ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး

 

(တတိယဆု) ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဂုဏ်ပြုဆောင်းပါး

မောင်အောင် (ခရီးသွား)

 

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များတွင် ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သော စက်ရုံအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကဏ္ဍ၊ လူသားတို့အကြားချစ်ကြည်စွာ ကူးလူးဆက်ဆံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍ၊ ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးကဏ္ဍ၊  အခြေခံအဆောက်အဦများ  ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ နည်းပညာ၊ ဆန်းသစ်မှုနှင့်  စွန့်ဦးတီထွင်မှုကဏ္ဍ၊  အလုပ်အကိုင် အခွင့်အလမ်းနှင့်  ဒေသခံတို့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတို့တွင် အရေးပါသော မဏ္ဍိုင်တစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါသည်။  ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော လူသား၊ ကမ္ဘာမြေနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် ၂၀၃၀ ပြည့်နှစ်အစီအစဉ်နှင့် ရေရှည်တည်တံ့သော  ဖွံ့ဖြိုးမှုပန်းတိုင်များကို   ရောက်ရှိစေရန်အတွက် အဓိက မောင်းနှင်အားတစ်ရပ်လည်း ဖြစ်ပါသည်။

 

အဓိကမဏ္ဍိုင်ကြီး (၃) ရပ်

 

ထိုရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ခရီးသွားလုပ်ငန်းမှ ပင်မမဏ္ဍိုင်အဖြစ် ပံ့ပိုးပြီး အကောင်အထည် ဖော်လျက်ရှိရာမှ  ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုများကြောင့် အရှိန်အဟုန်များ ရပ်တန့်ခဲ့ရပါသည်။ ထို့ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်း၏ ယခင်မောင်းနှင်အား အရှိန်အဟုန်နှင့် ဖွံ့ဖြိုးမှုကို ပြန်လည်ရရှိရန်အတွက် ပညာရေးနှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် အခြေခံ အဆောက်အဦကဏ္ဍ၊ နည်းပညာ၊ ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်မှုကဏ္ဍ စသောကဏ္ဍကြီး (၃) ရပ်တွင် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ကြရန် အကြံပြု တိုက်တွန်းလျက်ရှိပါသည်။

 

ယခင်ဖွံ့ဖြိုးမှုအခြေအနေသို့ ၂၀၂၄ ခုနှစ်တွင် ပြန်လည်ရောက်ရှိမည်

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၂၃ ခုနှစ် မေလတွင် ထုတ်ပြန်သောစာရင်းများအရ ကမ္ဘာ တစ်ဝန်းလုံးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်အတွင်း နိုင်ငံတကာ ခရီးသည်ပေါင်း ၂၃၅ သန်း လည်ပတ်ခဲ့ကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ် ဝင်ရောက်မှု၏ ၈၀ ရာခိုင်နှုန်းအထိ ပြန်လည် ကောင်းမွန်နေပြီဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ၂၀၁၉ ခုနှစ် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုပမာဏ ဖြစ်သော ၁၄၆၅ သန်းသို့ ပြန်လည်ရောက်ရှိနိုင်မည်ဟုလည်း ခန့်မှန်းထားရှိပါသည်။ ထို့အပြင် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ၏ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဂျီဒီပီတွင် ခရီးသွားလုပ်ငန်း၏ ပါဝင်မှုသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ထရီလီယံခန့်ရှိမည်ဖြစ်၍ ၂၀၁၉ ခုနှစ်ကိုမီရန်အတွက် ၅ ရာခိုင်နှုန်းခန့်သာ လိုတော့မည်ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံပေါင်း ၃၄ နိုင်ငံသည် ၂၀၁၉ ခုနှစ်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း ပြောဆိုထားပါသည်။

 

၂၀၁၉ ခုနှစ်တွင် ခရီးသွားနှင့် သက်ဆိုင်သော အလုပ်အကိုင်ပေါင်း ၃၃၄ သန်းရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စီးပွားရေးကျဆင်းမှုများကြောင့် အလုပ်အကိုင်ပေါင်း သန်း ၇၀ ကျော် ဆုံးရှုံးခဲ့ရပါသည်။ ၂၀၂၁ ခုနှစ်တွင် ခရီးသွား အလုပ်အကိုင်ပေါင်း ၁၁ သန်းကျော် ပြန်လည်ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၁ ဒသမ ၆ သန်းကျော် ဖန်တီးနိုင်ခဲ့၍ ယခုအခါ ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ပေါင်း ၂၉၅ သန်းကျော် ပြန်လည်ရရှိလာပြီ ဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီက ပြောကြားထားပါသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က ကမ္ဘာလှည့် ခရီးသွားပေါင်း ၄ ဒသမ ၃၆ သန်း ဝင်ရောက်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၁၈ သန်းရရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွားဦးရေ ၀ ဒသမ ၁၃ သန်းအထိ ကျဆင်းသွားခဲ့ပါသည်။ ၂၀၂၂ ခုနှစ် တွင် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၀ ဒသမ၂၃၃ သန်းကျော် ဝင်ရောက်ခဲ့၍ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၄၉ သန်း ရရှိခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

