ကိုဗစ်-၁၉ ကြောင့် ပိတ်ထားခဲ့သည့် မယ်စဲ့ ဘီပီ(၁၃)ဂိတ်အား ထိုင်းနိုင်ငံမှ တစ်ပတ်လျှင် သုံးရက်ပြန်လည် ဖွင့်လှစ်

မယ်စဲ့ ၂၉ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့သည့် မြန်မာ-ထိုင်း နယ်စပ် ဘီပီ(၁၃)ဂိတ်အား ထိုင်းနိုင်ငံမှ တစ်ပတ်လျှင်သုံးရက် ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း မယ်စဲ့ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးညီဖြိုးထွန်း ထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် မယ်စဲ့ ဘီပီ(၁၃)ဂိတ်ကို ထိုင်းနိုင်ငံဘက်မှ တရားဝင်ပိတ် ထားခဲ့ပြီး ယခုအခါ တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက် ပြန်လည်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ ဒေသထွက် ပြောင်း၊ ငရုတ်သီးခြောက်၊ ဆေးပေါ့လိပ်၊ နနွင်း၊ ဂေါ်ဖီထုပ် တို့ကို တင်ပို့ခြင်းနှင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ ကော်ဖီမစ်၊ အချိုရည်၊ လူသုံးကုန်ပစ္စည်းများ တင်သွင်းလျက်ရှိပြီး မယ်စဲ့ဒေသမှ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်ဖြူကို ထိုင်းနိုင်ငံဘက်မှ ယခုအထိဝယ်ယူမှုမရှိသေးကြောင်း သိရသည်။

 

“ထိုင်းနိုင်ငံမှ Border Check Point (၃၇)ခုကို ပြန်လည်ဖွင့်လှစ်ကြောင်းကို ထိုင်းမီဒီယာတွေမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ မယ်ဟောင်ဆောင်ခရိုင်ကိုလည်း ဇူလိုင် ၃ ရက်နေ့မှာ မယ်စဲ့ဘီပီ(၁၃)ဂိတ်ကိုလည်း ပို့ကုန်/သွင်းကုန် တွေကို တစ်ပတ်ကို ၃ ရက် ဆောင်ရွက်နိုင်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် မယ်စဲ့ကုန်သွယ်ရေးစခန်း အနေနဲ့ ဇူလိုင် ၆ ရက်နေ့ကစပြီး ကုန်သွယ်မှုလုပ်ငန်းတွေကို ပုံမှန်အတိုင်းပြန်လည် ဆောင်ရွက်လျက်ရှိပါတယ်” မယ်စဲ့ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးညီဖြိုးထွန်းက ပြောကြားသည်။

 

ပို့ကုန်ပစ္စည်းများကို မြန်မာဂိတ်နှင့် ထိုင်းဂိတ်နှစ်ခုအကြားတွင် မြန်မာဘက်မှ အလုပ်သမားများနှင့် အတင်အချပြုလုပ်ကာ ထိုင်းနိုင်ငံဘက်မှ ယာဉ်မောင်းနှင့် စပါယ်ယာ အပါအဝင် နှစ်ဦးဖြင့် လာရောက်သယ်ယူလျက်ရှိကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မယ်စဲ့ကုန်သွယ်ရေးစခန်း အနေဖြင့် ၁.၅ သန်း (ပို့ကုန် ၁ သန်း၊ သွင်းကုန် ၅ သန်း)လျာထားခဲ့ရာ လက်ရှိတွင် ၂.၇၁၃ သန်းထိ ကုန်သွယ်နိုင်ခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန်ပြီး ကိုဗစ်-၁၉ ကြောင့် မယ်စဲ့ကုန်သွယ်ရေး စခန်း လျာထားချက်ကို ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)