ကိုဗစ် - ၁၉ ကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူ ရှစ်သိန်းကျော်လာချိန်မှာ နိုင်ငံအားလုံး ကိုဗစ် -၁၉ ရောဂါထပ်မံမဖြစ်ပွားအောင် အားသွန်ခွန်စိုက်ကြိုးစားလျက်ရှိ

mdn

ထွန်းသစ်စ - ရေးသားသည်

 

ကိုဗစ် - ၁၉ ကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးမှုဟာ အခုတော့ ရှစ်သိန်းကျော်လွန်လာခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံအများစုဟာ ကိုဗစ် - ၁၉ ထပ်မံဖြစ်ပွားမှုကို တားဆီးနိုင်ဖို့ အရှိန်မြှင့်တင်ဆောင်ရွက်နေကြပါတယ်။ အနောက်ဥရောပ၊ အထူးသဖြင့် စပိန်၊ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့မှာ ကူးစက်မှုနှုန်းဟာ တိုးလာခဲ့တဲ့အတွက် ကိုဗစ် - ၁၉ ဒုတိယလှိုင်းထပ်မံ ဖြစ်ပွားလာမယ့်အရေးကို စိုးရိမ်နေကြပါတယ်။

 

ကိုဗစ် - ၁၉ ကာကွယ်တားဆီးဖို့ ဆောင်ရွက်

 

တောင်ကိုရီးယားနိုင်ငံဟာလည်း ကိုဗစ် -၁၉ အသစ်ထပ်မံဖြစ်ပွားမှုကို တားဆီးကာကွယ်ဖို့ ကြိုးစား တဲ့အနေနဲ့ ကန့်သတ်ချက်တွေကို မြှင့်တင်တော့ မယ်လို့ကြေညာလိုက်တဲ့ နောက်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။

 

လွန်ခဲ့တဲ့ ၁၇ ရက်လောက်က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၀၀၀၀၀ အပါအဝင် ကမ္ဘာတစ်ဝန်းလုံး ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူပမာဏဟာ ဇွန် ၆ ရက်ကစပြီး နှစ်ဆလောက်အထိတိုးလာကာ ၈၀၀၀၀၀ ကျော်အထ ိရောက်ရှိလာခဲ့ပါတယ်။ ထို့အတူ ကမ္ဘာ တစ်ဝန်း ကိုဗစ် - ၁၉ အတည်ပြုလူနာအရေအတွက် ဟာလည်း ၂၃ သန်းကျော်လွန်လာခဲ့ပါပြီ။

 

လက်တင်အမေရိကဟာ ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှု ကို အဆိုးဆုံးခံစားခဲ့ရတဲ့ ဒေသဖြစ်ပြီး ကိုဗစ် - ၁၉ကြောင့် ကမ္ဘာ့သေဆုံးမှုရဲ့ ထက်ဝက်ကျော်ဟာ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ မက္ကဆီကိုနဲ့ အိန္ဒိယ နိုင်ငံတို့မှ ဖြစ်ပါတယ်။ 

 

နှစ်နှစ်မပြည့်မီမှာ ထိန်းချုပ်နိုင်မယ်

 

ကမ္ဘာကြီးဟာ ကိုဗစ် - ၁၉ ရာဂါကို နှစ်နှစ် မပြည့်မီအချိန်အတွင်းမှာ ထိန်းချုပ်ကောင်း ထိန်းချုပ် နိုင်တယ်လို့ ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက သြဂုတ် ၂၁ ရက်က ပြောကြားပြီးနောက်မှာ ကိုဗစ် - ၁၉ ကူးစက် ပျံ့နှံ့မှုဟာ ရုတ်တရက်ပြန်လည် တိုးလာခဲ့တာဖြစ် ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရော့စ် အက်ဒါမွန်ဂီဘရီယက်စ်ဆုစ်က ၁၉၁၈ ခုနှစ်က ဖြစ်ပေါ် ခဲ့တဲ့ တုပ်ကွေးကပ်ရောဂါကြောင့် လူပေါင်း သန်း ၅၀ တို့ရဲ့ အသက်တွေဆုံးရှုံးခဲ့ရတဲ့အခြေအနေနဲ့ အခု ကိုဗစ် -၁၉ ရောဂါအခြေအနေတို့ကို နှိုင်းယှဉ်ပြောကြား ခဲ့ပါတယ်။

