ကိုဗစ်-၁၉ ကာလအလွန် ပြောင်းလဲဖြစ်ပေါ်လာနိုင်မှုများကို စေ့ငုခြင်း

ထွန်းသစ်စ

 

ကိုဗစ်-၁၉ ဟာ ကမ္ဘာ့တိုးတက်ခေတ်အမီဆုံးနိုင်ငံအချို့ရဲ့ ကျန်းမာရေးစနစ်မှာဖြစ်နေတဲ့ အဓိကကွာဟချက်ကို ဖော်ပြလိုက်သလို အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ပြင်သစ်နဲ့ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးအတွက် အရေးပေါ်မူဝါဒလမ်းစဉ်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဟာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတစ်ခုလုံးကို အသွင်ပြောင်းလဲပေးလိုက်ပြီး ဂရုစိုက် စောင့်ရှောက်မှုတွေကို တိုးလာစေပါတယ်။ ဒါတင်မကသေး ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကျန်းမာရေးစနစ်သစ်တစ်ခု ထူထောင်ရာမှာ ပါဝင်မယ့်သူတွေအတွက် အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးမှာဖြစ်ပါတယ်။

 

အလေးဂရုပြုဖို့လို

တခြားအရာတွေ ပြုပြင်ပြောင်းလဲတာထက်စာရင် ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ ကုမ္ပဏီတွေ အနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးဂရုပြုဖို့လိုပါမယ်။ ကိုဗစ်-၁၉ ကာလ အတွင်းမှာ လူတွေဟာအဝေးမှအလုပ်လုပ်ခြင်း၊ လူမှုရေးဆိုင်ရာ ထီးတည်းဖြစ်ခြင်းနဲ့ လူမှုဝေးကွာစနစ်များ ကျင့်သုံးခြင်းတွေကို ပိုပြီးတွေ့ကြုံ ခံစားရလေလေ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိဖို့ ပိုမိုလိုအပ်လေလေဖြစ်ပါ တယ်။ ကုမ္ပဏီတွေအနေနဲ့လည်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာမယ့် အဆိုးတွေကိုရှောင်ရှားနိုင်ဖို့ မိမိတို့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေနဲ့ စိတ်ချမ်းသာမှုကို ပိုပြီးအာရုံစိုက်ဖို့ လိုအပ်လာပါတယ်။

 

ကုန်စည်လည်ပတ်စီးဆင်းမှု

ကိုဗစ်-၁၉ ကြောင့် လိုက်ပါပြောင်းလဲလာမယ့် နောက်တစ်ခုကတော့ ကုန်စည်လည်ပတ်စီးဆင်းမှု ဖြစ်ပါတယ်။ ကုန်စည်လည်ပတ်စီးဆင်းမှုဟာ နည်းပညာမူဝါဒတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ပိုလို့ တောင်အစိတ်စိတ် အပိုင်းပိုင်း တစ်စစီခွဲခြားလို့ ရလာပါတယ်။ အမျိုးမျိုးသော ကုန်စည်လည်ပတ်စီးဆင်းမှုတွေ ပေါ်ပေါက်လာပြီး မူရင်းကုန်စည်ထုတ်လုပ်မှုနဲ့ ဆင့်ပွားဖြစ်စဉ်တွေ အပါအဝင် အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ခြေရာကောက် နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါဟာ ဝယ်ယူစားသုံးသူတွေကို ဆွဲဆောင်မယ့် နည်းလမ်းအသစ်တွေ ဖြစ်လာမှာဖြစ်သလို ကုန်စည်စာရင်းတွေကိုလည်း အသေးစိတ်စီမံခန့်ခွဲနိုင်မှာဖြစ်ပြီး ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကို ချိန်ညှိနိုင်မှာပဲ ဖြစ်ပါတယ်။ ထို့အတူ စီမံခန့်ခွဲမှုဆိုင်ရာ ဖြစ်နိုင်စွမ်းနဲ့ ငွေကြေးတွေကိုလည်း ကောင်းစွာစီမံနိုင်မှာပဲ ဖြစ်ပါတယ်။

