ခရမ်းလွန်ရောင်ခြည်အန္တရာယ်

နေပြည်တော် ၂ မေ

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက်နိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် လတ်တလောထိတွေ့မှုများကြောင့် နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်းစသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

ကာကွယ်နိုင်မည့်နည်းလမ်းများ

၁။ ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ ကျရောက်နိုင်သည့် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီခန့် အတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

၂။ အပြင်ထွက်ရန် လိုအပ်ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် မျက်နှာ၊ လည်ပင်းနှင့် ပုခုံးတို့ကိုပါ လုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားပါ။

၃။ အဝတ်လွတ်ကင်းနေသောလက်၊ လည်ပင်းနှင့် ပုခုံးစသည့်နေရာများကို သနပ်ခါးထူထူ(သို့) SPF ၁၅+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ(၁၅)မိနစ်ခန့် ကြိုလိမ်းပေးပါ။ နေရောင်ခံလိမ်းဆေးတစ်ခါလိမ်းပြီး (၂)နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးပါ။

၄။ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉%)အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်များကို တပ်ဆင်သင့်ပါသည်။

၅။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပါ အဝတ်အထည်များကို ဝတ်ဆင်ပါ။

၆။ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူများ၊ အရက်အလွန်အကျွံသောက်သုံးသူများ၊ ကလေးငယ်များနှင့် သက်ကြီးဘိုဘွားများသည် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်ပါသည်။

၇။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်၏ဆိုးကျိုးများကို ပိုမိုထိခိုက်ခံစားရနိုင်သဖြင့် လူကြီးမိဘများအနေဖြင့်

အသက်တစ်နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုပါနှင့်။

ကလေးများကို အရိပ်ထဲတွင်သာ ကစားပါစေ။

ကလေးငယ်များအနေဖြင့် အပြင်ထွက်ရန်လိုအပ်ပါက အထက်ဖော်ပြပါအတိုင်း ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ပေးပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN