ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို တစ်နှစ်ကင်းလွတ်ခွင့်ပြု

၁၇ ဧပြီ

 

ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို ယခုနှစ် ဧပြီ တစ်ရက်မှ လာမည့် ၂၀၂၁ ခုနှစ်  မတ် ၃၁ ရက်အထိ  တစ်နှစ်ကင်းလွတ်ခွင့်ပြုကြောင်း ဧပြီ ၁၇ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိသည့်အတွက် ထိုသို့ ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို တစ်နှစ်ကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈) နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ယင်းကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင် အသစ်လဲလှယ်ကြေးများကို ကောက်ခံလျက်ရှိသည်။

 

ယခုအခါ  နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေသဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအား ခရီးသွားလုပ်ငန်းများမှ အဆိုပါ ကောက်ခံမှုများကို တစ်နှစ်တာကာလအတွက် ကင်းလွတ်ခွင့်ပြု လိုက်ခြင်းဖြစ်သည်။

 

ထို့ပြင် ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများဖြစ်သော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ CMP လုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ Coronavirus Disease 2019 (ကိုဗစ်-၁၉) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ၁၀၀ ဘီလီယံကျပ်ကို COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည်။

 

အဆိုပါ ချေးငွေကိုလည်း ဦးစားပေးကုစားရမည့် ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးလျက်ရှိသည်။

 

ထို့ပြင် ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ချေးငွေရယူထားသည့် လုပ်ငန်းများအနေဖြင့် ချေးငွေ ပေးဆပ်မှု ပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (ကိုဗစ်-၁၉) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

 

ငြိမ်းငြိမ်း