ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။               ။  ယခုလက်ရှိမြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ကာလ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်းလုပ်ဆောင် လျက်ရှိနေတာကိုလည်း မိဘပြည်သူများ အတွေ့အမြင်ပဲ ဖြစ်ပါတယ်။

 

ဒီလိုဆောင်ရွက်နေစဉ်မှာလည်း အများပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ သိရှိလိုတာတွေလည်း တိုးမြင့်လာနေပြီလို့ သိရပါတယ်ရှင်။ ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်းပြီး ရုပ်မြင်သံကြား အမေး/အဖြေကဏ္ဍကို တင်ဆက်ပေးဖို့ လမ်းညွှန်ချက်ပေးခဲ့တာကြောင့် နည်းပညာပိုင်းဆိုင်ရာ ကူညီအကြံ ပြုအားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့မှ ပါမောက္ခကြီးတွေ၊ အငြိမ်းစားပါမောက္ခကြီးတွေနဲ့ သမားတော်ကြီးတွေက ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ မိဘပြည်သူတွေသိရှိလိုတဲ့ မေးခွန်းတွေကို ဖြေကြားဆွေးနွေးပေးသွားကြမှာ ဖြစ်ပါတယ်။

 

ဒီနေ့အတွက် မေးမြန်းဖြေကြားဆွေးနွေးမှုမှာတော့ ပါမောက္ခဒေါက်တာဦးရဲမြ (သွေးရောဂါအထူးကုဆရာဝန်ကြီး)၊ ပါမောက္ခဒေါက်တာဦးစိုးလွင်ငြိမ်း (ကူးစက်ရောဂါအကြံပေးပညာရှင်)နဲ့ ဒေါက်တာဒေါ်သီတာလှ (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန) တို့က ပါဝင်ဆွေးနွေးပေးကြမှာ ဖြစ်ပါတယ်။ ဆရာကြီးတို့/ဆရာမကြီးတို့ အားလုံးမင်္ဂလာပါရှင်။ ဟုတ်ကဲ့ပါ ပထမဆုံးအနေနဲ့ ဒီနေ့ဆွေးနွေးပွဲမှာ ပါဝင်ပြီးတော့ ဆွေးနွေးပေးတဲ့ အတွက် ဆရာကြီး/ဆရာမကြီးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေရှင်။ ဒီနေ့ရဲ့ ဆွေးနွေးမှုတွေကို စတင်ဖို့အတွက် ဆရာမကြီးကနေ ဦးဆောင်ဆွေးနွေးပေးဖို့ အတွက် ဖိတ် ခေါ်အပ်ပါတယ်။

 

ဒေါက်တာဒေါ်သီတာလှ။           ။ ကျေးဇူးတင်ပါတယ်။ မြန်မာ့ရုပ်မြင်သံကြား ကြည့်ရှုနေတဲ့ ပြည်သူများအားလုံး မင်္ဂလာပါရှင်။ ကျွန်မကတော့ အဓိက တာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနဲ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနတို့အကြား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် ကုသရေးဦးစီးဌာနရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ရန်ကုန်မြို့ကို စက်တင်ဘာ ၁၅ ရက်တည်းက ရောက်ရှိပြီး ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

 

ယနေ့အစီအစဉ်အရ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook Page မှာ မေးမြန်းထားတဲ့ မေးခွန်းတွေအပေါ်မှာ ပြည်သူများ သိရှိဖို့အတွက် ပြန်လည် ဖြေကြားပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကျွန်မရဲ့ ဆရာကြီးများ ဖြစ်တဲ့ ဆရာကြီး ဦးရဲမြနဲ့ ဆရာကြီး ဦးစိုးလွင်ငြိမ်းတို့ နှစ်ဦးကအတူပါဝင်ပြီး ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

 

ကျွန်မအနေနဲ့ မေးခွန်းတွေက များတဲ့အတွက် တူရာ၊ တူရာ မေးခွန်းတွေကို ပေါင်းစပ်ပြီးတော့ ဒီထဲကမှ ယနေ့ အခြေအနေနဲ့ ကိုက်ညီတဲ့၊ ပြည်သူတွေသိချင်တဲ့ မေးခွန်းများကို ရွေးထုတ်ထားတာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဆရာကြီး ဦးရဲမြ ရှင့်၊ ရွေးချယ်ထားတဲ့ မေးခွန်းများအနက် အနံ့မရတာနဲ့ ပတ်သက်ပြီး မေးခွန်းက အများဆုံးဖြစ်တာကို စစ်ဆေးတွေ့ ရှိရပါတယ် ဆရာကြီးရှင့်။

 

ဒီမေးထားတဲ့ မေးခွန်းတွေမှာတော့ အနံ့ပျောက်တိုင်း ကိုဗစ် - ၁၉ ဖြစ်လာနိုင်လား။ အနံ့နဲ့ ပတ်သက်ပြီးတော့ ဘာမှမရတော့တာလား။ အနံ့နဲ့ အရသာပါ တွဲပြီး ပျောက်တာလား။ ဒီရာသီမှာက မိုးမိ ပြီး ရာသီတုပ်ကွေးလည်း ဖြစ်နိုင်တော့ ရာသီတုပ်ကွေးကရော အအေးမိ နှာစေးအနံ့ပျောက်လား စသဖြင့် မေးမြန်းထားတာ ဖြစ်ပါတယ်။ ဒီမေးခွန်းကိုလည်း ဖြေကြားပေးဖို့အတွက် ဆရာကြီးကို မေတ္တာရပ်ခံပါတယ်။

 

ပါမောက္ခဒေါက်တာဦးရဲမြ။            ။ ဟုတ်ကဲ့ ယခု ဒုတိယလှိုင်းမှာ ရောဂါပိုးကူးစက်ခံရတဲ့ လူတွေများ လာတာနဲ့ အမျှ နောက်ပိုင်းမှာ အနံ့မရဘူးဆိုတဲ့ လက္ခဏာ တစ်ခုက သိသိ သာသာ ထွက်လာတာပေါ့။ တစ်နေ့တစ်နေ့ကို ရာဂဏန်းအထိတောင်မှ တွေ့လာရတာ ဖြစ်တယ်။ အဲဒီတော့ ဒီကိုဗစ် - ၁၉ မှာ အနံ့ မရတာဟာ အရေးကြီးတဲ့ လက္ခဏာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအနံ့မရတဲ့ လက္ခဏာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထည့်သွင်းဖော်ပြ ထားပြီး ဖြစ်ပါတယ်။

