ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှတင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်‌တော် ဩဂုတ် ၂၃

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်း (၅) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂၃) ခုမှ ယာဉ်စီးရေ (၃၉) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂) စီးဖြင့် တန် (၄၀)၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၅) တန်၊  အောက်ဆီဂျင် (အိုးခွံ) (၄၉၆၇) ခု၊ အောက်ဆီဂျင် Plant (၂) ခု၊ Oxygen Generator (၂) ခု၊ အိမ်သုံး Oxygen Concentrator (၁၁၅၆) ခု၊ PPE ဝတ်စုံ (၁၁၃၄၀)၊ လက်အိတ်နှင့်  နှာခေါင်းစည်း (Mask) များ တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၂) စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး  Oxygen Plant (၂) ခုမှာ နေပြည်တော်နှင့် ရန်ကုန်မြို့သို့ (၁) ခုစီ ဖြစ်ကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်းစဉ်