ခရီးသည် ၁၃၂ ဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ် တရုတ်တောင်ပိုင်းတွင် ပျက်ကျ

နန်နင်း မတ် ၂၂

 

ခရီးသည် ၁၃၂ ဦး လိုက်ပါစီးနင်းလာသည့် လာသည့်ခရီးသည်တင်လေယာဉ် တစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် မတ် ၂၁ ရက်က ပျက်ကျခဲ့ကြောင်း ဒေသတွင်း အရေးပေါ်စီမံခန့်ခွဲမှု ဌာနက ပြောကြားလိုက်သည်။ လေယာဉ် ပျက်ကျမှုတွင် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲမိကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်း လေကြောင်းလိုင်းက ဖော်ပြခဲ့သော်လည်း လူဘယ်နှဦးသေဆုံး သွားခဲ့သလဲဆိုသည့်အပေါ် အတိအကျ ဖော်ပြခြင်း မရှိသေးပေ။

 

တရုတ်နိုင်ငံအရှေ့ပိုင်း လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်သည် ကူမင်းမှ ကွမ်ကျို့သို့ ဦးတည်ပျံသန်းနေစဉ် ဒေသစံတော်ချိန် ၂ နာရီ ၃၈ မိနစ် တွင် ဝူကျိုမြို့ တန်ကျန်းစီရင်စု မိုလန်ကျေးရွာအနီး တောင်ကုန်း ထူထပ်ရာနေရာသို့ ပျက်ကျသွားခဲ့ပြီး တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း အရေးပေါ် စီမံခန့်ခွဲမှုဌာနကပြောကြားသည်။

 

လေယာဉ်အမှတ် အမ်ယူ ၅၇၃၅ တွင် လိုက်ပါလာသူ ၁၃၂ ဦးအနက် ၁၂၃ ဦးမှာ ခရီးသည်များဖြစ်ကာ ကိုးဦးမှာ လေယာဉ်အမှုထမ်းများ ဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်း အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိပြီး လေယာဉ်ပျက်ကျရာ နေရာသို့ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကြောင်း ဆက်လက်ဖော်ပြထားသည်။

 

မီးများကို ငြိမ်းသတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း အရေးပေါ် စီမံခန့်ခွဲမှုဌာန အရာရှိတစ်ဦး ဖြစ်သူ ချိန်ဂျီက ပြောကြားလိုက်သည်။

 

ဝူကျို့ မီးသတ်ဌာနက မီးသတ်သမား ၁၁၇ ဦးနှင့်အတူ မီးသတ်ကား ၂၃ စီးကို အခင်း ဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်။ ထို့အပြင် ကွမ်ရှီးမှ တခြား မီးသတ်သမားပေါင်း ၅၃၈ ဦး ကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ရန် စေလွှတ်ထားကြောင်း ဒေသတွင်း အရေးပေါ်စီမံခန့်ခွဲမှု ဌာနက ဝီဘိုအကောင့်တွင် ပြောကြားထားသည်။

 

ထို့အပြင် ကွမ်တုံပြည်နယ် မှ မီးသတ်သမား ၅၀၅ ဦးနှင့် မီးသတ်ယာဉ် ၉၇ စင်းကိုလည်း ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်ထားရာ ပထမအသုတ်မှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိပြီးဖြစ်သည်။

 

ကွမ်ရှီးဒေသ ကျန်းမာရေးကော်မရှင်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ၁၂ ဦးကို အခင်းဖြစ်ပွားရာနေရာသို့ ပို့ဆောင်ခဲ့သည်။ ထို့အတူ တခြားဆေးဘက်ဆိုင်ရာ အလုပ်သမား ၈၀ နှင့် လူနာ တင်ယာဉ် ၃၆ စင်းကိုလည်း ဝူကျို့ ကျန်းမာရေးအာဏာပိုင်များက စေလွှတ်ခဲ့ရာ အဆိုပါအဖွဲ့များမှာလည်း အခင်းဖြစ်ရာ နေရာသို့ရောက်ရှိနေပြီဖြစ်သည်။

 

လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်းနှင့် လေယာဉ်ပျက်ကျမှု ဖြစ်ပြီးနောက် ကနဦးအရေးပေါ် တုံ့ပြန်ရေးဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိကြောင်း တရုတ်အရှေ့ပိုင်း လေကြောင်းလိုင်းကပြောသည်။

 

ဆင်ဟွာ