 

ကျွန်တော်တို့ ဒီအချိန်ကာလမှာ   ဒီလိုအနံ့မရတာ   ဟာတော်တော်လေး ထူးခြားပါတယ်။ အထူးသဖြင့်   ပြီးခဲ့တဲ့ ရက်ပိုင်းလေးအတွင်း မှာ စပြီးဖြစ်တာဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ဖို့ တော်တော်လေးများပါတယ်။ ရှင်းရှင်းပြောရရင် ယခုမှဖြစ်တာ ယခုမှ သိတာ ဆိုရင် စစ်လိုက်လို့ရှိရင် ပိုးတွေ့တာ တော်တော်လေးကို များပါတယ်။

 

ဒါပေမယ့် တစ်ခု သတိထားရမှာက နဂိုတည်းကိုက ကျွန်တော်တို့ နှာခေါင်းပိတ်တတ်တဲ့ ရောဂါရှိတယ်။ ခဏခဏ နှာစီးတယ်၊ နှာချေတဲ့ ရောဂါရှိတယ်။ ဒီလူတွေက အနံ့နဲ့ပတ်သက်ပြီး လျော့နည်းနေတာလေးတွေ ကိုတော့  ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆိုလိုတာက ယခုမှဖြစ်တဲ့ဟာ၊ သိသိသာသာဖြစ်လာတာက အရေးကြီးပါတယ်။ ဒီမှာအနံ့ လုံးဝပျောက်ဆုံး သွားတဲ့သူ ရှိသလို၊ အနံ့ကို ခါတိုင်းလောက် မခံစားနိုင်တာ လျော့ သွားတဲ့ဟာတွေ ရှိပါတယ်။  အဲဒီတော့ ကျွန်တော်တို့က အနံ့ပျောက်သွားပြီဆိုရင် စောစောက ပြောသလို ကပ်ရောဂါအချိန်မှာ ယခုချက်ခြင်းဖြစ်တာဆိုရင် အင်မတန်သတိထားဖို့ လိုပါတယ်။

 

ဒါကို ဆေးရုံ၊ ဆေးခန်းပြသဖို့လည်း လိုပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော် တင်ပြသလိုပဲ တော်တော်များများဟာ နှာခေါင်းတို့ဖတ်ယူလို့ရှိရင် ပိုးတွေ့ရှိရပါတယ်။ အရသာပျောက်ဆုံးတာနဲ့လည်း တွဲဖြစ်တတ်ပါတယ်။ နောက်ပြီးတော့မှ ချောင်းဆိုးတာတို့၊ မောတာတို့နဲ့လည်း တွဲဖြစ်တတ်ပါတယ်။ များသောအားဖြင့် အနံ့ပျောက်တာ တစ်ခု တည်း ဆိုရင် ကျွန်တော်တို့က အခြေအနေ တော်တော်လေးကောင်းတယ်ပေါ့။ တော်တော် များများ က ပြန်ပြီးတော့ ကောင်းသွားကြပါတယ်။  

 

ဒါပေမယ့် ဒီအနံ့ပျောက်တယ်ဆိုထဲက ကူးစက်ခံရတယ်လို့ ယူဆတဲ့အတွက် တခြားသူတွေကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိလာနိုင်တော့ ဒီအနံ့ပျောက်တဲ့သူတွေနဲ့ ပတ်သက်ပြီး ရောဂါကာကွယ်ဖို့အတွက်၊ ရောဂါထိန်းချုပ်ဖို့ အတွက် ကျွန်တော်တို့ရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ယခုကာလမှာ ချမှတ်ထားတာရှိပါတယ်။ ဒါလေးတွေကိုတော့ ဒေါ်သီတာလှကပဲ နည်းနည်းပြန်ရှင်းပြပေးပါ။

 

ဒေါက်တာဒေါ်သီတာလှ။           ။ ဟုတ်ကဲ့ပါရှင်၊ ယခုလိုရှင်းပြပေးသွားတာ ကျေးဇူးတင်ပါတယ်။ ပြည်သူများ အနေနဲ့ကလည်း ပိုမိုပြီးတော့ ရှင်းလင်းစွာနားလည်သဘောပေါက်မယ်လို့ ထင်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဒီရောဂါပိုး ရှိသူများရဲ့ လက္ခဏာများအနက် ၅၆ ရာခိုင်နှုန်းခန့်က အနံ့မရတာဖြစ်တယ်လို့ ကျွန်မတို့ရဲ့ လေ့လာချက်များအရ၊ စစ်ဆေးတွေ့ရှိချက်များအရ သိရပါတယ်။

 

ဒါကြောင့်မို့ ကျွန်မတို့ ဒီအနံ့မရတာ နဲ့ပတ်သက်ပြီး တနေ့တနေ့ ဆေးရုံတွေကို လာပြီးပြတဲ့ စောင့်ကြည့်လူနာ/ သံသယလူနာ  အရေအတွက်က များလာပါတယ်။ ဒီလိုများလာတဲ့အတွက်ကြောင့်မို့ အလျင်အမြန်စစ်နိုင်တဲ့ နာရီဝက်အတွင်းမှာ အဖြေရနိုင်တဲ့ Antigen Rapid Test Kit ကို ကျွန်မတို့ ဒီနေ့မှာ စပြီးသုံးလို့ရပါပြီ။ ဒီနေ့သုံးတာလည်း ကျွန်မ တို့ ရန်ကုန် မြို့ပေါ်က ဆေးရုံ ၉ ရုံမှာ စတင်ပြီး အသုံးပြုတာဖြစ်ပါတယ်။ အဲဒီဆေးရုံ ၉ ရုံက ဗဟိုအဆင့် ဆေးရုံကြီး ၅ ရုံ၊ တိုင်းဒေသကြီး အဆင့် ဆေးရုံ ၄ ရုံ အားလုံး ၉ ရုံပါ။ ကျွန်မတို့ အသုံးပြုနေပါပြီ ဒီနေ့စပြီး သုံးနေတာဖြစ်ပါတယ်။

 

ဒီဗဟိုအဆင့်ဆေးရုံကြီး ၅ ရုံကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ င်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနဲ့  အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး) တို့ဖြစ်ပါတယ်။ နောက်တိုင်းဒေသကြီးအဆင့် ဆေးရုံတွေက အရှေ့ပိုင်းဆေးရုံကြီး၊ အနောက်ပိုင်းပြည်သူ့ ဆေးရုံကြီး၊ သန်လျင်နဲ့ လှိုင်သာယာပေါ့နော်။

