ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ယုံကြည်စိတ်ချရမှု

၂၅ ဇန်နဝါရီ

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကစလို့ ကမ္ဘာပေါ်မှာရှိတဲ့ တချို့နိုင်ငံတွေမှာ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးပေးမှုတွေ စတင်ခဲ့ကြပါတယ်။

ကိုယ်ဝန်ဆောင်တွေအတွက် စမ်းသပ်ချက်ရလဒ်မရှိ

နိုင်ငံအသီးသီးမှာလည်း စံနှုန်းကိုယ်စီ သတ်မှတ်ပြီးတော့ ကာကွယ်ဆေးထိုးပေးရမယ့် အသက်အရွယ် အပိုင်းအခြားအုပ်စုတွေကို သတ်မှတ်ထားခဲ့ကြပါတယ်။ ကာကွယ်ဆေးထိုးပေးဖို့ချန်လှပ်တာ ဒါမှမဟုတ် သတိပေးထားတဲ့အုပ်စုတွေကတော့ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မကြာခင်မှာ ကိုယ်ဝန်ယူမယ်လို့ ရည်ရွယ်ထားတဲ့အုပ်စုတွေ ပါဝင်ပါတယ်။ ဒီလိုမျိုး ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်ရတာကတော့ ကာကွယ်ဆေးရဲ့ ဆိုးရွားတဲ့ရလဒ်တွေကြောင့်မဟုတ်ဘဲ ကာကွယ်ဆေးစမ်းသပ်စဉ်ကာလမှာ ကိုယ်ဝန်ဆောင် တွေနဲ့ နို့တိုက်မိခင်တွေကို စမ်းသပ်ထားတဲ့ စမ်းသပ်ချက် ရလဒ် မရှိလို့ပါပဲ။

အချက်အလက်တွေ စုဆောင်းခဲ့ကြ

လူသားနဲ့ပထမအကျော့ ကာကွယ်ဆေးစမ်းသပ်စဉ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ထည့်သွင်းစမ်းသပ်ခဲ့တာ မရှိပါဘူး။ အစ္စရေးနဲ့ ဗြိတိန်နိုင်ငံတို့အပါအဝင် တချို့သောနိုင်ငံတွေမှာတော့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လမ်းညွှန်မှုတွေဟာ ပြောင်းလဲလာပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကာကွယ်ဆေးအကြောင်း ပိုမိုနားလည်လာ တာရယ်၊ ဗီဇပြောင်း ကိုဗစ်-၁၉ ရဲ့ ကူးစက်မှုအလွန် လျင်မြန်လွန်းတာကို ကြောက်ရွံ့တာတွေရယ်ကြောင့် အခုလိုပြောင်းလဲလာရတာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ လုပ်ဆောင်နေဆဲလေ့လာမှုတွေကနေ အချက်အလက်တွေကို စုစည်းလာပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် လုံခြုံစိတ်ချရမှုအနေအထားကို အပြည့်အဝ မရနိုင်သေးတဲ့အချိန်မှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လေ့လာမှုအချက်အလက်တွေ စုဆောင်းခဲ့ကြပါတယ်။ ကာကွယ်ဆေးကြောင့် ရရှိလာနိုင်မယ့်အကျိုးကျေးဇူးက ဆိုးကျိုးတွေထက်ပိုပြီး အလေးသာပါတယ်လို့အောက်စ်ဖို့ဒ် တက္ကသိုလ်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ပါမောက္ခ မာရီယန်နိုက် က ပြောပါတယ်။