 

ဦးစားပေးအကောင်အထည်ဖော်ရမည့် ကဏ္ဍများ

 

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့် ကုလသမဂ္ဂမှ ချမှတ်ထားသော ဖွံ့ဖြိုးမှုပန်းတိုင်များသို့ ရောက်ရှိရန်အတွက် အဟန့်အတားများကို အမြန်ဆုံးဖြေရှင်းနိုင်သော ကဏ္ဍတစ်ရပ်လည်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ကျင်းပခဲ့သော ဂျီ-၂၀ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးတွင် ဂိုအာခရီးသွားလုပ်ငန်း လမ်းပြမြေပုံအား ကြိုဆိုခဲ့ကြပြီး ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုပန်းတိုင်များသို့ ရောက်ရှိရန်အတွက် အဓိကမောင်းနှင်အား တစ်ရပ်အဖြစ် လက်ခံခဲ့ကြပါသည်။ အစိမ်းရောင်ခရီးသွား လုပ်ငန်း၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု စသည်တို့ကို ဦးစားပေးနယ်ပယ်များအဖြစ် သတ်မှတ်ခဲ့ပြီး အစိုးရ၊ ပုဂ္ဂလိကနှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူအားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် မီးမောင်းထိုးပြခဲ့ပါသည်။ အဆိုပါ ခရီးသွားလုပ်ငန်းလမ်းပြမြေပုံ၏ ဦးစားပေးနယ်ပယ် များတွင် လူသား၊ ကမ္ဘာမြေကြီးနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ရန်ပါရှိပါသည်။

 

ပညာရေးနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကဏ္ဍသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ရပ်အနက် ဆင်းရဲမှုပပျောက်ရေး၊ အရည်အသွေး ကောင်းမွန်သောပညာရေး၊ ကျား/မ တန်းတူညီမျှရေး၊ ကောင်းမွန်သော အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးမှု၊ တီထွင်ဆန်းသစ်မှု၊ မညီမျှမှုများလျှော့ချရေး၊ ရေရှည်တည်တံ့သော မြို့တော်များနှင့် လူမှုအဖွဲ့အစည်းများ၊ ပူးပေါင်းဆောင်ရွက်မှု စသောပန်းတိုင်ရှစ်ခုကို အကောင်အထည် ဖော်ရာတွင် အဓိကကျသော ပထမဦးစားပေးကဏ္ဍအဖြစ် ပါဝင်လျက်ရှိပါသည်။ ခရီးသွားလုပ်ငန်း၏ အမျိုးမျိုးသော အလုပ်အကိုင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ကြံ့ကြံ့ခံနိုင်သော ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ရန်အတွက် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး၊ ကျွမ်းကျင်မှုအသစ်များ သင်ကြားနိုင်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း အလုပ်အကိုင်များမှ စွန့်ခွာသွားသူများနှင့် ပါရမီစွမ်းရည်ရှိသူများအား ဆွဲဆောင်နိုင်မည့် အလုပ်အကိုင် ဝန်းကျင်ကောင်းများကို ဖန်တီးပေးရန်လိုအပ်ပါသည်။ ဒေသခံများနှင့် အခွင့်အလမ်းနည်းပါးသော အုပ်စုများအတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နိုင်ရန် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရမည်ဖြစ်ပါသည်။

 

ဒုတိယကဏ္ဍအနေဖြင့် ကမ္ဘာမြေစိမ်းလန်း သာယာရေးအတွက် ရေရှည်တည်တံ့သော အခြေခံ အဆောက်အဦများနှင့် သဘာဝသယံဇာတစီမံ ခန့်ခွဲမှုများဖြင့် အစိမ်းရောင်ခရီးသွားလုပ်ငန်းအဖြစ် အသွင်ကူးပြောင်းမှုဖြစ်ပါသည်။ သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်၊ တီထွင်ဆန်းသစ်မှုနှင့် အခြေခံ အဆောက်အဦ၊ ရေရှည်တည်တံ့သော မြို့တော်များနှင့် လူမှုအဖွဲ့အစည်းများ၊ တာဝန်သိသော ထုတ်လုပ်စားသုံးမှုများ၊ ရာသီဥတု ပြောင်းလဲမှုတုံ့ပြန်ရေး၊ သက်ရှိအဏ္ဏဝါ သယံဇာတများ၊ လူနေမှုဘဝများ စသော ဖွံ့ဖြိုးရေး ပန်းတိုင်ခုနစ်ခုကို အထောက်အကူပြုလျက်ရှိပါ သည်။ ရေရှည်တည်တံ့သော၊ တာဝန်သိသော၊ ကြံ့ကြံ့ခံနိုင်သော ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်မည့် ရေရှည်တည်တံ့သော အခြေခံ အဆောက်အဦများနှင့် လုပ်ငန်းများအဖြစ် ပြောင်းလဲရမည် ဖြစ်ပါသည်။ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်မည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ လေထုနှင့် ရေထုညစ်ညမ်းမှုများကို လျှော့ချနိုင်မည့် နည်းလမ်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် စွန့်ပစ်ပစ္စည်းကို ပြန်လည်အသုံးပြုနိုင်သော လုပ်ငန်းများကို အားပေးရမည်ဖြစ်ပါသည်။