 

ဒီဆေးရုံ ၉ ရုံမှာ ကျွန်မတို့ Antigen Rapid Test Kit ကိုသုံးပြီး စစ်ဆေးပေး နေပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့ ယခင်ထက်စာရင် ယခုဆေးရုံတွေမှာ PUI လို့ခေါ်တဲ့ စောင့် ကြည့်လူနာတွေ များပြားတဲ့အတွက်ကြောင့်မို့ ပြည်သူတွေစိုးရိမ်နေကြတဲ့ တစ်ဦးကနေ နောက်တစ်ဦးကို ကူးစက်သွားတာ ပိုးတွေ့ပြီဆိုရင်လည်း အချိန်မီ ခေါ်နိုင်ခြင်းမရှိတာတွေကိုလည်း ဒီပြဿနာတွေ ကို ကျွန်မတို့ ဖြေရှင်းနိုင်တဲ့  နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ယခင်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွေ၊ နောက်ဆေးရုံတွေမှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေ၊ နောက် ရန်ကုန် / မန္တလေး ကိုတိုးချဲ့ပြီးတော့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွေမှာ ကျွန်မတို့ စစ်ပေးနေပင်မဲ့ အချိန်က ယူရပါတယ်။ ယခု Rapid Test Kit ဆိုတော့ ဒီပြဿနာတွေကို ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါလေးကို ပြည်သူများ ကို အသိပေးလိုပါတယ်။

 

ဒီ  Rapid Test Kit နဲ့စစ်ပြီး တဲ့အခါ ခုနက အနံ့မရတဲ့ ရောဂါလက္ခဏာတစ်ခုပဲ ရှိတယ်။ ဒါပေမယ့် ဓာတ်ခွဲ အတည်ပြုလူနာဖြစ်သွားပြီဆိုရင် ယခင်လိုမျိုး ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီး ပြီးတော့ ယခု ကျွန်မတို့ရဲ့ Medical Center အသစ်တွေကို ပို့ဆောင်မယ့်အစား ကျွန်မတို့က မိမိနေထိုင်ရာ မြို့နယ်တစ်နည်းအားဖြင့် လာရောက်ပြ သတဲ့ ဆေးရုံနဲ့ အနီးဆုံး သို့မဟုတ် မိမိနေထိုင်ရာမှာ အနီးဆုံးရှိတဲ့ အနံ့မရစင်တာမှာ ထားရှိပြီး လိုအပ်တဲ့ကုသမှုများ ပေးသွားမှာဖြစ်ပါကြောင်း ပြည်သူများကို သိရှိစေရန် အစီရင်ခံလိုပါတယ်။ အဲဒီ အနံ့မရတဲ့ လူနာထားရှိရာနေရာ (Anosmia Center) တွေမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကျွန်မတို့ ကျန်းမာရေးအဖွဲ့က ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

         

နောက်မေးခွန်းတစ်ခုနဲ့ ပတ်သက်ပြီးတော့ ကျွန်မ မေးမြန်းလိုတာက ဒီနေ့ နံနက် ၈ နာရီအထိ သေဆုံးလူနာဦီးရေ ၂၇၇ ဦးရှိပြီဖြစ်ပါတယ်။ ကျွန်မတို့ ဓာတ်ခွဲအတည်ပြု လူနာက ၁၁၈၄၉ ဦးဖြစ်တဲ့ အတွက်ကြောင့်မို့ သေဆုံးမှု ၂ ဒသမ ၃၃ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် ဒီမေးခွန်းထဲမှာလည်း ဒီလူတွေက ခုနကလို သေတဲ့အတွက် တအားကြောက်နေကြတော့ ဒီသေဆုံးနှုန်းနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ လက်ရှိသေဆုံးနှုန်းကို လျော့ချနိုင်အောင် ဘာတွေလုပ်ဆောင်နေပါလဲ။ ရောဂါအခံရှိသူက ကိုဗစ် ကူးပြီဆိုတာနဲ့ သေရတော့မှာလား။ ရောဂါအခံရှိသူ ကူးစက်ခံရချိန်မှာ မသေအောင် ဘာတွေလုပ်သင့်လဲ။ အဖြေက သေပြီးမှ သိရရင်ထက် မသေခင် သိရမယ့် နည်းလမ်းကကော ဘာတွေရှိလဲ ဆိုပြီး မေးထားပါတယ်။ ဒီမေးခွန်းကိုလည်း ဆရာကြီးအနေနဲ့ ဖြေကြားပေးစေလိုပါတယ်။

 

ပါမောက္ခဒေါက်တာရဲမြ။    ။ ဟုတ်ကဲ့၊ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ၁၂၂၇၇ ရှိတော့ ၂ ဒသမ ၃ ရာခိုင်နှုန်းပေါ့။ ဆေးရုံတက်တဲ့သူတွေထဲက ၂ ဒသမ ၃ ရာခိုင်နှုန်း သေတာဖြစ်ပါတယ်။ ဒီထက်များ ကျယ်ကျယ်ပြန့်ပြန့် စစ်နိုင်မယ်ဆိုရင် နေကောင်းတဲ့သူတွေလည်း ပိုးရှိတယ်။ သို့သော်လည်း နေကောင်းတဲ့သူတွေလည်း အများကြီး ပေါ်လာနိုင်တာဖြစ်တဲ့အတွက် ဒီထက်လည်းနည်းနိုင်တယ်။

 

သို့သော်လည်း   ၂ ဒသမ ၃ ရာခိုင်နှုန်းကို နည်းနည်းလေးနှိုင်းယှဉ်ပေးပါရစေ။ တရုတ်ပြည်မှာ စဖြစ်တုန်းကဆိုရင် ၅ ရာခိုင်နှုန်းလောက် သေဆုံးမှုရှိပါတယ်။ အီတလီဆို ရင်လည်း ၁၁ ရာခိုင်နှုန်း လောက်ရှိတယ်။  ယူကေဆိုရင်လည်း စဖြစ်တုန်းက ၁၀ ရာခိုင်နှုန်း လောက်ရှိတယ်။ လောလောဆယ် ထိုင်းမှာဆိုရင် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်။ ဗီယက်နမ်ကတော့ ထိန်းချုပ်သွားပြီးဆိုပေမယ့် ၃ ဒသမ ၃ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော်တို့က ဒီလှိုင်းအနေနဲ့ ဝင်လာတဲ့အခါ အများဆုံး ဒီလှိုင်းရိုက်ခတ်ခံရတာက အသက်ကြီးတဲ့သူတွေ ရယ်၊အခြေခံရောဂါရှိတဲ့ သူတွေရယ် အရင်ဆုံးဒီလှိုင်းရဲ့ဒဏ်ကို ခံရတာဖြစ်တယ်။