 

မိမိတို့ဟာ ကမ္ဘာ့ရွာကြီးဖြစ်လာတာ၊ နီးကပ်မှုတွေ ရှိလာတာ၊ ဆက်သွယ်မှုတွေရှိလာတာဟာ ပိုပြီးထူးခြားတဲ့ အခြေအနေ မဟုတ်တော့ဘဲ နည်းပညာဖွံ့ဖြိုးတိုးတက် လာတာက သာလွန်ကောင်းမွန်တဲ့အခြေအနေတစ်ခု ဖြစ်လာကြောင်း၊ နှစ်နှစ်မပြည့်မီ အချိန်အတွင်းမှာ ကိုဗစ် - ၁၉ ရောဂါဟာ ပြီးဆုံးသွားမယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပြောကြားလိုက်ပါတယ်။

 

ဖြစ်နိုင်တဲ့နည်းပညာတွေကို များများအသုံးချပြီး ကာကွယ်ဆေးကဲ့သို့သော အရာတွေရရှိနိုင်ကြောင်းနဲ့ ၁၉၁၈ တုပ်ကွေးကပ်ရောဂါထက် ပိုမိုတိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီကိုဗစ် - ၁၉ ရောဂါကို အဆုံးသတ် နိုင်ဖို့ မျှော်လင့်ထားကြောင်း တက်ဒရော့စ်က ပြောခဲ့ ပါတယ်။

 

ကလေးတွေလည်း ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရမယ်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အသက် ၁၂ နှစ် ကျော်တဲ့ ကလေးတွေလည်း လူကြီးတွေနည်းတူ ပါးစပ် နှာခေါင်းစည်းတွေ တပ်ဆင်သွားလာကြဖို့ တိုက်တွန်း ထားပါတယ်။

 

စိတ်ချရတဲ့ကာကွယ်ဆေးထွက်ပေါ်မလာသေးခင် မှာ ကမ္ဘာ့အစိုးရတွေရဲ့ ထိရောက်တဲ့ ကိုဗစ် - ၁၉ ထိန်းချုပ်နည်းတွေကတော့ အိမ်ထဲမှာပဲနေထိုင်ရေးနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရေး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ကိုဗစ် - ၁၉ အတည်ပြုလူနာ ၃၃၂ ဦးတိုးလာ တဲ့အတွက် ကိုဗစ် - ၁၉ ဆိုင်ရာ တားမြစ်ကန့်သတ် ချက်တွေကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။

 

အလွန်ကိုသတိထားရမယ်

 

မိမိတို့အနေနဲ့ နိုင်ငံအတွင်း ကိုဗစ် - ၁၉ ဒုတိယ လှိုင်း ပြန်လည်စတင်နိုင်ခြေရှိနေတဲ့ အခြေအနေကို တွေ့မြင်နေရတဲ့အတွက် အလွန်ကိုသတိထားနေထိုင်ရ မယ့်အခြေအနေပဲလို့ ကျန်းမာရေးဝန်ကြီး ပါ့ခ်နွန်ဟိုက  သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

 

ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုမရှိအောင် ထိန်းချုပ် ခြင်းဟာ အဆင့်မြင့် ဦးစားပေးလုပ်ငန်းဖြစ်တာကြောင့် ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ဆောင်ရွက် ချက်များတွင် လူစုလူဝေးပြုလုပ်ခြင်းနဲ့ အလုံပိတ်  အားကစားပွဲတွေ ပြုလုပ်ခြင်းအပါအဝင် ကျယ်ကျယ် ပြန့်ပြန့်တားမြစ်မှုတွေ ပြုလုပ်ထားတယ်လို့ သူကဆက်ပြောထားပါတယ်။ ထို့အတူနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့  ကမ်းခြေတွေကိုလည်း ပိတ်ထားပါတယ်။

 

အသွားအလာကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်

 