 

၅ - ဂျီအင်တာနက်

ကုန်စည်လည်ပတ်စီးဆင်းမှုပြောင်းလဲ ဖြစ်ပေါ်လာသလို ၅-ဂျီ အင်တာနက်ကိုလည်း ပိုပြီးတွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြပါပြီ။ ၅-ဂျီအင်တာနက်စနစ်ဟာ အွန်လိုင်းအင်တာနက်အသုံးပြုမှုကို ပိုမိုတိုးမြှင့်ပေးလိုက်ပြီး ဗဟိုချုပ်ကိုင်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ သမားရိုးကျ စီးပွားရေးမဟာဗျူဟာဟာ ဈေးကွက်နယ်ပယ်နဲ့ ယှဉ်ပြိုင်သူတွေပေါ်မှာ မှီခိုနေပါတယ်။ ကိုဗစ်-၁၉ ကာလ အလွန်မှာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝယ်ယူအားပေးသုံးစွဲသူ ဖောက်သည်တွေအတွက် အခက်အခဲ ပြဿနာတွေကို ထိုးဖောက်ကျော်လွှားနိုင်မယ့် စံနှုန်းတန်ဖိုးတွေကို အဆက်မပြတ်ဖန်တီးပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ ကုမ္ပဏီတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာစဉ်းစားမှုအပိုင်း၊ မဟာဗျူဟာမိတ်ဖက်တည်ဆောက်မှုနဲ့ ကမ္ဘာ့ စီးပွားရေးစနစ်မှာ တခြားသူတွေနဲ့ စီးပွားဖက်မိတ်ဖွဲ့မှုတွေကို အမီမလိုက်နိုင်ဘူးဆိုရင် အပြောင်းအလဲမြန်တဲ့ စီးပွားရေး ပတ်ဝန်းကျင်မှာ စံတန်ဖိုးတွေကိုဖန်တီးဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

 

အလုပ်နေရာ သတ်မှတ်ချက်တွေ ပြောင်းလဲလာ

ကိုဗစ်-၁၉ ကြောင့် အလုပ်နေရာ သတ်မှတ်ချက်တွေ ပြောင်းလဲလာပါတယ်။ လက်ရှိ အဝေးရောက်စနစ်နဲ့ လုပ်ကိုင်နေမှု အစီအစဉ်သာ နောက်ထပ်သုံးလလောက် ဆက်လက်ဖြစ်ပွားနေမယ်ဆိုပါက အလုပ် အကိုင် ပုံစံပြောင်းလဲမှု အမြဲဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ အလုပ်အကိုင် အခြေအနေတွေအတွက် သတ်မှတ်ချက် အသစ်တွေလည်း ထုတ်ပြန်ရတော့မှာ ဖြစ်ပါတယ်။ အလုပ်နေရာနဲ့ အလုပ်လုပ်တဲ့ ပုံစံတွေဟာ လည်း ပုံမှန်ရုံးတက် အိမ်ပြန်လိုမျိုး ရိုးရှင်းလွယ်ကူတော့မှာ မဟုတ်ပါဘူး။ မိုးကုတ်စက်ဝိုင်းအထိ အဓိကပြောင်းလဲမှု

တွေ ဖြစ်ပေါ်နေတာနဲ့အညီ ပြန်လည်ဆန်းသစ်ထားတဲ့ အလုပ်နေရာ ရည်ရွယ်ချက်တွေလည်း ပေါ်ထွက်လာပါတယ်။ လူတွေ အလုပ်လုပ်ဖို့ နေရာတစ်ခု ဖန်တီးပေးတာနဲ့စာရင် အလုပ်နေရာတွေဟာ အဓိကအားဖြင့်တော့ ရည်မှန်းချက်တစ်ခု ရရှိအောင် စုပေါင်းလုပ်ဆောင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ အလုပ်နေရာတွေ ပြောင်းလဲလာ တဲ့အတွက် မလိုအပ်တဲ့ အသုံး စရိတ်တွေဖြစ်တဲ့ ခရီးသွားစရိတ်တွေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း မျက်နှာချင်းဆိုင် အစည်းအဝေးတွေ ကျင်းပတဲ့နေရာမှာလည်း အွန်လိုင်းအစည်းအဝေးတွေ ကျင်းပဖို့ လုပ်ဆောင် ရမှာပဲ ဖြစ်ပါတယ်။

