ကိုဗစ်-၁၉ ကြောင့် အုပ်စိုးခန့်၏ ဒုတိယမြောက် တစ်ကိုယ်တော်အခွေသစ်ထွက်ရန် ကြန့်ကြာနေ

  ဇွန်

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဒုတိယမြောက် တစ်ကိုယ်တော် အခွေသစ်ထွက်ရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း တေးသံရှင် အုပ်စိုးခန့်က ပြောသည်။

"ကျွန်တော်လည်း အခု ဒုတိယအခွေ လုပ်ဖို့တောင်မှ လန့်နေတာ။ ပထမဆုံး အသံသွားသွင်းတဲ့ စတူဒီယိုဆိုရင် ပိတ်ထားတယ်။ တခြား စတူဒီယိုတွေလည်း မသွားဖြစ်တော့ဘူး။ ကိုယ့်ဘာသာကိုယ်လည်း အနားပေးထားတယ်။ ဒီကာလမှာ ပွဲတွေကလည်း နားထားတော့ ဒုတိယအခွေအတွက် အားစိုက်မယ်လို့ တွေးထားတာ။ အဆိုသင်ပေးမယ့်သူတွေလည်း ခေါ်မယ်ပေါ့။ အခုတော့ မခေါ်ဖြစ်ဘူး။ ခဏနားထားရပါတယ်"ဟု အုပ်စိုးခန့်က ပြောသည်။

အုပ်စိုးခန့်အနေဖြင့် ဂီတအလုပ်ကိုသာမက သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ဆောင်လျက်ရှိရာ " အိပ်မက်တွေ မိုးထားတဲ့အိမ်" ရုပ်သံဇာတ်လမ်းတွဲတွင် မိုရီဆာကီဝင်း၊ နေခြည်ဦး စသည့် အနုပညာရှင်များနှင့် ပါဝင် သရုပ်ဆောင်ထားသလို ပြည်ပမှ အနုပညာရှင်များနှင့်လည်း အနုပညာအလုပ်များ တွဲလုပ်သွားရန်ရှိကြောင်း သိရသည်။

အုပ်စိုးခန့်သည် ၂၀၁၉ ခုနှစ်က တစ်ကိုယ်တော် အခွေသစ်ဖြစ်သည့် The Number One အယ်လ်ဘမ် ထွက်ရှိထားပြီး Shwe FM မှ ချီးမြှင့်သော "၂၀၁၉ ခုနှစ်အတွက် အအောင်မြင်ဆုံး မျက်နှာသစ်အနုပညာရှင်"ဆုကို လည်း ရရှိထားသည်။

ကိုလင်း