ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး

နေပြည်တော် ၅ သြဂုတ်

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၁၈) အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ဤကော်မတီကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ပုံမှန် အစည်းအဝေး ကျင်းပခဲ့ရာ ယခု လေးကြိမ်မြောက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပကြောင်း သိရသည်။ ဤအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကမ္ဘာလှည့်ခရီးသည်များကိုမိမိနိုင်ငံအတွက် ဆွဲဆောင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အိမ်ရှင်အနေနဲ့ စဉ်းစားရန်လိုကြောင်း၊ သက်သက်စီးပွားရေးလုပ်ဖို့ဆိုတဲ့ စိတ်ဓာတ်နှင့်ဆိုလျှင်တော့ အောင်မြင်ချင်သလို အောင်မြင်မည်မဟုတ်ဟု ထင်ကြောင်း၊ အိမ်ရှင်သည် ပထမဦးဆုံး ဧည့်သည်များရဲ့ လိုအပ်ချက်ကို စဉ်းစားရမှာဖြစ်ကြောင်း” ပြောကြားခဲ့သည်။ မီးခိုးမထွက်သောစက်ရုံဟု တင်စားခေါ်ဝေါ်သော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ မြန်မာသာမက တစ်ကမ္ဘာလုံးမှာပင် အရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်နေပါသည်။ ပြီးခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည် သန်း ၆၀ ခန့် ဝင်ရောက်ခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည် ၃၅ ဒသမ ၃ သန်း လာရောက်ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှရရှိငွေတွင် တရုတ်နိုင်ငံသည် GDP ၏ ကိုးရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံက GDP ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိနေသည်။

 

ယခုကမ္ဘာ့စီးပွားရေးမှာ အတက်ဘက်တွင် ရှိနေသည့်အတွက်လာမည့်ကာလအတွင်း ခရီးသွား လုပ်ငန်း တိုးတက်ကောင်းမွန်မည့် အလားအလာ ရှိနေပါသည်။ ကမ္ဘာ့ခရီးသွားအဖွဲ့ချုပ်၏ ခန့်မှန်းမှု အရ ၂၀၂၀ပြည့်တွင် တစ်ကမ္ဘာလုံးခရီးသွားသူပေါင်း ၁ ဒသမ ၆ ဘီလီယံခန့် ရှိမည်ဖြစ်ပြီး ၎င်းတို့အနက် အရှေ့တောင်အာရှနိုင်ငံများသို့ ၁၂၃ သန်းခန့်လာရောက်မည်ဟု ခန့်မှန်းကြောင်း သိရသည်။ မြန်မာနိုင်ငံအဖို့ဆိုလျှင် ထိုခရီးသွားများမှ အစိတ်အပိုင်းကလေးတစ်ခုကို ဆွဲဆောင်နိုင်လျှင်ပင် အကျိုးရှိမည် ဖြစ်သည်။ ၎င်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ မိန့်ခွန်းပါ အချက်အလက်အရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် ၃ ဒသမ ၄၄ သန်း လာရောက်ခဲ့သည်။ ၎င်းစာရင်းမှာ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်းမျှ တိုးတက်လာခြင်းဖြစ်ရာမြန်မာ့ခရီးသွားလုပ်ငန်း ထင်သလောက်မဆိုးဟုလည်း ဆိုနိုင်ပါသည်။

 

ထိုင်းနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသွားအများဆုံး ၁၀ နိုင်ငံတွင် အာရှနိုင်ငံများက အများစုဖြစ်သည်ကို တွေ့ရသည်။ အများဆုံးမှာ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ဂျပန်တို့မှ ဖြစ်သည်။ တရုတ်နိုင်ငံမှ ၉ ဒသမ ၈ သန်း လာရောက်ခဲ့ရာ ၎င်းတို့သည် အနားယူအပန်းဖြေခြင်း၊ စားသောက်ဆိုင်များတွင် စားသောက်ခြင်း၊ အထူးသဖြင့် ခရီးသွား ၈၀ ရာခိုင်နှုန်းလောက်သည် ဈေးသက်သာပြီး သန့်ရှင်းသပ်ရပ်သော လမ်းဘေးဆိုင်များတွင် စားသောက်ခြင်း၊ အခွန်လွတ်ဆိုင်များ၊ ကုန်တိုက်များတွင် ဈေးဝယ်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေမှုများ ကြည့်ရှုကြခြင်းစသည်တို့အတွက် အားသန်ကြသည်ကို တွေ့ရသည်။

 

ယခုမြန်မာ့ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် ဂျပန်၊ ကိုရီးယား၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့မှ ခရီးသွားဧည့်သည်များအတွက် ဗီဇာဖြေလျှော့ပေးသည့် အစီအစဉ်များ ဆောင်ရွက်နေခြင်း၊ ဧည့်သည်များ တည်းခိုရာတွင် ဝန်ဆောင်မှုကောင်းမွန်ရန်၊ ဟိုတယ်အခန်းခများသင့်တင့်မျှတရန်၊ ပေးရသည့်ငွေကြေးနှင့် ရသည့်ဝန်ဆောင်မှု ထိုက်တန်ရန်၊ စားသောက်ဆိုင်များ သန့်ရှင်း ကောင်းမွန်ရန်၊ ရောင်းချသည့် အစားအစာများ ကျန်းမာရေးနှင့် ညီညွတ်ရန်၊ ခရီးသွားဧည့်သည်များကို အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုကြောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့်လည်း ပူးပေါင်းကူညီရန်လိုကြောင်း ဒုတိယသမ္မတက မှာကြားပါသည်။

 

မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်းများ၊ ရေခဲဖုံးတောင်တန်းများ၊ အဖိုးတန် သယံဇာတများ၊ သာယာလှပသော မြစ်ချောင်းများနှင့် ကြွယ်ဝသော ယဉ်ကျေးမှုများရှိသည့်အတွက် ခရီးသွားလုပ်ငန်းသာမက ဘက်စုံတွင် အလားအလာကောင်းများ ရှိနေသည်ဖြစ်ရာ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးဦးမော့ လာမည်ဖြစ်ကြောင်း တင်ပြရပါသည်။ ။

မြန်မာ့အလင်း