ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာရသော ကလေးများ၏ စိတ်ဖိစီးမှု

၆ စက်တင်ဘာ

ကိုဗစ် -၁၉ ကြောင့် တစ်ကမ္ဘာလုံးက လူတွေဟာအလုပ်အကိုင်တွေ ထိခိုက်ရပြီး ပုံမှန်ဘ၀နေထိုင်မှုအတိုင်း လွတ်လွတ် လပ်လပ်သွားလာနေထိုင်လို့မရတဲ့အတွက် စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ လူကြီးတွေလိုပဲ ကလေး တွေလည်း စိတ်ဖိစီးမှုဆိုတာကတော့ အနည်းနဲ့အများ ရှိကြတာပါပဲ။

စစ်တမ်းကောက်ယူ

ဂျပန် နိုင်ငံမှာတော့ ကလေး လေးပုံသုံးပုံ နီးပါးခန့် ဟာ ကိုဗစ်-၁၉ ကြောင့် စိတ်ဖိစီးမှုလက္ခဏာတွေ ပြသတယ်လို့ စစ်တမ်းကောက်ယူမှုတစ်ခုအရ သိရပါ တယ်။ ကိုဗစ်- ၁၉ ကို အရင်းပြုပြီး ကလေးတွေကြားမှာ ခွဲခြားဆက်ဆံမှုတွေ၊ နှိမ့်ချဆက်ဆံတာတွေ ရှိနေမှာကို ဂျပန်နိုင်ငံက ပညာရေးအရာရှိတွေ စိုးရိမ်နေကြ ရပါတယ်။ ကိုဗစ် - ၁၉ ဟာ ကလေးတွေအပေါ် ဘယ်လောက်အထိ ရိုက်ခတ်သလဲဆိုတာကို သိဖို့အတွက် ကလေးသူငယ်ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားစင်တာကနေ ဇွန်လကနေ ဇူလိုင်လ အတွင်းမှာ စစ်တမ်းကောက်ယူမှု ပြုလုပ်ခဲ့ပါတယ်။

လျှို့ဝှက်ထားမယ်

စစ်တမ်းကောက်ယူမှုအရ ကလေး ၇၂ ရာခိုင်နှုန်းမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ရှိနေတာကို တွေ့ရှိရပါတယ်။ ကိုဗစ်- ၁၉ ကြောင့် စိတ်ရှုပ်ထွေးရပြီး သူတို့ရဲ့ အာရုံ စူးစိုက်နိုင်စွမ်းမှာ လာပြီးထိခိုက်တယ်လို့ ကလေးတွေ က ဖြေကြားကြပါတယ်။

တကယ်လို့များ မိသားစုဝင်ထဲက တစ်ယောက် ယောက်မှာ ကိုဗစ်- ၁၉ ကူးစက်ခံရမှု တွေ့လာပြီဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းရာမှာတော့ ကလေးသုံးပုံ တစ်ပုံဟာ လျှို့ဝှက်ထားမယ်လို့ ဖြေခဲ့ကြပါတယ်။ တခြားသောလူတွေဟာလည်း ဒီနည်းလမ်းအတိုင်းပဲ ကျင့်သုံးကြမယ်လို့ ယုံကြည်ကြောင်း ၄၇ ရာခိုင်နှုန်းက ဖြေကြားခဲ့ကြပါတယ်။

ခွဲခြားဆက်ဆံမှုတွေ ပေါ်လာနိုင်

မိမိနဲ့ သက်တူရွယ်တူ သူငယ်ချင်းက ကိုဗစ် - ၁၉ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာပြီဆိုရင် သူတို့နဲ့ ပြန်ပြီးဆော့ကစားမှု ပြုလုပ်ဦးမှာလားလို့ မေးမြန်းရာမှာတော့ ၂၂ ရာခိုင်နှုန်းဟာ ကိုဗစ်- ၁၉ က ပြန်လည်သက်သာလာတဲ့ သူငယ်ချင်းနဲ့ မကစားချင် တော့ဘူးလို့ ပြောပါတယ်။ ဒီလိုဖြေကြားချက်တွေကို စုဆောင်းမိတဲ့နောက်မှာတော့ ကိုဗစ် - ၁၉ ကူးစက်ခံရ ပြီး ပြန်လည်ကျန်းမာလာသူတွေအပေါ် ခွဲခြားဆက်ဆံ မှုတွေနဲ့ အနိုင်ကျင့်ခံရမှုဆီ ဦးတည်သွားနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ နွေရာသီ အားလပ်ရက်ကာလကလည်း ပြီးဆုံးသွားပါပြီ။ အခု ကလေးတွေ စိုးရိမ်နေကြတာလည်း အဲဒီအချက်ပါပဲ။

