ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း အမေရိကန်သမ္မတ ထရမ့် မဲဆွယ်စည်းရုံးပွဲ ပြန်လည်စတင်

ဝါရှင်တန်   ၂၂  ဇွန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မတ်လအတွင်း အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ ပထမဆုံးအကြိမ်အဖြစ် မဲဆွယ်စည်းရုံးပွဲကို ဇွန် ၂၀ ရက်က ပြုလုပ်ခဲ့ပြီး ထောက်ခံမှုကျဆင်းနေခြင်းမှ ထောက်ခံမှုများပြန်တက်လာရေး နည်းလမ်းရှာဖွေခဲ့သည်။

မျှော်လင့်ခဲ့

အမေရိကန်ကို အင်အားကြီးနိုင်ငံအဖြစ် နောက်တစ်ကြိမ် ဖန်တီးကြမယ်ဟူသော ဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးပွဲကို ရီပတ်ဘလစ်ကန်များကြီးစိုးရာ အမေရိကန်တောင်ပိုင်းပြည်နယ် အိုကလာဟိုးမားတွင် ပြုလုပ်ခဲ့ပြီး လူပေါင်းများစွာ တက်ရောက်မည်ဟု သမ္မတထရမ့်က မျှော်လင့်ခဲ့သည်။

လူပေါင်း ၁၉၀၀၀ ဆံ့ ခန်းမတွင် ဟောပြောပွဲမစတင်မီ အပြင်ဘက်တွင် လူပေါင်း များစွာတက်ရောက်ကြရန် ထရမ့်က စီစဉ်ထားခဲ့သည်။

မတ် ၂ ရက်နောက်ပိုင်း ထရမ့်၏ မဲဆွယ်စည်းရုံးမှုမှာ မျှော်လင့်ထားသည်ထက် လူဦးရေနည်းပါးခဲ့ပြီး ခန်းမအပြင်ဘက်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် အခမ်းအနားကိုပါ ဖျက်သိမ်းလိုက်ရသည်။

တိုက်ရိုက်ထုတ်လွှင့်ပြသမှုတွင် ထိုင်ခုံအလွတ်များစွာရှိနေသည်ကိုလည်း တွေ့မြင်ရသည်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ နိုဝင်ဘာလတွင် ကျင်းပတော့မည်ဖြစ်ပြီး အသက် ၇၄ နှစ်အရွယ် သမ္မတမှာ စိန်ခေါ်မှု တသီတတန်းကြီးနှင့် တွေ့ကြုံနေရသည်။

လက်ရှိကြုံတွေ့နေရသည့်ကိုဗစ် -၁၉ ကပ်ရောဂါအပြင် စီးပွားရေး အကျဘက်သို့ ဦးတည်နေမှု၊ လူမျိုးရေးခွဲခြားမှု၊ မငြိမ်သက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။

အရေးကြီးသည့်ပွဲ

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားခဲ့ရပြီး လူများ နေအိမ်အတွင်း၌သာနေရန် ကန့်သတ်ခံရပြီးနောက် ယခုကျင်းပ သည့်လူထုစည်းရုံးပွဲသည် နဂိုအခြေအနေအတိုင်း ပြန်ရောက်စပြုနေပြီဟု ပြသရန် ထရမ့်အတွက် အရေးကြီးသည့်ပွဲတစ်ခုဖြစ်ခဲ့သည်။

ကျိုဒိုနယူးစ်