လမ်းညွှန်မှုအသစ်ထုတ်ပြန်

ဇန်နဝါရီ ၁၉ ရက်မှာတော့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနနဲ့ သားဖွားပညာဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လမ်းညွှန်မှုအသစ် ထုတ်ပြန်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထောက်ခံချက်ပေးခဲ့တာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီဆိုရင် တခြားသူတွေထက်ပိုပြီး ရောဂါဝေဒနာကို ပိုမိုခံစားရဖွယ်ရှိတယ်လို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကနေဒါ၊ ဆွီဒင်၊ အမေရိကန်နဲ့ တခြားသောနိုင်ငံတွေက လေ့လာထားမှုတွေကနေ အချက်အလက်တွေ စုဆောင်းထားတယ်လို့လည်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ ရှောင်ရှားကြ အစ္စရေးနိုင်ငံမှာ ကိုဗစ် - ၁၉ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဆေးရုံတက်ရတဲ့ အရေအတွက် များပြားလာတာကြောင့် အခုလိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရတာပါ။ တချို့လူနာတွေမှာ ကိုယ်ဝန် ရှိနေတာကြောင့် ကုသရာမှာ အခက်အခဲရှိလာပါတယ်။ အစ္စရေးနိုင်ငံကတော့ သူတို့ရဲ့ နိုင်ငံသားတွေကို ဖိုက်ဇာဘိုင်ရွန်တက်ခ် ကာကွယ်ဆေးကို ထိုးပေးလျက်ရှိပါတယ်။ ကလေးယူရာမှာ အခက်အခဲရှိမှာကို စိုးရိမ်တဲ့ အတွက် တချို့သောလူငယ်စုံတွဲတွေနဲ့ အမျိုးသမီးတွေဟာ ကာကွယ်ဆေးထိုးဖို့ ရှောင်ရှားကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ အတည်ပြု ပေးထားတဲ့ ကာကွယ်ဆေးတွေကြောင့် ကလေးယူရာမှာ အခက်အခဲဖြစ်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျတဲ့အချက် အလက်အထောက်အထားတွေမရှိဘူးဆိုတာ သိဖို့အရေးကြီးပါတယ်ဆိုပြီး အစ္စရေးရဲ့ မျိုးပွားမှုသုတေသန အဖွဲ့အစည်းက ရေးသားခဲ့ပါတယ်။

ချန်လှပ်ထားခဲ့

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ဗြိတိန်နိုင်ငံမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး စတင်ထိုးပေးတဲ့ကာလမှာတော့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မကြာခင်မှာ ကိုယ်ဝန်ဆောင်ဖြစ်ဖို့ ရည်ရွယ်ထားတဲ့သူတွေကို ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ်မှာ ထည့်သွင်းထားခဲ့ခြင်း မရှိပါဘူး။ ကာကွယ်ဆေးစမ်းသပ် စဉ်ကာလအတွင်း ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်လှပ်ထားခဲ့တာပါ။ အဲဒီမူဝါဒကို ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတွေက ဝေဖန်ကြပါတယ်။ ဗြိတိန်နဲ့ ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင် အမျိုးသမီးတွေဟာ ဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ ရှေ့တန်းကျတဲ့ အသက်မွေးမှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေး လုပ်သားတွေနဲ့ စာသင်ကြားမှုအပိုင်းမှာ အမျိုးသမီးတွေများပါတယ်။

သဘောထားပြောင်းလဲ

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဖြစ်ကြတဲ့ မော်ဒါနာနဲ့ ဖိုက်ဇာ-ဘိုင်ရွန်တက်ခ်နဲ့ပတ်သက်ပြီး ဗြိတိန်ဟာ သူ့ရဲ့ရပ်တည်ချက်သဘောထား ပြောင်းလဲခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ပြနေကျ ဆရာဝန်တွေဆီမှာ အကြံပေးချက် တောင်းခံနိုင်တယ်ဆိုပြီး ဗြိတိန်ကျန်းမာရေးအရာရှိတွေက အခုအခါမှာ ထောက်ခံချက်ပေးထားပါတယ်။ နို့တိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင် ဖို့အတွက် စဉ်းစားနေတဲ့လူတွေကိုလည်း အခုအခါမှာတော့ ချန်လှပ်ထားခြင်း မရှိတော့ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်စဉ်အတွင်း ကာကွယ်ဆေးကြောင့် ဘေးဖြစ်မဖြစ်ကိုတော့ အတိအကျမသိရသေးပါ ဘူးလို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေး ဌာနက ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆရာဝန်ထံအကြံပြုချက်တောင်းခံသင့်

