ချယ်လ်ဆီး၊ မန်စီးတီးနဲ့ မန်ယူအသင်းတို့က ဒီကလန်ရိုက်အား ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းလာမှု ဝက်စ်ဟမ်း ငြင်းဆိုမည်ဟုဆို

ပရီမီယာလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ ပရီမီယာလိဂ်ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး အသင်း၊ မန်စီးတီးအသင်းနဲ့ မန်ယူ အသင်းတို့က ကွင်းလယ်ကစားသမား ဒီကလန်ရိုက်အား ပြောင်းရွှေ့ ကြေး ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းလာမှုကို ငြင်းဆိုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်ကို ထိပ်ဆုံးက စိတ်ဝင်စားနေတဲ့ အသင်းဟာ ချယ်လ်ဆီးအသင်းဖြစ်ပြီးဝက်စ်ဟမ်းအသင်းကတော့ ဥရောပပြိုင်ပွဲ တွေမှာ ရလဒ်ကောင်းတစ်ခုပိုင်ဆိုင်ဖို့အတွက် ဒီကလန်ရိုက်ကို အသင်းမှာ ဆက်ထားဖို့ စိတ်ဆန္ဒပြင်းပြ နေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ နည်းပြဒေးဗစ်မိုယက်လက်ထက်မှာ ယူရိုပါလိဂ်မှာ ခြေစွမ်းပြကစားထား နိုင်ခဲ့တဲ့အပြင် ပရီမီယာလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၁၁)မှာ လီဗာပူးအသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိ ခဲ့တာကြောင့် လက်ရှိ ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့်(၃) နေရာမှာ ရပ်တည်နေခွင့်ရရှိနေတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းမှာ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်ဟာ မရှိမဖြစ်အရေးပါတဲ့ ကစားသမား တစ်ဦးအဖြစ်ရှိနေပြီး ကမ္ဘာ့အကောင်းဆုံးနောက်တန်းကစားသမားတွေဖြစ်တဲ့ ရီယိုဖာဒီနန်၊ ဂယ်ရီနဗီးလ်၊ ဂျွန်တယ်ရီ စတဲ့ကစားသမားတွေရဲ့ ချီးကျူးမှုကိုပင်ခံထားရသူ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ဝက်စ်ဟမ်းအသင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်ကို ပရီမီယာလိဂ်ထိပ်တန်းအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးအသင်း၊ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ငွေကြယ်