 

တတိယကဏ္ဍအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင်မှု လုပ်ငန်းများကို ပံ့ပိုးမြှင့်တင်ပေးခြင်းဖြစ်ပါသည်။ MSMEs လုပ်ငန်းများသည် ခရီးသွားလုပ်ငန်းတွင် ၈၀ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ခရီးသွားအလုပ်အကိုင် ထက်ဝက်ခန့်သည် အဆိုပါ MSMEs လုပ်ငန်းများမှ ဖန်တီးပေးထားခြင်း ဖြစ်ပါသည်။ ကောင်းမွန်သော အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဆန်းသစ်မှု၊ ရေရှည်တည်တံ့သော မြို့တော်များနှင့် လူမှုအဖွဲ့ အစည်းများ၊ မညီမျှမှုများလျှော့ချရေး၊ ပူးပေါင်း ဆောင်ရွက်မှု စသော ပန်းတိုင်ငါးခုကို အထောက် အကူပြုလျက်ရှိပါသည်။ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုနှင့် ရေရှည်တည်တံ့ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှုရှိသော၊ တီထွင်ဆန်းသစ်မှုကို ဦးတည်သည့်လုပ်ငန်းများ ဖြစ်ထွန်း လာစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါ သည်။

 

မြန်မာနိုင်ငံနှင့် အစိမ်းရောင်ခရီးသွားလုပ်ငန်း

 

မြန်မာနိုင်ငံအနေဖြင့်လည်း ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ သက်မွေးပညာနှင့် အဆင့်မြင့်ပညာရပ်များ ထွန်းကားရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကျွမ်းကျင်မှု “စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၊ သက်မွေးပညာဦးစီးဌာန အစရှိသော ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဆောင်ရွက်နေသကဲ့ သို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ်ဆိုင်ရာ သက်မွေး ပညာသင်ကျောင်းများနှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် အာဆီယံခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်ကဲ့သို့သော နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုး တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တာဝန်သိခရီးသွားလုပ်ငန်း မူဝါဒများကိုချမှတ်ကာ ဆောင်ရွက်နေသကဲ့သို့ အာဆီယံ အစိမ်းရောင်ဟိုတယ်စံနှုန်း၊ လူထုအခြေပြုခရီးသွား လုပ်ငန်းစံနှုန်းနှင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစံနှုန်းများကဲ့သို့သော နိုင်ငံတကာ စံနှုန်းများနှင့်အညီ အစိမ်းရောင်ခရီးသွား လုပ်ငန်းကို လိုက်ပါအကောင်အထည်ဖော်လျက်ရှိပါသည်။ စွမ်းအင်သုံးစွဲမှုအနေဖြင့်လည်း ရေအား လျှပ်စစ်ကဏ္ဍအပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော လေအားတာဘိုင်များမှ လျှပ်စစ် ထုတ်လုပ်ခြင်း၊ နေရောင်ခြည်သုံး ဆိုလာ စွမ်းအင်ထုတ်လုပ်ခြင်းများကို ဦးစားပေးကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသော ရေရှည်ဖွံ့ဖြိုးရေးကို ဦးတည်သည့် အခြေခံ အဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံလျက် ရှိပါသည်။

 

နိုင်ငံတော်အစိုးရမှလည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နည်းပညာ၊ ငွေကြေးနှင့် မူဝါဒပိုင်းဆိုင်ရာများကို ကူညီပေးနေသကဲ့သို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းကဲ့သို့သော ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ စွန့်ဦးတီထွင်မှုလုပ်ငန်းများ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များကို အရှိန်အဟုန်ဖြင့် အသွင်ကူးပြောင်းနိုင်အောင် ပံ့ပိုးအားပေးလျက်ရှိပါသည်။

 

နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးအတွက်သာမက ခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများပင် ဖြစ်ပါသည်။ ထိုကဲ့သို့ လမ်းကြောင်းမှန်၊ ခြေလှမ်းမှန်ကန်စွာဖြင့် အကောင်အထည်ဖော် လျှောက်လှမ်းနေ ခြင်းသည် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော အလားအလာများ ဖြစ်ပါသည်။ လူသား၊ ကမ္ဘာမြေနှင့် ကြွယ်ဝချမ်းသာခြင်းစသော အခြေခံနယ်ပယ်များတွင် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း အလျင်အမြန် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အား ဂုဏ်ပြုလျက် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။