အကယ်၍ ကိုဗစ် -၁၉ ကာကွယ်ဆေး ကိုယ်ဝန်ဆောင်မိခင်ကို ထိုးပေးလိုက်ပြီဆိုရင် ဒီကာကွယ်ဆေးမှာ SARS-COV-2 ဗိုင်းရပ်စ် အသက်ရှင်လျက်ပါမလာနိုင်ဘူးဆိုတာနဲ့ ကလေးနဲ့မိခင်ကို ကိုဗစ်-၁၉ ကူးစက်ခံရမှု မဖြစ်နိုင်ဘူးဆိုတာကိုပါ ယုံကြည်စိတ်ချရမှု ရှိသင့်တယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာနဲ့ ကနေဒါကျန်းမာရေးဝန်ကြီးဌာန တို့ကတော့ ကာကွယ်ဆေးထိုးလိုတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ကိုယ်ပြသနေကျဆရာဝန်ဆီမှာ အကြံပြုချက် တောင်းခံသင့်တယ်လို့ ထောက်ခံချက်ပေးထားပါတယ်။

ကိုယ်ဝန်ဆောင်တွေကို ကာကွယ်ဆေး ထိုးမပေးသေး

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း ဖိုက်ဇာ ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေပေးတဲ့အခါ လူရဲ့ ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ အချက်အလက်တွေကိုကြည့်ပြီး စဉ်းစဉ်းစားစားနဲ့ ပေးသင့်တယ်လို့ ဥရောပ ဆေးဘက်ဆိုင်ရာအေဂျင်စီက ပြောပါတယ်။ ဒါကလည်း ကာကွယ်ဆေးစမ်းသပ်တုန်းက ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ပတ်သက်တဲ့အချက်အလက် မရှိတာကြောင့်ပါ။ အိန္ဒိယနိုင်ငံမှာလည်း ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးပေးနေပါပြီ။ တိုင်းပြည်ရဲ့ လက်ရှိကာကွယ်ဆေးခွင့်ပြုချက်အရ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို ထိုးပေးဦးမှာ မဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးကိုလည်း အစိုးရက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ခွင့်ပြုမထားသေးပါဘူး။ နွေဦးရောက်မှ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် စမ်းသပ်မှု ပြုလုပ်မယ်လို့ ရုရှား အာအိုင်အေနိုဗော့စတီ သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

စိုးရိမ်မှုတွေများလာ

အခုဆိုရင် ဗီဇပြောင်း ကိုဗစ်-၁၉ ဟာ ကူးစက်မြန်လွန်းပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးရုံတက်ရတာ ဆိုးဆိုးရွားရွား ကူးစက်ခံရတာတွေအပေါ် စိုးရိမ်မှုတွေ များလာပါတယ်။ တချို့ နိုင်ငံတွေမှာဆိုရင် လူငယ်တွေမှာ ကူးစက်မှုများနေပါတယ်။ အခုကူးစက်မြန်နေတဲ့ ဗီဇပြောင်း ကိုဗစ်-၁၉ ဟာ ကိုယ်ဝန်ဆောင်မိခင်တွေကို ပိုပြီး အန္တရာယ်ဖြစ်စေတယ်လို့ သက်သေပြချက်မရှိသေးပေမယ့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လူအများစုကတော့ ဒီဗီဇပြောင်း ကိုဗစ်-၁၉ကြောင့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနေတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ပါမောက္ခ မာရီယန်နိုက် က ပြောပါတယ်။ ။

ခြူးစန္ဒီနွေး

ကိုးကား - ဝါရှင်တန်ပို့စ်