ခရိုင်အဆင့် စံပြရဲရွေးချယ်မှု အရည်အချင်းစစ်စာမေးပွဲ မြိတ်မြို့တွင် ကျင်းပ

မြိတ် ၆ မေ

 

၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စံပြရဲရွေးချယ်နိုင်ရေးအတွက် မြိတ်ခရိုင်ရဲတပ်ဖွဲ့ရှိ ရဲတပ်သားမှ ရဲအုပ်အထိ အဆင့်အလိုက် စံပြရဲရွေးချယ်မှု ခရိုင်အဆင့် အရည်အချင်းစစ်စာမေးပွဲကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် မေ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

စံပြရဲရွေးချယ်မှု ခရိုင်အဆင့် အရည်အချင်းစစ်စာမေးပွဲကို မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ ရဲတပ်သားမှ ရဲအုပ်အဆင့်အထိ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

 

စံပြရဲ အရည်အချင်းစစ်စာမေးပွဲ ဝင်‌ရောက်ဖြေဆိုခဲ့ကြသည့် တပ်ဖွဲ့ဝင်များထဲမှ ခရိုင်ဆင့်ရွေးချယ်ခံရသူများမှ တနင်္သာရီတိုင်းဒေသကြီးအဆင့် အရည်အချင်းစစ်စာမေးပွဲကို ထပ်မံဖြေဆိုရမည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့် ရွေးချယ်ခံရပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ဩဂုတ်လ၌ကျင်းပမည့် စံပြရဲရွေးချယ်မှု အရည်အချင်းစစ်စာမေးပွဲကို ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)