္ထ (၁) နှစ်တာ ကာလမှာခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး အရှိန်အဟုန်မပျက်အောင် ပူးပေါင်း လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့က ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းကို တစ်နှစ်ထက် တစ်နှစ် အတတ်နိုင်ဆုံး ပိုကောင်းအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ ခရီးသွား လုပ်ငန်းဟာ ကျွန်တော်တို့ ဒေသအတွက် အရေးပါအရာရောက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ကျေးရွာလူထုတွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အကျိုးကျေးဇူးတွေ အများကြီးယူဆောင်လာပေးပါတယ်။ ရိုးရာ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို ပိုပြီးထိန်းသိမ်းလာနိုင်ပါတယ်။ အလုပ်အကိုင် တွေကနေ ဝင်ငွေတွေ ရခဲ့ပါတယ်။

မေး။ ။ ပအိုဝ်းဒေသမှာ ခရီးစဉ်သစ်တွေဖော်ဆောင်နေမှုရှိရင် သိပါရစေရှင့်။

ဖြေ။ ။ ပအိုဝ်းဒေသမှာ ၂၀၁၅ ခုနှစ်က အင်းလေးကန်ရဲ့ တောင်ပေါ် ကျေးရွာတွေမှာ CBTတွေ စလုပ်ခဲ့ပါတယ်။ လေးနှစ်တာကာလမှာ ရှေးဟောင်းမွေတော် ကက္ကူဘုရား ပတ်ဝန်းကျင်မှာ တိုးချဲ့လုပ် ဆောင်နေပါတယ်။ ဒီဒေသက ပုန်းအင်းဒေသ လို့လည်းခေါ်ပါတယ်။ ကုန်း ၆ လနဲ့ ရေ ၆ လ ဒေသ ဖြစ်ပါတယ်။ ခရီးသွားတွေကို ဆွဲဆောင် နိုင်မယ့် နေရာဒေသတစ်ခုလို့ မြင်ပါတယ်။ ဒါကြောင့် အခုဆိုရင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ဖို့ ကျေးရွာတွေကို လိုအပ်တဲ့ သင်တန်းတွေ ပေးနေပါတယ်။ လိုအပ်ချက် တွေ ဖြည့်ဆည်းပေးနေတာ ရှိပါတယ်။ လာမယ့် ပွင့်လင်းရာသီမှာ ဧည့်သည်တွေ သွားရောက်လည်ပတ်လို့ရအောင် လုပ်ဆောင် နေတာရှိပါတယ်။

ပုန်းအင်းဒေသဟာ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်တို့ သုံးခုဆိုင်တဲ့ နေရာလေးပါ။ မွေတော်ကက္ကူဘုရားကနေ ပုန်းအင်းဒေသကို နာရီဝက်ခရီးလောက်သာ ကြာမြင့်ပါတယ်။ ဒီမှာ ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာမုန့်လုပ်ငန်း ၁၆ မျိုးလောက် ရှိပါတယ်။ အင်းလေးဒေသလို ချောင်းဘေးမှာ နေကြ ပြီး ရေပေါ်မှာနေတဲ့ တိုင်းရင်းသားတွေပါ။ နွေရာသီဆိုရင် ကုန်းပေါ်မှာနေတဲ့ တိုင်းရင်း သားတွေလိုမျိုးပါ။ ဒီမှာ ခရီးသွားတွေကို ဘယ်လိုဝန်ဆောင်မှုပေးမလဲနဲ့ ကြုံလာနိုင် တဲ့ စိန်ခေါ်မှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်း တွေကို ပြောပြပေးပါတယ်။ ကျေးရွာဧည့် လမ်းညွှန်သင်တန်းတွေကို လူငယ်တွေကို ပို့ချမယ်။ စက်လှေနဲ့သွားရတာမို့ လုံခြုံစိတ်ချ ရအောင် သင်တန်းတွေပေးမယ်။ အိုင်တီစီနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ သင်တန်းတွေပေးဖို့ ရှိပါတယ်။

ပအိုဝ်းဒေသကို အရင်က အင်းလေးက စပြီး ကက္ကူကိုလာတဲ့ ခရီးစဉ်ကို စီစဉ်ပါတယ်။ နောက်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဟိုပုန်းနဲ့ ဆီဆိုင်ကို နိုင်ငံခြားသား ခရီးသွားတွေ လေ့လာဖို့ ဆောင်ရွက်နေပါ တယ်။

မေး။ ။ ပအိုဝ်းဒေသကို လာလည်ကြမယ့် ပြည်တွင်းပြည်ပခရီးသွားတွေကို ဘယ်လို ဖိတ်ခေါ်ပြောကြား လိုပါသလဲရှင်။

ဖြေ။ ။ တိုင်းရင်းသားဒေသတွေမှာ ခရီးသွားလုပ်ငန်းတွေ အောင်မြင်ဖြစ်ထွန်း လာတာနဲ့ အကျိုးကျေးဇူးတွေ အများကြီးရ ပါတယ်။ ရိုးရာဓလေ့တွေ၊ ဘာသာစကား စတာတွေ ပိုပြီး ထိန်းသိမ်းလာကြပါတယ်။ ခရီးသွားလုပ်ငန်းကနေ အပိုဝင်ငွေတွေ ရရှိပါတယ်။ ကျေးရွာက လက်မှုလုပ်ငန်းတွေ ရောင်းချလို့ရပါတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင် မှာရှိတဲ့ သဘာဝအရင်းအမြစ်တွေကို တန်ဖိုး ထားတတ်လာပါတယ်။ အားလုံးကို စုပေါင်းပြီး လုပ်ဆောင်ရတာမို့ အားလုံးစုစုစည်းစည်းနဲ့ ပိုမိုဆောင်ရွက်တတ်လာပါတယ်။ လုပ်ငန်း စတင်ပြီး နောက်ပိုင်းမှာ ရပ်ရွာမှာနေထိုင် ရတာကို ပိုပြီးတန်ဖိုးထားလာသလို ပညာ ရေးကိုလည်း လူငယ်တွေ ပိုပြီးအလေးပေး လာပါတယ်။ အမှိုက်စွန့်ပစ်တာတွေ ပိုပြီး စည်းကမ်းကျလာပါတယ်။ ရိုးရာအစား အစာတွေနဲ့ ဝတ်စုံတွေကို ပိုပြီးတန်ဖိုးထား တတ်လာပါတယ်။

ကျွန်တော်တို့ဒေသမှာ အင်မတန်သာယာ လှပတဲ့ သဘာဝအရင်းအမြစ်တွေ အများကြီး ရှိပါတယ်။ လိုဏ်ဂူတွေ၊ ရေတံခွန်တွေနဲ့ လီဆူ၊ ရှမ်းနဲ့ ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်ကြ ပါတယ်။ နန့်သဘက်ချောင်းကနေ စက်လှေ နဲ့သွားရတဲ့ ပုန်းအင်းဒေသ ဖွံ့ဖြိုးတိုးတက် စေချင်ပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟာ အလွန်သာယာ အေးချမ်းလှပပါတယ်။ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်က ခရီးသွားလုပ်ငန်း ရှင်တွေနဲ့ ပြည်သူတွေကို ရှမ်းတောင်ကို တစ်ခါတစ်ခေါက် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။ ။