တစ်ချိန်က ကိုဗစ် - ၁၉ ကူးစက်မှုဗဟိုချက် နေရာဖြစ်ခဲ့ဖူးတဲ့ အီတလီနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ကိုဗစ် - ၁၉ အတည်ပြုလူနာ ၁၀၀၀ ကျော် ထပ်မံတွေ့ရှိခဲ့ပါတယ်။ မေလမှာ အသွားအလာကန့်သတ် ထိန်းချုပ်မှု လုပ်ဆောင်တဲ့အချိန်ကတည်းက အခုအချိန်အထိ အများဆုံးတွေ့ရှိခဲ့တဲ့ ပမာဏတစ်ခုလည်းဖြစ် ပါတယ်။

 

အလားတူ စပိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့မှာလည်း  ထိုနည်းလည်းကောင်းပဲဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကူးစက်ခံရသူအများစုမှာ လူငယ်လူရွယ်တွေဖြစ်ကြပြီး တချို့က ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရတာ ဖြစ်ပါတယ်။ အီတလီကျန်းမာရေး ဝန်ကြီးကတော့ သူတို့ကိုအိမ်ထဲမှာနေဖို့ တိုက်တွန်း ပြောကြားထားပါတယ်။

 

လက်ဘနွန်နိုင်ငံမှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ် ကမ်းပေါက်ကွဲမှုကြောင့်လူအများအပြားသေဆုံးခဲ့ရသလို စီးပွားရေးလည်းထိခိုက်ခဲ့ရတဲ့အခြေအနေမှာ ကိုဗစ် -၁၉ ဒုတိယလှိုင်းကို စိုးရွံ့ တဲ့အတွက် အခုလိုအား အလောကန့်သတ်ပိတ်ဆို့မှုတွေကို ထုတ်ပြန်လိုက်တာဖြစ် သလို ညမထွက်ရအမိန့်လည်း ထုတ်ပြန်လိုက်တာဖြစ် ပါတယ်။

 

ဒုက္ခတွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်

 

နောက်ထပ် ကိုဗစ် - ၁၉ သာ ထပ်မံဖြစ်ပွားခဲ့ မယ်ဆိုရင် လက်ဘနွန်နိုင်ငံရဲ့ ကျန်းမာရေးစနစ်၊ အကျပ်အတည်းတွေ တွေ့နိုင်တယ်ဆိုပြီး အခုလို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဘေရွတ်ဆိပ်ကမ်းဗုံး ပေါက်ကွဲမှုမှာ ဆိပ်ကမ်းနားက ဆေးရုံတွေလည်း ပျက်စီး ခဲ့ပါတယ်။

 

အမေရိကန်ကတော့ ကမ္ဘာ့ ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ ထက်ဝက်ကျော်လောက်ပမာဏရှိခဲ့ပါတယ်။ မိမိတို့ဟာ ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုမှာ ကမ္ဘာ ကြီးကို ဦးဆောင်နေပါတယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါ တယ်။ ၅ ဒသမ ၇ သန်းကူးစက်ခံနေရတဲ့အချိန်မှာ သေဆုံးသူအရေအတွက်ဟာ ၁၇၆၃၃၂ ရှိခဲ့ပါတယ်။

 

 သမ္မတဖြစ်လာပါက ကိုဗစ် - ၁၉ တိုက်ဖျက်ဖို့ အမျိုးသားစီမံကိန်း အကောင်အထည်ဖော်မယ်

 

သူ့အနေနဲ့ အမေရိကန်သမ္မတတာဝန်ထမ်းဆောင် ရမယ်ဆိုပါက ပထမဆုံးနေ့မှာ ကိုဗစ် - ၁၉ ကူးစက် ရောဂါကို တိုက်ဖျက်ဖို့ အမျိုးသားစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်သွားမှာပါလို့ ပြောထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ နေ့စဉ် ကိုဗစ် - ၁၉ အလား အလာဟာ အကျဘက်သို့ ဦးတည်နေသော်လည်း အမေရိကန်တွေဟာ ဒီကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ် နိုင်မလားဆိုတာ စိုးရိမ်မိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

 

အခုတော့ ကမ္ဘာ့နိုင်ငံတိုင်းက ကိုဗစ် - ၁၉ နောက်ထပ်တစ်ခါ ထပ်မံဖြစ်ပွားလာမယ့်အရေးကို စိုးရိမ် လျက်ရှိပါတယ်။ ။

 

ကိုးကား - အေအက်ဖ်ပီ