ချယ်လ်ဆီးလူငယ်ကစားသမား ချာလီဝက်ဘ်စတာကို ဒေါ့မွန်အသင်းက ခေါ်ယူမည်ဟုဆို

၁၂  မေ

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂျာဒန်ဆန်ချိုကို ဆုံးရှုံးရဖွယ် ရှိနေတာမို့ ချယ်လ်ဆီးအသင်းရဲ့ လူငယ်တိုက်စစ်မှူး ချာလီဝက်ဘ်စတာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၁၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး ချာလီဝက်ဘ်စတာဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါက်ဖွားလာတဲ့ ကစားသမားတွေထဲမှာ အတောက်ပဆုံးကစားသမားတစ်ဦးဖြစ်ပြီး ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ပထမအသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ ရာနှုန်းပြည့် သေချာနေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ပရီမီယာလိဂ်မှာ ကစားရဖို့ စောင့်ရဦးမယ့် အနေအထားဖြစ်ပါတယ်။

တိုက်စစ်မှူး ဂျာဒန်ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး တောက်ပတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့သလို အင်္ဂလန်လူငယ်ကစားသမား အများစုဟာလည်း ဥရောပဆီ ပြောင်းရွှေ့ကစားခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ချာလီဝက်ဘ်စတာအနေနဲ့ အပြောင်းအရွှေ့ဈေးကွက် ပြန်ဖွင့်ပါက ချယ်လ်ဆီးအသင်းကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ငွေကြယ်