ခရီးထွက်အပန်းဖြေခြင်းဖြင့် စိတ်ခွန်အားသစ်များနှင့် ပျော်ရွှင်နွေးထွေးမှုကို ခံစားရရှိစေနိုင်

မန္တလေး ၃ မတ်

 

 

သဘာဝအမွေအနှစ်ရှိရာ ဒေသများသို့ သွားရောက်အပန်းဖြေ အနားယူခြင်းဖြင့် စိတ်ခွန်အားသစ်များနှင့် ပျော်ရွင်နွေးထွေးမှုကို ခံစားရရှိစေနိုင်ကြောင်း ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့သို့ လာရောက်ကျသည့် ပြည်တွင်းခရီးသွားများက ပြောသည်။

 

 

ရုံးလုပ်ငန်းတာဝန်များဖြင့် အချိန်ကုန်နှစ်မြုပ်နေကြသည့် ပြည်သူများနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ သဘာဝအမွေအနှစ်များရှိရာ ဒေသများသို့ ယခုလို ရုံးပိတ်ရက်ရှည်ခံစားရရှိသည့် ကာလများတွင် သွားရောက်အနားယူခြင်းကြောင့် စိတ်ခွန်အားအသစ်များကို ခံစားရရှိစေကြောင်း မန္တလေးမြို့ရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ မကွေးမြို့မှ လာရောက်အပန်းဖြေကြသည့် စိုက်ပျိုးရေးဝန်ထမ်းများက ပြောသည်။

 

 

“ဒီတစ်ခါ ရုံးပိတ်ရက်ရှည်ရတဲ့ကာလလေးမှာ အကျိုးရှိအောင်အသုံးချဖို့ အပန်းဖြေခရီး ထွက်လာတာပါ။ ဦးပိန်တံတားနဲ့ တောင်သမန်အင်းအလှက စိတ်ကို လန်းဆန်းစေသလို ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ဒီးဒုတ်ရေပြာအိုင်စခန်းမှာ ရေကစားခဲ့ရတာလည်း ပေါ့ပါးလွတ်လပ်မှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို ဝန်ထမ်းတွေအနေနဲ့ အားအင်သစ်တွေနဲ့ တာဝန်တွေ ပြန်ထမ်းဆောင်နိုင်ဖို့ ဒီလိုခရီးထွက် အပန်းဖြေမှုတွေလုပ်ပေးသင့်တယ်”ဟု ၎င်းတို့က ပြောသည်။

 

 

ထို့ပြင် စဉ့်ကိုင်မြို့နယ်မှ ပြင်ဦးလွင်မြို့အနီးရှိ  ဒီးဒုတ်ရေတံခွန်ဆင်စခန်းသို့ လာရောက်လည်ပတ်ကြသည့် ဦးခင်မောင်ဝင်းကလည်း “သားသမီးတွေ ရုံးပိတ်ရက်ကာလနဲ့ မြေးတွေ ကျောင်းပိတ်ချိန် ဆုံတုန်းလေး ပျော်ပျော်ပါးပါး ခရီးထွက်လာကြတာပါ။ အဓိကအနေနဲ့ မြေးတွေပျော်ရွှင်ပြီး မိသားစုနွေးထွေးမှုတွေရရှိစေဖို့ ဒီလိုအပန်းဖြေစခန်းတွေကို ရွေးပြီးလည်ပတ်ခဲ့ပါတယ်”ဟု ပြောသည်။

 

 

မန္တလေးတိုင်းဒေသကြီးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ စိတ်ကို ကြည်လင်လန်းဆန်းစေသည့် သဘာဝအမွေအနှစ်များဖြစ်သော တော၊ တောင် ရေမြေ သဘာဝရှုခင်းအလှအပများ ပေါများရာဒေသဖြစ်ခြင်းကြောင့် ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ရှည် ကာလများတွင် ပြည်တွင်းခရီးသွားများ ပိုမိုများပြားစွာ ဝင်ရောက်လေ့လာ အပန်းဖြေအနားယူလျက်ရှိကြောင်း သိရသည်။

 

 

မင်းထက်အောင် (မန်းကိုယ်ပွား)