 

သေဆုံးနေတဲ့သူတွေမှာ ကြည့်လိုက်မယ်ဆိုရင် အသက်ကြီးတဲ့သူတွေရယ်၊ အဓိက အခြေခံ ရောဂါရှိတဲ့သူတွေ ရယ်များပါတယ်၊ အသက်၉၀ နဲ့ လူနာတစ်ယောက်လာတယ် အသက်ကလည်း သိပ်ကြီးတယ်၊ အခြေခံရောဂါလည်း ရှိတယ်၊ ဒီလိုပဲ ကျောက်ကပ်အလုပ်မလုပ်ဘဲ ကျောက်ကပ်ဆေးနေရတဲ့သူတွေ ရှိတယ်။ ဆီးကလည်းသိပ်မထွက် တော့ဘူး။ အဲဒီအချိန်မှာ ဆေးရုံရောက်လာတယ်။ အစွမ်းကုန် ကြိုးစားတယ်၊  မမီလိုက်ဘူး။

 

အသက် ၈၈ နှစ်ရှိတယ်။ ဆေးရုံရောက်ပြီး နာရီပိုင်းအတွင်းမှာ သေဆုံးသွားတယ်။ ဒီလို လှိုင်းရိုက်ခတ်တဲ့အခါ  ရောဂါအနေနဲ့က အင်မတန် အားနည်းတဲ့သူတွေကို အဓိက ထိခိုက်သွားတာပေါ့။ အသက်ကြီးတဲ့သူတွေ၊ ရောဂါအခြေခံရှိတဲ့သူတွေ ဖြစ်နေပါတယ်။ အဓိက သေဆုံးနေတာ အဲဒီလိုတွေ ဖြစ်နေပါတယ်။

 

အီတလီမှာဆိုရင် သေဆုံးမှုနှုန်းတွေက အတော်များတယ်။ တစ်ခါတစ်လေ ၂၀ ရာခိုင်နှုန်းတွေ တောင်ဖြစ် တယ်ဆိုတော့ အသက်ကြီးတဲ့သူတွေ သိပ်များလို့ ဖြစ်ပါတယ်၊ အဲဒီလူတွေက ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသော်လည်း အခြေခံရှိတဲ့အခါ ရောဂါတွေက သိပ်ပြင်းထန်နေတဲ့အခါ ဒီကိုလိုနာဗိုင်းရပ်စ် ကြီးဝင်လာတဲ့အခါကျတော့ ပိုပြီးတော့ ဆိုးသွားတာပါ။ ဒီဟာ ကတော့ တော်တော်လေး ခက်ခဲပါတယ် နိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ အခြေအနေပေါ့။

 

နောက်တစ်ခုက ကျွန်တော်တို့ဆီကို ရောက်တဲ့အခြေအနေက သိပ်နောက်ကျတဲ့ အခြေအနေပါ။ ဒီနေ့ သတင်းစာထဲမှာပဲ အယောက် ၃၀ သေဆုံးတဲ့အထဲမှာ ၁၅ ယောက်က ဆေးရုံရောက်တဲ့အခါမှာ သေဆုံးနေပြီ။ အဲဒီနောက်ကျတဲ့ကိစ္စလည်း ရှိတယ်။ ဆေးရုံမသွားချင်ဘူး။ အိမ်မှာ ၄/၅ ရက် စောင့်ကြည့်လိုက်အုံးမယ်။ အဲဒီမှာတင် တော်တော် လေး နောက်ကျသွားရော။ ဒီရောဂါက သိပ်မြန်တယ်။ မသင်္ကာဖြစ်တာနဲ့ကို  အစမ်းသပ်ခံဖို့ လိုပါတယ်။ ဆေးရုံကြောက်တယ်ဆိုပြီး ရှောင်နေဖို့မဟုတ်ဘဲ မြန်မြန်ရောက်ရှိဖို့လိုပါတယ်။ အဲဒီလို ရောက်တာနောက်ကျတဲ့ အပိုင်းလေး တွေလည်း ပါပါတယ်။

 

အဲဒီတော့ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အစွမ်းကုန်ပြင် ဆင် ထားပါတယ်။ ရောဂါဖြစ်တာနဲ့ သေတော့မလားဆိုရင် တော့ မသေပါဘူး။ ဝူဟန်မှာ တော့ သူတို့က ထောင်နဲ့သောင်းနဲ့ သိန်းနဲ့ချီပြီး ဖြစ်တဲ့အခါ အဲဒီကထွက်လာတဲ့ ကိန်းဂဏန်းတွေအရ   ကူးစက်ခံရပြီဆိုရင် ၈၀ ရာခိုင်နှုန်းက ရောဂါ လက္ခဏာမပေါ်ဘူး။ ရောဂါလက္ခဏာ နည်းနည်းပါးပါးပဲ ဖြစ်မှာပါ။ များသောအားဖြင့် ၈၀ ရာခိုင်နှုန်းက   သိပ်ကြီးတော့ အန္တရာယ်မဖြစ်ပါဘူး။ ကျွန်တော် စောစောက ပြောတာက အသက်ကြီးတဲ့ သူတွေပဲ ဖြစ်တယ်လို့ ပြောပေမယ့် တစ်ခါတစ်ရံမှာ အသက်ငယ်တဲ့သူတွေလည်း သေဆုံးတာတွေ တွေ့ရတော့ နည်းနည်းတော့ သတိထားဖို့ လိုပါတယ်။ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက ရောဂါ လက္ခဏာနည်းနည်းပဲ ပေါ်ပြီး ၁၀၀ မှာ ၂၀ ကတော့ ရောဂါလက္ခဏာ နည်းနည်းများတယ်။ ပြီးရင်အဲဒီမှာမှ ၁၀၀ မှာ ၅ ယောက်ကတော့ အပြင်းအထန်ကုသပေးရတယ်၊ ICU လို့ခေါ် တာပေါ့ အပြင်းအထန်ကုသတဲ့နေရာမှာထည့်ပြီး နှစ်ယောက်၊ သုံးယောက်လောက်ကတော့ သေဆုံးနိုင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စောစောက ကျွန်တော်ပြောတဲ့ အခြေခံအကြောင်းတွေကြောင့်၊ အခြေခံရောဂါရှိတယ်၊ အသက်သိပ် ကြီးတယ်။

