ကိုဗစ်-၁၉ ကာကွယ်ဆေး တရားဝင်အသုံးပြုချိန်တွင် နိုင်ငံအသီးသီး၏ အထူးသတ်မှတ်ထားသူများကို ဦးစားပေးထောက်ပံ့ပေးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

ဂျီနီဗာ၆ စက်တင်ဘာ

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တရားဝင်အသုံးပြုချိန်တွင် အစောပိုင်းကာလ၌ ကာကွယ်ဆေးအကန့်အသတ်ရှိသဖြင့် နိုင်ငံအသီးသီး၏ အထူးသတ်မှတ်ထားသူများကိုသာ ဦးစားပေးထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအားလုံးကို ထောက်ပံ့ပေးနိုင်ဦးမည် မဟုတ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွမ်ဂယ်ဘရီယက်ဆု က ပြောကြား လိုက်သည်။

လာမည့်လအနည်းငယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်ပြီး လုံခြုံပြီးထိရောက်သည့် ကာကွယ်ဆေးရရှိသည့်အချိန်တွင် အစောပိုင်းကာလ၌ ကာကွယ်ဆေးရရှိမှု အရေအတွက် အကန့်အသတ်ရှိသောကြောင့် အရေးပါသည့်ဌာနများတွင် တာဝန်ထမ်းဆောင် နေသူများနှင့် အန္တရာယ်များသည့် နယ်ပယ်များတွင် လုပ်ကိုင်နေရသူများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများ ကိုလည်း ဦးစားပေးသွားမည်ဖြစ်ကြောင်း တက်ဒရော့စ် က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားလိုက်သည်။

နောက်ပိုင်းတွင် ကာကွယ်ဆေးထုတ်လုပ်နိုင်မှု ပိုမိုမြင့်မားလာမည်ဖြစ်ကာ လူတိုင်းကို ကာကွယ်ဆေး ထိုးပေးနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားလိုက်သည်။

လတ်တလောတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကိုးမျိုး သည် ကပ်ရောဂါကြိုတင်ကာကွယ်ရေး တီထွင်ဆန်း သစ်မှုညွန့်ပေါင်းအဖွဲ့၏ ထောက်ခံမှုကို ရရှိထားကြောင်း၊ ၎င်းတို့အနက် ကာကွယ်ဆေး ခုနစ်မျိုးကို လက်တွေ့စမ်း သပ်မှုများပြုလုပ်နေပြီး အောင်မြင်ခဲ့ပါက ကိုဗက်စ် (ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးစနစ်) သို့ထည့်သွင်းမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောင်မြင်ရန် မျှော်လင့်ထားသော ကာကွယ်ဆေးလေးမျိုးနှင့်ပတ်သက်ပြီး ဆွေးနွေးသုံးသပ်လျက်ရှိကြောင်းနှင့် သုတေသနဆောင် ရွက်နေသည့် ကာကွယ်ဆေးကိုးမျိုးအား ကိုဗက်စ်သို့ ထည့်သွင်းခြင်း ပြု၊ မပြုနှင့်ပတ်သက်ပြီး ဆွေးနွေးလျက် ရှိကြောင်း တက်ဒရော့စ်က ပြောကြားလိုက်သည်။

ကိုဗက်စ်အစီအစဉ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်သော အစီအစဉ်တစ်ရပ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မတိုင်မီ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုံခြုံသည့် ကာကွယ် ဆေးအလုံးရေပေါင်း နှစ်ဘီလီယံကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ အဆိုပါအစီအစဉ်သည် ကာကွယ်ဆေးပူးပေါင်းဝယ် ယူခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရာတွင် ဖြစ်ပေါ်လာမည့် အမျိုးမျိုးသော အန္တရာယ်ကို အတူတကွ မျှဝေခံစားသွားမည့် နိုင်ငံတကာစနစ်တစ်ခုဖြစ်သည်။

မည်သည့်ကာကွယ်ဆေးအမျိုးအစားမဆို လုံခြုံထိရောက်ကြောင်း သက်သေပြနိုင်ခဲ့ပါက အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အချိန်မီ ကာကွယ်ဆေးတန်းတူရရှိမည်ဖြစ်ကြောင်း သိရသည်။ ကိုဗက်စ်သို့ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေများသည့် နိုင်ငံပေါင်း ၇၈ နိုင်ငံ ပါဝင်လာခဲ့ပြီးဖြစ်ကြောင်း ၎င်းတို့ အနက် ဂျာမနီ၊ ဂျပန်နှင့် နော်ဝေ စသည့် နိုင်ငံများပါဝင်ကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများ အဆက် မပြတ်တိုးတက်လာကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကနဦးသုတေသနအဆင့်တွင်သာ ရှိသေးကြောင်းနှင့် စမ်းသပ်မှုများစွာ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအသီးသီးသို့ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထိပ်တန်းသိပ္ပံပညာရှင်များ က ပြောကြားလိုက်သည်။

ဆင်ဟွာ