 

ပုံစံတစ်မျိုးနဲ့ ပြောင်းလဲဖို့လို

စက်ရုံ အလုပ်ရုံတွေလည်း ကျွမ်းကျင်မှု စွမ်းရည်အသစ်တွေကို ပုံစံတစ်မျိုးနဲ့ ပြန်လည်ဆန်းသစ်ဖို့ လိုအပ်လာသလို ပြောင်းလဲလာတဲ့ အလုပ်သစ်တစ်ခုကို လုပ်ကိုင်နိုင်ဖို့ ကျွမ်းကျင်မှုစွမ်းရည်အသစ်  တွေသင်ယူခြင်းဟာလည်း အဓိကဦးစားပေးကိစ္စ ဖြစ်လာမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဟာ ပညာရှိ ကဝိတွေနှစ်ပေါင်းများစွာ ကြိုတင် ခန့်မှန်းထားတဲ့ စက်ရုံအလုပ်ရုံတွေကို အရှိန်ကောင်းကောင်းနဲ့ နှောင့်ယှက်နေပါတယ်။ လေကြောင်းလိုင်းတွေ၊ လက်လီဖြန့်ချိရောင်းချမှုတွေ၊ ဧည့်ဝတ်ကျေပွန်မှုကို အရင်းခံတဲ့ လုပ်ငန်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပညာရေးတွေ၊ ဆောက်လုပ်ရေးနဲ့ နည်းပညာတွေအပါအဝင် စက်ရုံအလုပ်ရုံအများစုဟာ သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လက်ရှင်သန်နေဖို့ဆိုရင် စီးပွားရေးပုံစံတွေကို လျင်မြန်တဲ့အရှိန်အဟုန်နဲ့ လိုက်ပါပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ စီးပွားရေးပုံစံသစ်တွေနဲ့ တန်ဖိုးစံနှုန်းပြောင်းလဲမှုတွေမှာ စွမ်းရည်သစ်တွေ တိုးမြှင့်ဖို့ လိုအပ်လာမှာပဲ ဖြစ်ပါတယ်။

 

အလုပ်အကိုင်ဈေးကွက် ပြောင်းလဲလာ

ဖွံ့ဖြိုးပြီးနိုင်ငံ ၁၅ နိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်မှာ အဓိကနှောင့်ယှက်မှုတွေကြောင့် အလုပ်အကိုင်သစ် သန်းချီပေါ်ပေါက်လာမှုနဲ့ အလုပ်အကိုင်ပေါင်း ငါးသန်း အသားတင်ဆုံးရှုံးမယ်လို့ လွန်ခဲ့တဲ့နှစ်က ကမ္ဘာ့စီးပွားရေး ညီလာခံက သတိပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ အလုပ်အကိုင် ဈေးကွက်ကို ထိခိုက်စေခဲ့ပြီး ဖြစ်ပါတယ်။ ထို့ကြောင့် လူမှုရေးဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာမှာ မဖြစ်ချင်တဲ့ အခြေအနေတွေ အနည်းဆုံးဖြစ်စေဖို့ ကျွမ်းကျင်မှု စွမ်းရည်သစ်တွေကို ပုံစံတစ်မျိုးနဲ့ဆန်းသစ်ဖို့ ပြောင်းလဲလာတဲ့ အလုပ်သစ်တစ်ခုအတွက် ကျွမ်းကျင်မှု စွမ်းရည်သစ်တွေ သင်ယူခြင်းဟာ ကုမ္ပဏီအများစုအတွက် ထိပ်တန်းဦးစားပေးကိစ္စတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ ပညာရေးနဲ့ လေ့ကျင့်ရေးစနစ်တွေဟာလည်း ပြောင်းလဲလာတဲ့ပုံစံတွေကို အထောက်အကူဖြစ်ဖို့ လိုအပ်လာပါ လိမ့်မယ်။ နည်းပညာအသုံးပြု လူသားရဲ့ စဉ်းစားတွေးခေါ်မှုဟာလည်း ဆက်သွယ်ရေးနဲ့ ဗဟုသုတစီးမျောမှု အပိုင်းမှာ အရေးပါလာမှာ ဖြစ်ပါတယ်။

