ခရီးသွားရာသီပြန်စဖို့ မျှော်လင့်နေတဲ့ ဥရောပသမဂ္ဂ

ခြူးစန္ဒီနွေး

 

ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကူးစက်မှုပျံ့နှံ့မှာ စိုးတာကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီကို ပြည်ပကခရီးသွားတွေ အဝင်မခံဘဲ ပိတ်ထားတာလည်းကာလအတန်ကြာရှိပါပြီ။ အခုအခါမှာတော့ စီးပွားရေးနာလန်ထူဖို့အတွက် လုပ်ဆောင်မှုတွေ လုပ်ရမယ့် ကာလဖြစ်လို့ ဇူလိုင် ၁ ရက်ကစပြီး ဥရောပသမဂ္ဂ ပြင်ပကလာမယ့် ခရီးသွားတွေကို ပြန်လည်လက်ခံပေးတော့မယ်လို့ သိရပါတယ်။


တားမြစ်ထားဦးမည်
ဒါပေမယ့်လည်း ရုရှားနဲ့ အမေရိကန်မှာတော့ကူးစက်မှုတွေဟာ ထိန်းချုပ်လို့ ရတဲ့ပမာဏအထိ မရောက်သေးတာကြောင့် အန္တရာယ်များတဲ့ အခြေအနေတွေအဖြစ် သတ်မှတ်ထားတုန်းပါပဲ။ ဒါကြောင့်မို့ အမေရိကန်၊ ရုရှားတို့အပါအဝင် အခြားသော ကိုဗစ် -၁၉ ကူးစက်မှု မြင့်တက်နေတဲ့နိုင်ငံတွေက နိုင်ငံသားတွေကိုတော့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီ ဝင်ရောက်ခွင့် တားမြစ်ထားဦးမယ် လို့အီးယူက အရာရှိတွေက ဇွန် ၂၆ ရက်မှာပြောကြားခဲ့ကြပါတယ်။


ဖြေလျှော့မှုပေးမည်
နောက်ထပ်တစ်ခုကတော့ ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်နိုင်တဲ့နိုင်ငံတွေ၊ ဖြစ်ပွားမှုနှုန်းနည်းတဲ့ နိုင်ငံတွေက ခရီးသွားတွေ ကိုတော့ ဇူလိုင် ၁ ရက်ကစပြီး ပိတ်ဆို့ကန့်သတ်ထားမှုတွေကို ဖြေလျှော့ပေးတော့မှာပါ။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီ လာရောက်ခွင့်ပြုမယ့် နိုင်ငံများစာရင်းကိုတော့ ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် သံတမန်ကြီးတွေက ပြုစုထားပြီးပါပြီ။ လအတန်ကြာ အသွားအလာပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံတို့ဟာ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းကိုဘယ်လိုပြန်လည်စတင်မလဲဆိုတာကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်မှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေ များလာတဲ့အပြင် ကူးစက်နှုန်းပါမြင့်တက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဥရောပသမဂ္ဂကို လာရောက်ခွင့်ပေးတဲ့ နိုင်ငံတွေစာရင်းမှာ အမေရိကန်ကို မထည့်သင့်ဘူးဆိုပြီး ဥရောပသမဂ္ဂ အရာရှိတွေက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။


ခြောက်ကြိမ်ထက်မနည်း ဆွေးနွေး

လုံခြုံစိတ်ချရတဲ့ နိုင်ငံများစာရင်းမှာတော့ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့ပါဝင်ပြီး အဲဒီနိုင်ငံတွေက ကူးစက်မှုနှုန်းနဲ့ ပြည်သူ့ကျန်းမာရေး အစီရင်ခံစာအချက်အလက်တွေကိုကြည့်ပြီး ဆုံးဖြတ်ချက်ချတာပဲဖြစ်ပါတယ်။ နှစ်ပတ်တစ်ခါ ဒီစာရင်းကို အသစ်ပြုလုပ်လေ့ရှိပါတယ်။ ပေါင်းထည့်ရမယ့် တိုင်းပြည်စာရင်းကို အသစ်ပြုစုရပါတယ်။ ဥရောပရဲ့ တည်းတည်းမျှသာ ကျန်ရှိတော့တဲ့ ကျန်းမာရေးအခြေအနေကို ထိခိုက်စေခြင်းမရှိဘဲ စီးပွားရေးတွေ ဘယ်လိုပြန်လည်စတင်ကြမယ်၊ ခရီးသွား တွေကို ဘယ်လိုကန့်သတ်ချက်တွေနဲ့ ပြန်ပြီးလက်ခံမလဲဆိုတာကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ သေချာလေး ဂရုတစိုက်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ခြောက်ကြိမ်ထက်မနည်း ဆွေးနွေးခဲ့ကြပြီးပါပြီ။


