ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများ ကို ပံ့ပိုးကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်  ၂၅  မေ

 

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ Quarantine Center များနှင့် ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းများ ကူညီဆောင်ရွက်ပေးရာ၌ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ Quarantine Center များနှင့် ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထိုစေတနာ့ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့် သင်တန်းများပို့ချခြင်း၊ စေတနာ့ဝန်ထမ်း လက်စွဲစာအုပ်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ စေတနာ့ဝန်ထမ်း တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ ကူညီဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန်အတွက် မြို့နယ်စေတနာ့ ဝန်ထမ်း ပံ့ပိုးကူညီရေး အဖွဲ့များလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်စဉ် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ အဆင်ပြေစေရန်နှင့် စနစ်တကျအနားယူနိုင်ရန် လိုအပ်ကြောင်း၊ ဒေသအလိုက်မြေပြင်၌ လက်တွေ့ အခြေအနေတွင် လိုအပ်ချက်များ အခက်အခဲများကိုလည်း သိရှိရန်လိုအပ်ကြောင်း၊ သို့မှသာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ ရည်မှန်းချက်များနှင့်အညီ ညှိနှိုင်းပံ့ပိုး ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထိရောက်သော လုပ်ငန်းအကောင် အထည်ဖော်မှုများ အချိန်နှင့်တပြေးညီ လက်တွေ့ဖြစ်ပေါ်လာစေရန် အရေးကြီးကြောင်း၊ ထို့ကြောင့် အတွင်းရေးမှူးရုံးအဖွဲ့က လိုအပ်ချက်များ လေ့လာဆန်းစစ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လက်ရှိဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်မည ့်အစီအစဉ်များနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

 

အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။ 

 

သတင်းစဉ်