ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ(ဘားအံ)တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိနိုင်ရေး ပြင်ဆင်ထားမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကြည့်ရှုစစ်ဆေး

ဘားအံ ၂၂ စက်တင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အင်းအားမြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဘားအံတိုင်းရင်းဆေးရုံ (၂)ထပ်လူနာဆောင်နှင့် သံဃာဆောင်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စတီးသံပန်း၊ သံတံခါးများ စနစ်တကျ တပ်ဆင်ထားရှိပေးနိုင်ရေး မှာကြားခဲ့သည်။

ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၁၅ ဦးခန့် ထားနိုင်ပြီး လူနာဦးရေ ပိုမိုထားရှိနိုင်ရန် ရနိုင်သမျှ ဆောင်ရွက်လျက်ရှိသည်။ ဘားအံတိုင်းရင်းဆေးရုံတွင်လည်း လူနာ ၅၀ ဦးခန့် ထားရှိနိုင်ပြီး ယခုအခါ ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးရှိကာ ဘားအံပြည်သူ့ဆေးရုံကြီးတွင် ၅ ဦး၊ တောင်ငူဆေးရုံတွင် ၂ ဦး ဆေးကုမှုခံယူလျက်ရှိရာမှ ကော့ကရိတ်မြို့နယ် မင်းရွာမှတစ်ဦးနှင့် တောင်ငူဆေးရုံမှ ၂ ဦးတို့မှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှဆင်းသွားကြပြီဖြစ်သည်။ ကရင်ပြည်နယ်တွင် ဘားအံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော အတည်ပြု လူနာ ၄ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)