မတူညီတဲ့အမြင် ကိုယ်စီရှိကြ

သိပ္ပံနည်းကျတဲ့ စံနှုန်းတွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ဥရောပမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ ကာလဖြစ်တဲ့ မတ်လအတွင်းကစပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ခရီးသွားတွေကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ထားခဲ့ ပါတယ်။ ဥရောပမှာ ကူးစက်မှုနှုန်းနဲ့ သေနှုန်းလျော့ကျလာတာတောင်မှ အမေရိကန်ဘက်က ကန့်သတ်ချက်တွေကို ဖြေလျှော့ ပေးခဲ့ခြင်းမရှိပါဘူး။ ဥရောပကနိုင်ငံတွေမှာလည်း နယ်စပ်တံခါးဖွင့်ဖို့နဲ့ပတ်သက်ပြီး မတူညီတဲ့အမြင်တွေ ရှိနေကြမှာပါပဲ။ ဒါကြောင့်ဥရောပက မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးပဲ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောပါတယ်။


ခရီးသွားလုပ်ငန်း၏ အကျိုးအမြတ်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အထူးသဖြင့် တောင်ပိုင်းနိုင်ငံတွေဟာ အမေရိကန်ခရီးသွားတွေဆီကနေ အကျိုးအမြတ်ရရှ ိနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လကနေ ဩဂုတ်လအတွင်း အမေရိကန်ခရီးသွား ခုနစ်သန်းဟာ ဥရောပကို အလည်အပတ် ခရီးထွက်ခဲ့ကြတယ်လို့ အမေရိကန်အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဥပမာအားဖြင့် ဂရိနိုင်ငံဆိုရင် သူ့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း ငါးပုံပုံရင် တစ်ပုံဟာ ခရီးသွားလုပ်ငန်းအပေါ်မှာပဲ တည်မှီနေပါတယ်။ နွေရာသီခရီးသွားကာလအတွင်းမှာ ဂရိဟာ ဥရောပသမဂ္ဂတားမြစ်ပိတ်ပင်မှုတွေကို လျစ်လျူရှုပြီး ခရီးသွားတွေကို လာရောက်ခွင့်ပြုတာ၊ ခရီးသွားတွေ ရောက်ရှိလာတဲ့အခါ ဆေးစစ်မှုနဲ့ သီးခြားခွဲထားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။


ဂရိနိုင်ငံနှင့် ခရီးသွားလုပ်ငန်း

ဂရိနိုင်ငံဟာ ခရီးသွားလုပ်ငန်းအပေါ်တည်မှီနေတာဖြစ်တဲ့အတွက်ကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားနေသော်လည်း ဥရောပသမဂ္ဂရဲ့ စံနှုန်းတွေကို အနည်းငယ်ပျော့ပျောင်းစေလိုပါတယ်။ ဇွန်လအတွင်းက ကာတာနိုင်ငံ ဒိုဟာမြို့ကနေ အေသင်မြို့ကို ပျံသန်းလာတဲ့လေယာဉ်ပေါ်လိုက်ပါ လာတဲ့ခရီးသည် ၉၁ ဦးရှိတဲ့အနက် ၁၂ ဦးမှာ ကိုဗစ်-၁၉ ရှိနေကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒိုဟာမြို့ကလာတဲ့ လေကြောင်းခရီးစဉ်တွေ အားလုံးကို ဆိုင်းငံ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း အန္တရာယ်ကင်းကင်းနဲ့ ခရီးသွားလုပ်ငန်းကို ပြန်စဖို့ဆိုရင် ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ အများကြီး ရှိနေပါသေးတယ်။


ခရီးသွားလုပ်ငန်းကို အားထားရသည့်နိုင်ငံများ

ဂရိနိုင်ငံလိုပါပဲ။ ခရီးသွားလုပ်ငန်းကရတဲ့အကျိုး အမြတ်ကအရေးကြီးတာကြောင့် ခရီးသွားလုပ်ငန်းကိုအားထားတဲ့နိုင်ငံတွေ ရှိနေပါသေးတယ်။ အဲဒီနိုင်ငံတွေကတော့ စပိန်၊ အီတလီနဲ့ ပေါ်တူဂီတို့ပါပဲ။ အဲဒီနိုင်ငံတွေမှာတော့ နိုင်ငံရပ်ခြားကလာမယ့် ခရီးသွားတွေအတွက် ကျန်းမာရေးစစ်ဆေးဖို့ အစီအစဉ်တွေပြုလုပ်ထားပါတယ်။ စပိန်နဲ့ ဂရိနှစ်နိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေပြင်ပကလာတဲ့ ခရီးသွားအချို့ကိုလည်း လက်ခံနေပါတယ်။ နယ်သာလန်နိုင်ငံကတော့ ဥရောပနဲ့ အခြားကမ္ဘာ့နိုင်ငံ တွေကြား ကုန်ပစ္စည်းလွှဲပြောင်းမှုအတွက် အဓိကအရေးပါတဲ့နေရာမှာ တည်ရှိပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြား နယ်စပ်တံခါးဖွင့်ပေးတာဟာ စီးပွားရေးအတွက် လုပ်ဆောင်ရတာဖြစ်ပြီး ပြင်ပနိုင်ငံတွေက လာမယ့်ခရီးသွားတွေအတွက်တော့ တံခါးတွေဖွင့်ပေးဖို့ နယ်သာလန်နိုင်ငံအနေနဲ့ တွန့်ဆုတ်နေပါတယ်။


ဝင်ရောက်ခွင့်ပြုသည့် နိုင်ငံများစာရင်း

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီ လာရောက်ခွင့်ပြုသည့် နိုင်ငံများစာရင်းတွင် အယ်လ်ဂျီးရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျော်ဂျီရာ၊ ဂျပန်၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နယူးဇီလန်၊ ရဝမ်ဒါ၊ ဆားဘီးယား၊ တောင်ကိုရီးယား၊ ထိုင်း၊ တူနီးရှား၊ ဥရုဂွေး၊ မော်နာကိုနဲ့ ဗာတီကန်တို့ပါဝင်တာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံကသာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ခရီးသွားတွေ အတွက် ပြည်ဝင်ခွင့်ကန့်သတ်ထားမှုကို ဖယ်ရှားပေးမယ်ဆိုရင် ဥရောပသမဂ္ဂနိုင်ငံတွေ လာရောက်ခွင့်ပြုတဲ့နိုင်ငံ တွေစာရင်းမှာ တရုတ်နိုင်ငံကိုလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံကတော့ ဥရောပသမဂ္ဂအဖွဲ့ကြီးကနေ နုတ်ထွက်ပြီး ဖြစ်ပေမယ့် အခုနှစ်ကုန်ပိုင်းအထိ အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ထားဆဲပါပဲ။ ဒါကြောင့် ဥရောပသမဂ္ဂအဖွဲ့ကြီးရဲ့ ကန့်သတ်ချက်တွေအတိုင်း လုပ်ဆောင်ရဦးမှာပါ။

 

လှုပ်ရှားရုန်းကန်ရဦးမည်

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှာကိုစိုးရိမ်ကြပေမယ့် စီးပွားရေးနာလန်ထူဖို့ အတွက်ကလည်းမလုပ်မဖြစ် လှုပ်ရှားရုန်းကန်ရဦးမှာပါ။ ဒါကြောင့် ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ပေးဖို့ဆိုတာ စွန့်စားရာရောက် ပေမယ့် ဥရောပအချို့နိုင်ငံတွေကတော့ အကောင်းဆုံးနည်းလမ်းတွေ စဉ်းစားပြီး ပြန်စဖို့ကြိုးစားနေကြပါတယ်။ ။

ကိုးကား - နယူးယောက်တိုင်းမ်