ကိုဗစ်-၁၉ ကာလ လုံခြုံရေးသတိအမြဲရှိ

၁၃  ဇွန်

ကိုဗစ်-၁၉ ကာလတွင် ဒေသအများ၌ အသွားအလာကန့်သတ်မှုများ၊ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပြီး ဒေသဆိုင်ရာလုံခြုံရေးအဖွဲ့အစည်း များက အမြဲမပြတ်ကင်းလှည့်လည်မှုများကြောင့် ဒုစရိုက်မှုများ လျော့နည်း သွားသည်ဟု ဆိုနိုင်သည်။ သို့သော် ဒုစရိုက်သမားများမှာ မလှုပ်ရှားသာ သဖြင့် ငြိမ်သက်နေသေးသည့် သဘောသာရှိ၍ သက်ဆိုင်ရာတို့သာမက ပြည်သူများ အားလုံးအနေဖြင့် လုံခြုံရေးသတိမပြတ် ရှိဖို့လိုမည်ဖြစ်သည်။

မကြာသေးမီရက်များက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ စေတီတော် ၁၀ ဆူ ဌာပနာတော် ဖောက်ထွင်းခံရကြောင်း ကြားသိရပြီး အဆိုပါ စေတီတော် ၁၀ ဆူအနက် စေတီတော် ငါးဆူမှာ လတ်တလော ကာလအတွင်းက ဖောက်ထွင်းခံလိုက်ရသဖြင့် များစွာစိတ်မကောင်းဖြစ်မိပါသည်။ ထို့အပြင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဟန်လင်းမြို့ဟောင်းရှိ နှစ်ပေါင်းထောင်ချီကာလက လက်ရာဖြစ်သော မြေအိုးအပါအဝင် ရှေးဟောင်းပစ္စည်း များ ဖျက်ဆီးခံရကြောင်း ဝမ်းနည်းဖွယ်ကြားသိရပြန်သည်။

ကိုဗစ်-၁၉ ကာလတွင် ဘုရားဖူးများနှင့် လာရောက်လေ့လာသူများ မရှိတော့သည့်ကာလ၊ လုံခြုံရေးကင်းလှည့်မှု မရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ မသမာသူအဖျက်သမားများ၊ ဒုစရိုက်သမားများက လူသူမရှိသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိသည့်ဒေသများတွင် ဖျက်ဆီးခိုးယူမှုများ ပြုလုပ်လာကြပြန်သည်။ ပုံမှန်ပစ္စည်းဥစ္စာများထက် ယဉ်ကျေးမှုသမိုင်းအမွေအနှစ် တန်ဖိုးကြီးမားသော ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်း၊ ခိုးယူခံရခြင်းသည် ကြီးမားသောဆုံးရှုံးမှုပင် ဖြစ်သည်။

ဒုစရိုက်သမားနှင့်အဖျက်သမားဟူသည် သိသာသည့်အမှတ်အသား မရှိသဖြင့် ပြည်သူလူထုနှင့် ပတ်ဝန်းကျင်သို့ အလွယ်တကူရောက်ရှိပြီး ဖျက်ဆီးနှောင့်ယှက်မှုများပေးနိုင်ရာ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေး ကျိုးပေါက်ခြင်းမရှိအောင် လုံခြုံရေးသတိ လူတိုင်းလူတိုင်းတွင် အမြဲရှိဖို့လိုမည် ဖြစ်သည်။ ရပ်ရွာအေးချမ်း သာယာရေးနှင့် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်ပေးနေသည်မှာ မှန်သော်လည်း ပတ်ဝန်းကျင်တွင်ရှိသော ပြည်သူလူထုများလည်း ပူးပေါင်းကူညီမှသာ ထိရောက်စွာဆောင်ရွက်နိုင်မည် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားလာမှုကန့်သတ်ခြင်း၊ အများ ပြည်သူ၏ လုံခြုံမှုပုံစံကန့်သတ်ခြင်း၊ မြို့ရွာများ လူဝင်လူထွက်စိစစ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေးယာဉ်၊ ရထားများကန့်သတ်ခြင်း၊ ညမထွက်ရအမိန့် ထုတ်ပြန်ခြင်း၊ အထူးသဖြင့် နေအိမ်တွင်နေထိုင်စေခြင်း စသည့်အရေးပေါ် အစီအမံများ ချမှတ်ထိန်းချုပ်ဆောင်ရွက်နေမှုများကို ဒုစရိုက်သမားများ၊ ဝိသမလောဘသားများက အခွင့်ကောင်းယူ၊ အလစ်အငိုက်ယူ၍ ဒုစရိုက်မှုများ ကျူးလွန်လာနိုင်သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကိုဗစ်-၁၉ ရောဂါကာလကို အခွင့်ကောင်းယူ၍ မှုခင်း ကျူးလွန်နေမှုများအား ပြည်သူများသို့ သတိပေးနှိုးဆော်ချက်များ မပြတ်ဆော်ဩပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ကာလ၌ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လာမှုကြောင့် ဒုစရိုက် သမားများအား ပြင်ပတွင် တွေ့မြင်မှုနည်းပါးသွားခြင်းသည် ၎င်းတို့၏ ဒုစရိုက်မှုကျူးလွန်ရန် ပုံစံပြောင်းလဲဆောင်ရွက်ခြင်းဖြစ်သည်ကို သတိမူ ရမည်ဖြစ်သည်။ ဒုစရိုက်သမားများမှာ ပြည်သူလူထုနှင့်ရောနှော၍ ပုံဖျက်ဆောင်ရွက်နိုင်ရန် ကြံစည်အားထုတ်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ နေအိမ်ကျော်နင်းမှု၊ ခိုးယူမှု၊ လုယက်မှု၊ ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများကို နည်းမျိုးစုံအသွင်ပြောင်း၍ လုပ်ကိုင်လာနိုင်သည်ကို မပြတ်သတိရှိရမည် ဖြစ်သည်။

ကိုဗစ်-၁၉ ကာလအတွင်း ဒုစရိုက်သမားများနှင့် ဝိသမလောဘသားများက ကျူးလွန်လျက်ရှိသည့် လှုပ်ရှားမှုများအပေါ် အများပြည်သူတို့ အနေဖြင့် အသိ၊ သတိရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါ သည်။ မြို့ရွာ၊ ရပ်ကွက်များတွင် ထူးခြားဖွယ်ရာ၊ မသင်္ကာဖွယ်ရာများ တစ်စုံတစ်ရာတွေ့ရှိလာပါက လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လှည့်ကင်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ နှင့်တာဝန်ရှိသူများ၊ နယ်မြေအလိုက် အရေးပေါ်ဆက်သွယ်အကြောင်းကြား နိုင်သည့် နီးစပ်ရာရဲစခန်းရှိ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားအသိပေးရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာလတွင် ဒုစရိုက်သမားများ၊ ဝိသမလောဘ သားများသည် ပုံစံအသွင်တစ်မျိုးပြောင်းကာ ကျူးလွန်မှုများ ပြုလုပ်ခြင်းများ၊ ပြုလုပ်လာနိုင်မှုများအား ဝိုင်းဝန်းပူးပေါင်း ကာကွယ်တားဆီးကြပါရန်နှင့် ပြည်သူလူထုအနေဖြင့် မပြတ်သောသတိ၊ မြဲမြံသောလုံခြုံရေးအသိဖြင့် မိမိရပ်ရွာအေးချမ်းသာယာရေး၊ ဥစ္စာပစ္စည်းဆုံးရှုံးပျက်စီးမှုမရှိစေရေး အတွက် နိုးကြားတက်ကြွစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