 

အခုလောလောဆယ်သေနှုန်းက ၂ ဒသမ ၃ ရာခိုင်နှုန်းဆိုတာ ဖြစ်နေတယ်။ အများစု ၈၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာနည်းတယ်ဆိုပေမယ့် သူတို့ကို စောင့်ကြည့်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆို  အဲဒီအထဲက ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းက ရောဂါအပြင်းစားထဲကို ပြောင်းသွားနိုင်တယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့က ဆေးရုံတွေမှာ စောင့်ကြည့်ပြီး ထားတာပါ။ အခြားနိုင်ငံတွေမှာလည်း ဖြစ်ပါတယ်။ အိမ်ပြန်သွားပြီးမှလည်း သေသွားတာတွေရှိပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး သွေးရည်ကြည်နဲ့ကုတာလေးကို တစ်ခါတည်း ဆက်ပြောလိုက်ပါ တယ်။ တစ်ယောက် မေးထားတာတွေ့ပါတယ်။ သွေးရည်ကြည်တွေနဲ့ ကုနေရဲ့သားနဲ့ ဘာ ကြောင့်သေဆုံးတာလဲဆိုတာ။ ကျွန်တော် သွေးရည်ကြည်နဲ့ကုတဲ့အခါ ဩဂုတ် ၁၆ မတိုင်ခင် ပေါ့။ အဲဒီမှာ ကျွန်တော် ၈ ယောက်ကုပါတယ်။ ဒီ ၈ ယောက် စလုံးက နေကောင်းသွားပါတယ်။ အဲဒီတုန်းက လူနာဝင်တဲ့နှုန်းကလည်း သိပ်မများဘူး။ ကျွန်တော်တို့က စောင့်ကြည့်ပြီးတော့ ချက်ချင်းပဲ သွေးရည်ကြည်အကောင်းဆုံးရအောင် ကြိုးစားပေးတယ်။ သူတို့ကို အကောင်းဆုံး ကုသပေးတယ်။ ဝိုင်းဝန်းပြီး လုပ်ပေးလို့ရတယ်ပေါ့လေ။ ကျွန်တော်တို့က သွေးရည်ကြည်လည်း ရလိုက်တယ်။ အဲဒီတော့ ၈ ယောက်စလုံး ကောင်းတယ်။

 

အခုဖြစ်နေတာက ကျွန်တော်တို့က အဆင်သင့်ပြင်ထားတယ်။ ဒါပေမယ့် အချိန်မီ မရောက်လာတာတို့ အဲဒါတွေ ဖြစ်တော့ ကျွန်တော်တို့က သွေးရည်ကြည်ပေးချင်တာတောင် မချိန်မီမရောက်လာတဲ့ အခြေအနေတွေ ရှိတယ်။ သွေးရည်ကြည်ပေးပြီး ကုထားတာ ၄၂ ယောက်ရှိပါတယ်။ ဒီ ၄၂ ယောက်ထဲမှာ ၃၁ယောက်က တော်တော်လေး သက်သာလာပါပြီ။ သက်သာတယ်ဆိုတော့ အဲဒါ ၇၃ ရာခိုင်နှုန်း ရှိတာပေါ့။ ၁၀ ယောက်မှာ ၇ / ၈ ယောက် လောက်က သွေးရည်ကြည်နဲ့တော့ ကယ်နိုင်သေးတယ်။

 

ဒါပေမယ့် ဘာဖြစ်လဲဆိုတော့ အဓိက ပြဿနာက သွေးရည်ကြည်ကို လူတိုင်းတော့ ပေးတာမဟုတ်ဘူး။ ရောဂါပြင်းထန်တဲ့သူကို ပေးတာဖြစ်ပါတယ်။ ၈၀ ရာခိုင်နှုန်းကတော့ သူ့ဟာသူ ကောင်းသွားတယ်၊ အဲဒီလိုလူနာကို ကျွန်တော်တို့က မပေးဘူး၊ ပေးဖို့မလိုဘူး။ ကျွန်တော်လောလောဆယ် အခက်အခဲလေးတစ်ခုရှိနေတာက သွေးရည်ကြည်ကို ရှာရတာ တော်တော်လေးခက်ခဲနေတယ်။

 

သွေးရည်ကြည်ဆိုတာ ရောဂါဖြစ်ပြီး ပြန်ကောင်းတဲ့သူတွေ၊ ချက်ချင်းလည်းမယူဘူး။ များသောအားဖြင့် သူတို့ ကိုယ်ခန္ဓာထဲမှာ ရောဂါတိုက်ဖျက်တဲ့ ပဋိပစ္စည်း Antibody ဆိုတာပါ ပါတယ်။ အဲဒီဟာကိုမှ ကျွန်တော်တို့က ပြန်သုံးချင်လို့ သွေးရည်ကြည်ကိုယူတာပေါ့။ ရောဂါ အခုဝင်နေတဲ့သူတွေ၊ ကွာရန်တင်းဝင်နေတဲ့သူတွေ၊ ဆေးရုံတက်နေတဲ့သူတွေ သူတို့ဆီက ကျွန် တော်တို့က တစ်လ/နှစ်လ လောက်နေမှ သွေးရည်ကြည်ကို အသုံးပြုလို့ရမယ်။ သူတို့ရဲ့ ပဋိပစ္စည်းကလည်း သိပ်မတက်သေးဘူး။ လောလောဆယ်တော့ ကျွန်တော်တို့က ခက်ခက် ခဲခဲ ရှာရပါတယ်။ ဧပြီ၊ မေလက ဖြစ်တဲ့သူတွေဆီကနေ လိုက်ပြီးတော့ ဖုန်းဆက် တယ်။ မေတ္တာရပ်ခံတယ်။ သူတို့ဆီက အလှူခံနေတာ။ ကျွန်တော်တို့ ထပ်လိုနေပါတယ်။ အထူးသဖြင့် A သွေးအုပ်စု၊ AB သွေးအုပ်စုတို့ လိုတဲ့အတွက် ကျွန်တော်တို့ တော်တော်ခက်ခက်ခဲခဲလေး ရှာနေရတယ်။ အဲဒီတော့ သွေးရည်ကြည်လှူချင်တဲ့ သူတွေရှိရင် ပြန်ကောင်းသွားတဲ့သူတွေက လှူကြပါ။ အသက်ကယ်နိုင်မှာ။ ကျွန်တော်တို့အခု ကယ်ထားတာ ၄၀ ကျော်ရှိပါပြီ။

