ကိုဗစ်-၁၉ ဆိုင်ရာ အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှု ထပ်မံချမှတ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစီအစဉ်မရှိ

၃ နိုဝင်ဘာ

 

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရန် အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှု ထပ်မံချမှတ်မည့် အစီအစဉ်မရှိဟု သိရသည်။

 

ယမန်နေ့က ကျင်းပသော ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ သဘာပတိအဖြစ်တက်ရောက်ပြီး ဝန်ကြီးအဖွဲ့ အတွင်းရေးမှူး ခန်ကာအန်ဝါရူလ်အစ္စလာမ်က ယင်းသို့ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ကန့်သတ်ပိတ်ဆို့မှုထပ်မံချမှတ်မည့်အစား ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နှာခေါင်းစည်းများ အသုံးပြုခြင်းကို အစိုးရက အလေးထားပြောကြားနေသည်ဟု ၎င်းက ဆိုသည်။

 

အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဈေးဆိုင်များနှင့် အခြားသော ဝတ်ပြုရာနေရာများတွင် နှာခေါင်းစည်းများဝတ်ဆင်ခြင်းကို မဖြစ်မနေပြုလုပ်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရက နှာခေါင်းစည်းဝတ်ဆင်ထားခြင်းမရှိသောမည်သူ့ကိုမျှ အစိုးရနှင့်ပုဂ္ဂလိကရုံးများက ဝန်ဆောင်မှုပေးမည်မဟုတ်ကြောင်းကိုလည်း ပြီးခဲ့သည့် သီတင်းပတ်က ဆုံးဖြတ်ချက်ချခဲ့သည်။

 

လက်ရှိကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့နေချိန်တွင် ဝန်ကြီးချုပ် ဟာစီနာက နှာခေါင်းစည်းမဝတ်ဆင်ပါက ဝန်ဆောင်မှုမပေး ဟူသော တင်းကြပ်သောမူဝါဒပြဌာန်းရန် ညွှန်ကြားခဲ့သည်။

 

ဘင်္လားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၁၇၃၆ ဦး ရှိပြီး ၂၅ ဦး ထပ်မံသေဆုံးခဲ့သည်။မတ်လ ၈ ရက်နေ့နောက်ပိုင်း ရောဂါကူးစက်ခံရသူပေါင်း ၄၁၀၉၈၈ ဦး နှင့် သေဆုံးသူပေါင်း ၅၉၆၆ ဦး အထိ ရှိသည်ဟု သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၁၉ ဦး ရှိသည့် ဇူလိုင် ၂ ရက်နေ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးစက်ခံရမှုအများဆုံးနေ့ ဖြစ်ခဲ့ပြီး ဇွန် ၃၀ သည် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၄ ဦးရှိကာ သေဆုံးမှုအများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို