ခရီးသည်တင်ဆောင်နိုင်ပြီး မြေပြင်သွားယာဉ်အဖြစ်သာမက လေပေါ်တွင်လည်းသွားနိုင်သည့် POPUP NEXT

နေပြည်တော် ၁၆ မတ်

 

ဘီးလေးလုံးဖြင့် မြေပြင်သွားယာဉ်အဖြစ် ခရီးသည်လိုက်ပါ စီးနင်းနိုင်ကာ ဒရုန်းကိုယ်ထည် တပ်ဆင် ပေးလိုက်ရုံဖြင့် လေပေါ်ပျံတက် သွားလာနိုင်သည့် PopUp Next အမည်ရယာဉ်တစ်မျိုးကို Audi မှ ဒီဇိုင်းဖန်တီးကာ Airbus မှထုတ်လုပ်ထားပြီး၂၀၁၈ ခုနှစ် Geneva မော်တော်ယာဉ်ပြပွဲတွင် ပြသခဲ့ကြောင်း သိရသည်။ 

 

အဆိုပါယာဉ်ကိုယခင်နှစ်ကလည်း အဆိုပါယာဉ်ကဲ့သို့ ယာဉ်တစ်မျိုးကို Airbus က ပြသခဲ့သော်လည်း ပြည့်စုံမှုမရှိခြင်းကြောင့် ယခုနှစ်တွင် ပြန်လည်ဆန်းသစ်ကာ ထပ်မံပြသခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့် နည်းပညာများသုံးစွဲကာ မောင်းသူမဲ့ဒရုန်းဖြင့်လည်း တွဲဖက်၍ လေပေါ်သို့ပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါယာဉ်ငယ်တွင် လူလိုက်ပါစီးနင်းနိုင်သော ထိုင်ခုံနှစ်လုံးပါဝင်ပြီး အလိုအလျောက်မောင်းနှင်စနစ်နှင့် မောင်းနှင်သူ သို့မဟုတ် အသုံးပြုသူ၏ အသိဉာဏ်တု Artificial Intelligence (AI) နည်းပညာလည်း ပါဝင်သည်ဟုသိရသည်။ ကိုယ်ထည်မှာ ၄၉ လက်မအကျယ်ရှိကာ အဆိုပါယာဉ်ကိုထိန်းချုပ်ရန် အသံစနစ်ဖြင့်လည်းကောင်း၊ မျက်နှာအတည်ပြုစနစ်ဖြင့်လည်းကောင်း၊ မျက်လုံးဖတ်ဆင်ဆာဖြင့်လည်းကောင်းပြုလုပ်နိုင်ပြီး ယာဉ်၏အတွင်းခန်းတွင်လည်း ထိန်းချုပ်ရန် မျက်နှာပြင်တစ်ခုပါဝင်ကာ ပျံသန်းခြင်းနှင့် မြေပြင်ဆင်းသက်ခြင်းတို့အတွက် အလိုအလျောက်နည်းပညာဖြင့် ထိန်းချုပ်ထားကာ သက်သောင့်သက်သာဖြင့် လိုက်ပါစီးနင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

 

PopUp Next သည် ၂၀၁၈ ခုနှစ် Geneva မော်တော်ယာဉ်ပြပွဲတွင် လူအများစိတ်ဝင်စားခြင်းကိုခံရသော်လည်း သုံးစွဲလိုသူနှင့် စီးနင်းလိုသူများအတွက် ထုတ်လုပ်ရောင်းချပေးခြင်းမျိုး ပြုလုပ်သွားမည်မဟုတ်ဘဲ နည်းပညာနှင့် လူစီးယာဉ်များ တိုးတက်ပြောင်းလဲလာမှုကိုပြသရန်သာ ဖန်တီးထားခြင်းဖြစ်ပြီး ကုန်ကျစရိတ်နှင့် နိုင်ငံတကာဥပဒေများကြောင့် တရားဝင်ထုတ်လုပ်ရောင်းချခြင်းအတွက် အခက်အခဲရှိနေခြင်းလည်းစဖြစ်ကြောင်း သိရသည်။

 

အခြားခရီးသည်တင် မောင်းသူမဲ့ယာဉ်များကို ယခုနှစ်အတွင် နမူနာပြသခြင်းများလည်းရှိနေပြီး တရားဝင်ထုတ်လုပ်ရောင်းချရန်အတွက် လုပ်ငန်းရှင်အချို့က ကြိုးစားဖန်းတီးလျက်ရှိကြပြီး တန်ဖိုးမြင့်မားကာ နည်းပညာစနစ်တိုးတက်လာသော မောင်းသူမဲ့လူစီးယာဉ်များကို အနာဂတ်ကာလတွင် လက်တွေ့တွေ့မြင်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။ 

 

ဇာဏီ