 

ပြီးတော့ အခုဖြစ်နေတဲ့သူတွေလည်း  လှူကြပါ။ လူနာတွေက နောက်ကို လာနေအုံး မှာပဲ   နေ့ချင်းညချင်း ချက်ချင်းပျောက်သွားမယ့် ကိစ္စမဟုတ်ဘူး။ ကျွန်တော် ဒါလေးကို တင်ပြတာဖြစ်ပါတယ်။ လူတိုင်း ထိတ်လန့် ကြောက်ရွှံ့နေဖို့တော့ မဟုတ်ဘူး။ အများစုက စောင့်ကြည့်ဖို့တော့လိုတယ်။ လူတိုင်း ဆက်လက်မကူးအောင် ကာကွယ်ဖို့လိုပါတယ်။ လူအများ စုထဲမှာ ဒီရောဂါက ထပ်မပွားဖို့ပဲ။ အကောင်းဆုံးကာကွယ် တဲ့နည်းကတော့ ထပ်ပြီးတော့ အသေနှုန်း မတက်အောင်ဆိုရင် လူတိုင်း၊ လူတိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို လိုက်နာဖို့ဒါဆိုရင် အသေနှုန်းကျသွားဖို့က ဒီနည်းလမ်းရှိပါတယ်။ ကျွန်တော်တို့က လောလောဆယ် နောက်ဆုံးပေါ် အကောင်းဆုံးဆေးတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝယ်ပေးနေပါတယ်။ အင်မတန် ဈေးကြီးတဲ့ဆေး၊ အမေရိကန်နိုင်ငံမှာ စပြီးပေါ်တဲ့ဆေး Remdesivir လိုဆေးမျိုး ဆိုရင် အခုပဲသွင်းတယ်၊ အခုပဲသုံးတယ်။ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

 

ဒေါက်တာသီတာလှ ။     ။ ကျေးဇူးပါ ဆရာကြီးရှင်။ မိဘပြည်သူများလည်း ဆရာကြီးရဲ့ ဖြေကြားမှုအပေါ်မှာ ကျေနပ်ကြလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် ကျန်တဲ့ပူးပေါင်းဆောင်ရွက်သူများအားလုံးကလည်း သေဆုံးမှုကို အဓိကထားပြီး ကျွန်မတို့လည်း နေ့စဉ်နဲ့အမျှ သေစာရင်းတွေကို တွေ့ရတာ စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ သေချာတာတစ်ခုက ကျန်းမာရေးဝန်ထမ်းတွေ အပါ အဝင်  ပူးပေါင်းဆောင်ရွက်သူတွေက မိမိအသက်ကို ပဓာနမထားဘဲ သတ္တိရှိစွာနဲ့ ဆောင်ရွက်ပေးနေကြ၊ ကုသပေးနေကြတဲ့အတွက် ကျွန်မအနေနဲ့ အထူးလေးစား ဂုဏ်ယူပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

 

ဆက်လက်ပြီး နောက်မေးခွန်းက ဆရာကြီးဦးစိုးလွင်ငြိမ်းကို မေးမြန်းခွင့်ပြုပါရှင်။ ဆရာကြီးရှင်၊ အခုမေးခွန်း များထဲက ဆရာကြီးအတွက် ရွေးထုတ်ထားတဲ့ မေးခွန်းလေးကို ကျွန်မ ဖတ်ပြပါမယ်။ အခုမြန်မာပြည်မှာ ကိုဗစ်ကို ကိုင်တွယ်နေပုံက US လိုမျိုး ပေါ်လစီလား၊ တရုတ်လိုမျိုးပေါ်လစီလား။ ဟိုမရောက် ဒီမရောက် ဟိုလိုဒီလို ပေါ်လစီလား။ Containment ဗျူဟာကြီးနဲ့ ချနေတယ်ဆိုတာ ဘာလဲဗျ။ လိုက်နာရမယ့်သူတွေ နားလည်အောင် အလင်းပြပါအုံးဆရာ ဆိုပြီးမေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဆရာကြီး ဖြေကြား ပေးစေလိုပါတယ်ရှင်။

 

ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း။   ။ အဓိကကတော့ မြန်မာနိုင်ငံရဲ့ COVID Management Policy နဲ့ ပတ်သက်ပြီး သူသိချင်လို့မေးထားတာပါ။ ကျွန်ုတော်တို့ မြန်မာနိုင်ငံရဲ့ COVID Management Policy ကတော့ နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ နံပါတ်တစ်ကတော့ ကိုဗစ်ရောဂါ ဖြစ်ပွားတဲ့ ဖြစ်ပွားမှုကို တတ်နိုင်သလောက် အနည်းဆုံးဖြစ်ဖို့နဲ့ ဖြစ်ပွားတဲ့လူတွေမှာလည်းပဲ သေဆုံးမှုမရှိအောင် ဆောင်ရွက်တာပါ။ နံပါတ်နှစ်ကတော့ ကျွန်တော်တို့ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တာပါ။ ပြည်တွင်းမှာ ကူးစက်မှုမရှိအောင်  နိုင်ငံတွင်းမှာ အခြားနေရာကို ကူးစက်မှုမရှိအောင် ဆောင်ရွက်တာပါ။

 

တတိယအချက်ကတော့ ကိုဗစ်ရောဂါကြောင့် နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေ တွေကို ထိန်းသိမ်းပြီး ဆက်လက်ပြီးတော့ ဆောင်ရွက်သွားနိုင်ဖို့ရယ်၊ နောက်တစ်ခုက နိုင်ငံရဲ့အဓိက ဝန်ဆောင်မှုလုပ်ငန်းတွေ မရပ်တန့်သွားအောင်ပေါ့ ဒီလိုဦးတည်ချက်တွေနဲ့ ရေးဆွဲဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ COVID Management Policy ဖြစ်ပါတယ်။ တခြားနိုင်ငံ တွေရဲ့ Policy တွေကို ကျွန်တော်တို့ ကူးချပြီးဆောင်ရွက်နေတာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေရော၊ ကမ္ဘာ့နိုင်ငံတွေ အားလုံးက ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်ပြီး အခြေခံလိုက်နာရမယ့် ပြဋ္ဌာန်းချက်ရှိပါတယ်။

 