 

နည်းပညာတီထွင်ဆန်းသစ်မှုဟာ စီးပွားရေးကိုရှင်သန်စေ

စီးပွားရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှု အခင်းအကျင်း ပြောင်းလဲလာခြင်းနဲ့အတူ ကိုဗစ်-၁၉ ဟာ စီးပွားဖြစ် အိမ်ခြံမြေ ရောင်းဝယ်မှုအရွေ့ကို ပိုပြီးလိုက်လျောညီထွေစွာ ပြောင်းလဲလာစေမှာ ဖြစ်ပါတယ်။ စီးပွားရေးပုံစံမှာ နည်းပညာတီထွင် ဆန်းသစ်မှုဟာ စီးပွားရေးကိုရှင်သန်စေမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးထွားဖို့ဆိုရင် စီးပွားရေးခေါင်းဆောင်တွေ ဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိနေရမှာဖြစ်ပြီး သုံးစွဲသူတွေအတွက် အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် နည်းပညာဆန်းသစ်မှုတွေ အမြဲဖန်တီးပေးဖို့ လိုပါတယ်။

 

ကိုဗစ်-၁၉ ကာလအလွန်မှာ တီထွင်ဆန်းသစ်မှု အများအပြားလိုအပ်လာမှာဖြစ်ပြီး ပုံမှန်သက်သောင့်သက်သာ အခြေအနေကနေ သွေဖည်လာမှာပဲ ဖြစ်ပါတယ်။ အကယ်၍ အဖွဲ့အစည်းတွေဟာ အလုပ်အကိုင်ပိုင်းမှာ လိုက်လျောညီထွေ ပြောင်းလဲဆန်းသစ်မှု မရှိဘူးဆိုရင် ဆက်လက်တည်ရှိဖို့ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

အတွေးအမြင်သစ်တွေဟာ အနာဂတ် အောင်မြင်မှုအတွက် မောင်းနှင်ပေး

အတွေးအမြင် အသစ်တွေဟာ အနာဂတ်အောင်မြင်မှုအတွက် မောင်းနှင်ပေးမှာဖြစ်ပါတယ်။ ဖြစ်ပေါ်ပြောင်းလဲလာ တဲ့ အခြေအနေတွေနဲ့အညီ လိုက်ပါပြောင်းလဲဖို့ ငြင်းဆန်နေမယ်ဆိုရင်တော့ အနာဂတ်မှာ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘဲ နောက်ကျန်နေခဲ့မှာ ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ ပြောင်းလဲမှုတွေဟာ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် စီးပွားရေးလုပ်ငန်းတွေ  အောင်မြင်ဖို့ဆိုရင် လူတွေရဲ့ အတွေးအမြင်တွေလည်း လိုက်ပါပြောင်းလဲသွားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလအလွန်မှာ ကုမ္ပဏီတွေ အလေ့အထ တွေ ပြောင်းလဲလာတာဟာ အဲဒီကုမ္ပဏီတွေအတွက် အောင်မြင်မယ့် ပြောင်းလဲမှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဟာ သမားရိုးကျအတွေးအခေါ်တွေကို စိန်ခေါ်လျက်ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာကြီးအနှောင့်အယှက်တွေ ဖြစ်ပေါ်နေသော်လည်း ဖော်ပြပါ ပြောင်းလဲမှုတွေကတော့ ကိုဗစ်-၁၉ ရောဂါအလွန်မှာ တွေ့မြင်ရမယ့် အခြေအနေတွေပဲ ဖြစ်ပါတယ်။    ။

ကိုးကား - အေအက်ဖ်ပီ