စိတ်ဖိစီးမှုနှင့်ရင်ဆိုင်ရ

တချို့သော ကျောင်းတွေလည်း ပြန်ဖွင့်နေပြီ ဖြစ်တာကြောင့် နေထိုင်မှုဘဝပုံစံသစ်အောက်မှာ ကလေးတွေဟာ စိတ်ဖိအားအောက် ရောက်နေတယ်လို့ အခုလို စစ်တမ်းကောက်ယူမှုကို ပြုလုပ်ခဲ့တဲ့ ဒေါက်တာ ဟန်ဂိုင် မာယူမီကလည်း ပြောပါတယ်။ ကလေးတွေရဲ့ စိုးရိမ်ပူပန်မှု၊ စိတ်သောကတွေကို အရွယ်ရောက်ပြီးသား လူကြီးတွေက အချိန်ပေးနားထောင်သင့်ပြီး အားပေးမှုတွေလုပ်ဆောင်သင့်တယ်လို့ ဒေါက်တာ ဟန်ဂိုင် မာယူမီ ကပြောပါတယ်။

အနိုင်ကျင့်ခံရ

ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှု တွေကတော့ အစကတည်းက ပေါ်ပေါက်ခဲ့ပြီးသားပါ။ နီဂါတာခရိုင်မှာဆိုရင် အနိုင်ကျင့်မှုတွေ ရှစ်ခုထက်မနည်း ရှိနေတယ်လို့ တိုင်ကြားမှုတွေအရ သိရပါတယ်။

အနိုင်ကျင့်ခံရတဲ့ ကလေးအများစုရဲ့ မိဘတွေက တော့ ဆေးဝန်ထမ်းတွေ၊ ဒါမှမဟုတ်ရင် ကူးစက်မှု မြင့်တဲ့နေရာတွေကို သွားလာခဲ့ကြသူတွေပါပဲ။ တချို့ ကလေးတွေဆိုရင် ကိုရိုနာလို့တောင် အခေါ်ခံရတာတွေ ရှိနေပါတယ်။ နာရာခရိုင်မှာတော့ တချို့သော ကျောင်းသားတွေဟာ တက္ကသိုလ်အတွင်း ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုတွေကြောင့် ဆရာဖြစ်လက်မှတ်ရမယ့် ဝင်ခွင့်သင်တန်းမှာ ဝင်ရောက်ဖြေဆိုဖို့ ငြင်းဆိုကြ ပါတယ်။

ကြောက်လန့်တကြားဖြစ်ရ

စိုင်တာမာ ခရိုင်မှာတော့ ကျောင်းသားမိဘတစ်ဦးက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အင်န်အိတ်ခ်ျကေကို ပြောပြ ပါတယ်။ သူ့ရဲ့သမီးဖြစ်သူဟာ ကိုဗစ် - ၁၉ ကူးစက်မှာကို ကြောက်တဲ့အတွက် တစ်ခါတလေမှာ ကျောင်းမသွား ချင်ဘူးလို့ ပြောပါတယ်။

ကျောင်းမသွားဘဲ အိမ်မှာပဲနေဖို့ အမေဖြစ်သူကို ပြောပါတယ်။ အဲဒီနောက် ကျောင်းမှာ ကိုဗစ်- ၁၉ ကူးစက်မှု ရှိလာလို့ အရေးပေါ်ပိတ်လိုက်ရတဲ့အခါမှာတော့ သမီးဖြစ်သူဟာ ကြောက်လန့်တကြား ဖြစ်ရတယ်လို့ ပြောပြပါတယ်။ နောက်ပိုင်းမှာ အဲဒီမိန်းကလေးငယ်ဟာ ကြောက်ရွံ့မှုတွေ ပြင်းထန်နေတဲ့အတွက် မိဘတွေဟာ ကိုဗစ်- ၁၉ နဲ့ ပတ်သက်တဲ့သတင်းတွေကို ကန့်သတ်ထား ရတယ်လို့ မိဘတွေက ပြောပါတယ်။ နောက်ပြီး ရောဂါကူးစက်ခံရတဲ့ အခြားကလေးတွေအပေါ်မှာလည်း ခွဲခြား ဆက်ဆံမှုတွေ မလုပ်ကြဖို့ သမီးကို မှာထားရတယ် လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အကြံပြုထား

ကျောင်းတွေမှာ အနိုင်ကျင့်မှုတွေ၊ နှိမ့်ချဆက်ဆံမှု တွေပေါ်လာတဲ့အတွက် ဂျပန်ပညာရေးဝန်ကြီးဌာနဟာ ဩဂုတ် ၂၅ ရက်မှာတော့ အကြံပြုချက် ထုတ်ပြန်ခဲ့ရပါ တယ်။ ရောဂါကူးစက်ခံရသူတွေအပေါ်မှာ စာနာစိတ် ထားကြဖို့ ကျောင်းသားတွေကို တိုက်တွန်းရပါတယ်။