အဲဒါကတော့ International Health Regulation လို့ခေါ်တဲ့ နိုင်ငံတကာက လိုက်နာ ကျင့်သုံးရမယ့် ကျန်းမာရေး ပြဋ္ဌာန်းချက်တွေပါ။ အဲဒီပြဋ္ဌာန်းချက်ကတော့ ဒီလိုကပ်ရောဂါ တွေဖြစ်လာရင် နိုင်ငံတိုင်းက ဒီအပေါ်မှာ မူတည်ပြီး မူဝါဒတွေ ရေးဆွဲရမယ်၊ ပြီးရင် နည်းဗျူ ဟာ တွေချမှတ်ဆောင်ရွက်ရတာဖြစ်ပါတယ်။

 

နံပါတ်တစ် ရည်ရွယ်ချက်ဖြစ်တဲ့ ရောဂါဖြစ်ပွားသေဆုံးမှု ကျဆင်းအောင် အခုဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေကလည်း တစ်ဖက်က Quarantine Site တွေမှာ ဆောင်ရွက်နေတယ်။ အဲဒီမှာ ကျွန်တော် ကျေးဇူးတင်ချင်တာက ရေရှည်ကြီးတကယ့် ရောဂါကူးနိုင်ချေရှိတဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး လုပ်နေရတဲ့ ရှေ့တန်းမှာပါဝင်‌ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကူညီဆောင် ရွက်ပေးနေတဲ့ ပရဟိတဝန်ထမ်းတွေပါ။ တော်တော်လည်း စိတ်ဓါတ် တက်ကြွတယ်။ သူတို့အတွက် အသက်အန္တရာယ်ရှိတာကို သိရဲ့သားနဲ့ အနီးကပ်ဆောင်ရွက် ပေးနေတယ်။ ဒီလို အင်အားတွေရှိတဲ့ အတွက်ကြောင့်လည်း ဒီရည်ရွယ်ချက်က အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ။

 

နောက်ပြီး အနီးကပ်ကြီးကြပ်ပေးနေတဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ ဌာနပေါင်းစုံက ပြည်သူလူထုပူးပေါင်းပြီး‌ ဆောင်ရွက်နေတဲ့ကိစ္စတွေ ရှိနေတော့ ကျွန်တော်တို့ ရေးဆွဲဆောင်ရွက်နေတဲ့ COVID  Policy က အောင်မြင်မှာဖြစ် ပါတယ်။ ဒါပေမယ့် Supported ပေါ့ ၊ ဒီလူတွေဆောင်ရွက်နေပေမယ့် သူတို့အတွက် လိုအပ်တဲ့ လိုအပ်ချက်တွေကတော့ ရှိနေတယ်။

 

ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး အဓိက ဦးတည်တာက တစ်ယောက်နဲ့တစ်ယောက် ရောဂါမကူးစက်အောင် ကာကွယ်တဲ့နည်းတွေကို ကျွန်တော်တို့က စနစ်တကျဆောင်ရွက် ရပါတယ်။ Infection Control Practice လို့ခေါ်တာပေါ့။ အဲဒီလိုနေရာမှာတော့ ခုနက ကျွန်တော်တို့ ကွင်းဆင်းဆောင်ရွက်ရာမှာတော့ ဒီ Infection Control Practice နဲ့ ပတ်သက် ပြီး ပြည်သူလူထုအကုန်လုံးကလည်း Mask တပ်ကြတယ်။ လက်ဆေးကြတယ်။ တစ် ယောက် နဲ့ တစ်ယောက် ခပ်ခွာခွာနေကြတယ်။ လိုက်နာမှုအပိုင်းမှာတော့ နည်းနည်းလေး အားနည်း တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း သေချာဆောင်ရွက်ဖို့ လိုတယ်။

 

ဒီနေရာမှာ ဖြည့်စွက်ချင်တာက လက်ဆေးတာလည်း ရိုးရိုးလက်ဆေးတာ မဟုတ်ဘဲ လက်သည်းတွေရော ညှပ်ပစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အရင်အတွေ့အကြုံအရ ဝမ်းပျက် ဝမ်းလျှောတို့ လက်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့အခြားရောဂါတွေမှာ Nail Cutting and Hand Washing Campaign တွေလုပ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ဆေးနေပေမယ့်လည်း လက်သည်းကြားမှာ ဗိုင်းရပ်စ်တွေက ကျန်ခဲ့နိုင်တယ်။ ကျွန်တော်တို့ အနေနဲ့ အတွေ့အကြုံအရ ဒီနေရာမှာ အကြံပေးချင်တာက လက်သည်းလည်းညှပ်ရမယ်။ လက်ကိုလည်း မကြာခဏ ဆေးကြောတဲ့အကျင့်ကို လုပ်ဖို့လိုအပ်ပါတယ်။

 

ဒါကြောင့် ခုနမေးခွန်းဖြစ်တဲ့  US ရဲ့ ပေါ်လစီလား၊ တရုတ်ရဲ့ ပေါ်လစီလား ဆိုရင် တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ ပြည်သူပြည်သားတွေကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ မူဝါဒနဲ့ ဆောင်ရွက်နေတယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ် တင်ပြလိုပါတယ်။

 

Containment Strategy ကိုလည်း နည်းနည်းဆွေးနွေးခွင့်ပေးပါ။ Containment Strategy ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကရော၊ တာဝန်ခံဆရာဝန်ကြီးကပါ ဒီ  Strategy ကို အားထည့်ဆောင်ရွက်ဖို့ဆိုပြီး နေ့တိုင်းသတိပေးနေတယ်။ လူတွေကလည်း ဒီဟာကို တော်တော်လေး‌ စိတ်ဝင်စားတယ်။ ကျွန်တော်တို့ရဲ့ ဒီ Containment Strategy ဆိုတာ ရောဂါစတင်ဖြစ်ပွားတဲ့လူကနေ တခြားလူတစ်ယောက်ဆီကို မကူးစက်အောင် ကာ ကွယ် ထိန်းချုပ်တဲ့နည်းလမ်းကို Containment Strategy လို့ ခေါ်ပါတယ်။ Containment လုပ်တဲ့အခါမှာ ကျွန်တော်တို့က ဖြစ်စဉ်အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရပါတယ်။ ဉပမာ ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မတ်လကစတင် ကူးစက်ပြီး ဇူလိုင်လလောက်အထိ ဖြစ်စဉ်မှာ ပြည်ပက ဝင်လာတဲ့ခရီးသည်တွေ ၊ နိုင်ငံရဲ့ ဝင်ပေါက် နယ်စပ်ဒေသတွေက ဝင်လာတဲ့ ခရီးသည်တွေ၊ ဒီလူတွေကနေတစ်ဆင့် ပြည်တွင်းမှာ ကူးစက်မှုရှိမှာစိုးလို့ဆိုပြီး ကျွန်တော်တို့က တစ်ယောက်ချင်းကို Containment of Case လို့ခေါ်ပါတယ်။ တစ်ယောက် ချင်းဆီကနေ ရောဂါတခြားနေရာကို မရောက်သွားအောင် ထိန်းချုပ်တာပေါ့လေ။ ထိန်းချုပ်တဲ့အတွက် ကြောင့်လည်း Facility Quarantine တွေမှာထားပြီး ထိန်းလိုက်တော့ ဒါကြောင့် ကျွန်တော်တို့က ပထမအဆင့်မှာ သေချာထိန်းချုပ်ပြီးသား ဖြစ်တဲ့အတွက် ကူးစက်မှု မဖြစ်ခဲ့ ပါဘူး။

 

နောက် အခုပြောနေတဲ့ Containment ကတော့ Community Containment ဖြစ်ပါ တယ်။ Community Containment ဆိုတာကတော့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ရောဂါသံသယရှိတဲ့သူကတော့ တခြားသူကို မကူးစက်အောင်၊ ကျန်းမာရေးဝန်ထမ်းတွေကို မကူးစက်အောင် ဒါတွေကို ကျွန်တော်တို့က ရောဂါရှိတဲ့ သူကိုယ်တိုင်ကသိပြီး ကိုယ့်ကိုယ်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ Mask တပ်တာတို့၊ အိမ်မှာပဲနေတာတို့၊ သတင်းပို့တာတို့၊ အပြင်ကိုမထွက်တာတို့ စသဖြင့် ဒါမျိုးလုပ်ပေးရမယ့်အပြင် Containment at Home ဆိုတာ တစ်အိမ်ချင်းကလည်း ရောဂါမကူးစက်အောင် ထိန်းချုပ်ရမယ်။ လူတစ်ယောက်တည်းတင် မဟုတ်ဘူး။ ရပ်ကွက်အလိုက် ရောဂါဖြစ်ပွားမှုမရှိအောင် ထိန်းချုပ်ခြင်း၊ မြို့နယ်အလိုက် ရောဂါဖြစ်ပွာမှု မရှိအောင် ထိန်းချုပ်ခြင်း အဲဒီလိုမျိုး အဆင့်ဆင့် ထိန်းချုပ်တဲ့ နည်းဗျူဟာကို အခု ကျင့်သုံးနေတာဖြစ်ပါတယ်။

 

ဒါကြောင့် ဒီဟာကိုသာ တစ်ယောက်ချင်း၊ တစ်အိမ်ချင်း၊ တစ်ရပ်ကွက်ချင်း က  စနစ်တကျ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ ဒီရောဂါကို  Containment Strategy တစ်ခုတည်းနဲ့တင် အချိန်မီ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

 

ဒေါက်တာသီတာလှ။      ။ ကျေးဇူးပါ ဆရာရှင့်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဒီနေ့အထိ လည်း   Containment Strategy ကို ကျင့်သုံးနေဆဲဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားပေမယ့် ပူးပေါင်းအကောင်အထည်ဖော်ရတာကတော့ ပြည်သူများ အပါအဝင် လူတိုင်းဖြစ်ပါတယ်။ ဒါကိုလည်း ကျေးဇူးတင်ပါကြောင်း ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။ ဆရာကြီး အချိန်အကန့်အသတ်ရှိတဲ့အတွက် နောက်ဆုံး အနေနဲ့တော့ ကျွန်မဆရာကြီးကို မေးခွန်းလေးနဲ့ အဆုံးသတ်ချင်တာကတော့ မေးခွန်းတစ်ခု က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ် - ၁၉ ကပ်ဘေးကို မြန်မာနိုင်ငံမှာ ဘယ် အချိန်လောက် ထိန်းချုပ်နိုင်ဖို့ ခန့်မှန်းထားပါသလဲ ဆိုတဲ့ မေးခွန်းပါ ဆရာကြီးရှင်။

 

ဒေါက်တာဦးစိုးလွင်ငြိမ်း။    ။ လူထုဘက်က လိုက်နာဆောင်ရွက်ဖို့ အားနည်းလို့ရှိရင် ခုနက ကူးစက် ဖြစ်ပွားတဲ့ လူတွေများမယ်၊ များလို့ရှိရင် ကျွန်တော်တို့ ဆေးရုံတွေကို လူနာတွေ အရောက်များမယ်၊ များလို့ရှိရင် ဆေးရုံမှာ စောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လိုကာကွယ်ထားပေးမယ့် အထိုက်အလျောက် ကူးစက်မှု တွေရှိတဲ့အတွက်ကြောင့် တခြားကိုဗစ်မဟုတ်တဲ့ လူနာတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးတွေ လည်း ကျဆင်းသွားနိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်က အချိန်မီထိန်းချုပ်နိုင်မှုအတွက် ပြည်သူလူထုက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို ဘယ်လောက်တိတိကျကျနဲ့ စုပေါင်းလိုက်နာနိုင်လဲပေါ်မှာ မူတည်တယ်။ အားလုံးတိတိကျကျနဲ့ စနစ်တကျ နေ့တိုင်းနေ့တိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ခုနက ကူးစက်မှုထိန်းချုပ်နိုင်မယ့်အချိန်က မကြာခင် ကျွန်တော်တို့ရရှိမှာ ဖြစ်ပါတယ်။

 

ဒေါက်တာဒေါ်သီတာလှ။           ။ မိဘပြည်သူများရှင်၊ အရေးကြီးတဲ့ မေးခွန်းတွေကိုပဲ ကောက်နှုတ်ပြီးတော့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း ကျန်သော ပညာရှင်များ၊ ဆရာကြီးများကနေပြီးတော့ ဆက်လက်ဖြေကြားပေးမှာ ဖြစ်ပါတယ်။

 

ကျွန်မအနေနဲ့ ဆရာကြီး နှစ်ဦးကိုရော၊ မြန်မာ့ရုပ်မြင်သံကြားကိုကော၊ ဒီလိုအစီအစဉ်လေး ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့၊ ညွှန်ကြားပေးတဲ့ နိုင်ငံတော်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုရော အထူးကျေးဇူးတင်ပါတယ်။ ကိုဗစ်ဘေးရန်ကနေလည်း ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင့်။