နောက်ပြီး ကျောင်းသားတွေ ကိုဗစ်- ၁၉ နဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ ရှင်းပြပေးဖို့ ဆရာတွေကို တာဝန်ပေးထားရပါတယ်။ ကျောင်းပတ်ဝန်းကျင်မှာ ကူးစက်ခံရသူတွေနဲ့ ပတ်သက်ပြီး နှိမ့်ချဆက်ဆံမှုတွေ၊ အနိုင်ကျင့်မှုတွေ မရှိအောင် အကြံပြုထားပါတယ်။

စိတ်ထွက်ပေါက် ဖန်တီးပေး

ကိုဗစ်- ၁၉ ကူးစက်ခံရသူတွေအပေါ် အဆိုးမြင်မှု တွေ များလာရင် နောက်ပိုင်းမှာ ရောဂါရှိတာကို မပြောဘဲ လျှို့ဝှက်ထားမှုတွေ ဖြစ်လာနိုင်ပါတယ်။ ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 3 Keys အဖွဲ့ဝင်တွေကတော့ ကိုဗစ်- ၁၉ ကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်နေရတဲ့ ကလေးတွေကို အားပေးမှုတွေ ပြုလုပ်ပေးပြီး အွန်လိုင်း မှာ သူတို့အတွက် စိတ်ထွက်ပေါက်ရမယ့် နေရာလေး ဖန်တီးပေးထားပါတယ်။

ရင်ဖွင့်လာ

ကလေးတွေရဲ့ စိတ်ခံစားမှုကို အွန်လိုင်းကနေ တစ်ဆင့် ရင်ဖွင့်နိုင်အောင် ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ အဲဒီဝက်ဘ်ဆိုက်နာမည်ကိုတော့ မက်စ်လို့ အမည်ပေးထားပြီး မိဘဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ရင်ဖွင့်လို့ မရတဲ့ကလေးတွေအတွက် ရည်ရွယ်ပြီး ဖွင့်ပေး ထားတာပါ။

အသက် ၁ဝ နှစ်နဲ့ ၁၉ နှစ်ကြား ကလေးတွေအတွက် ရည်ရွယ်တဲ့ ဝက်ဘ်ဆိုက်လည်း ဖြစ်ပါတယ်။ အသုံးပြုသူ ရဲ့ စိတ်ခံစားမှု၊ စိုးရိမ်မှုနဲ့ နေရာတွေကို လိုက်ပြီး သင့်လျော်တဲ့ အကြံဉာဏ်တွေ ပေးပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာတော့ အဲဒီဝန်ဆောင်မှုကို အသုံးပြုတဲ့ လူပေါင်း တစ်သန်းနီးပါးရှိတယ်လို့ သိရပါတယ်။

မတ်လနှောင်းပိုင်း ကျောင်းတွေ ပိတ်လိုက်ရတဲ့ အချိန်ကစလို့ မိသားစုပြဿနာတွေ အပါအဝင် သူတို့ ရဲ့ စိတ်ခံစားချက်တွေကို ရင်ဖွင့်လာကြပါတယ်။

စဉ်းစားပေးဖို့လို

ဇွန်လ ကျောင်းတွေပြန်ဖွင့်လာတဲ့ အချိန်မှာတော့ သူငယ်ချင်းတွေကြား ဆက်ဆံရေးနဲ့ သူငယ်ချင်းတွေရဲ့ ခွဲခြား ဆက်ဆံမှုတွေအကြောင်းကို ပိုပြီးရင်ဖွင့်လာကြ ပါတယ်။ ကလေးတွေအပေါ်မှာ ဖိအားတွေ ထပ်ပေး မယ့်အစား သူတို့စိတ်သက်သာရာရစေမယ့် အရာလေး တွေကို လူကြီးတွေက လုပ်ဆောင်ပေးသင့်တယ်လို့ 3 Keys တည်ထောင်သူ မိုရီယာမာတာကဲက ပြောပါ တယ်။

လူတိုင်း စိတ်ဖိအားများရတဲ့ ကိုဗစ် - ၁၉ ကာလမှာ ကလေးတွေရဲ့ စိတ်ခံစားမှုကို ပစ်ပယ်မထားဘဲ အလေးထား စဉ်းစားပေးဖို့ဆိုတာလည်း အမှန်တကယ် လုပ်သင့်တဲ့ အချက်တစ်ချက်ပါပဲ။ ။

ကိုးကား - အင်န်အိတ်ခ်ျကေ

ခြူးစန္ဒီနွေး