ကိုဗစ် -၁၉ နဲ့ပတ်သက်ပြီး စောင့်ကြည့်ခံနေရတဲ့ ချောင်ဟာ

၃  မတ်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ချောင်ဟာဟာ သူ့ရဲ့ ဝန်ထမ်း နှစ်ဦးကို ရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပြီးနောက် ပေါ့ပ်ကြယ်ပွင့်ကိုလည်း ကူစက်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ ကူးစက်ခံရခြင်းမရှိပေမယ့် ကိုရီးယားစင်တာ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနရဲ့ တောင်းဆိုမှုကြောင့် စောင့်ကြည့်လူန၁အဖြစ် သတ်မှတ်ထားကြောင်း အေဂျင်စီရဲ့ ပြောကြားချက်ကို ကိုးကားကာ အေးရှားဝမ်းဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

ချောင်ဟာဟာ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ အီတလီမှာ ပြုလုပ်ခဲ့တဲ့ မီလန် ဖက်ရှင်သီတင်းပတ်ကို တက်ရောက်ခဲ့တဲ့ တောင်ကိုရီးယား ကြယ်ပွင့်တွေအနက် တစ်ဦးဖြစ်ပါတယ်။ အီတလီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နေပြီး လူစုလူဝေး ပြုလုပ်ခြင်းတွေကို တာဝန်ရှိသူတွေက တားမြစ်ထားပေမယ့် ဖက်ရှင်သီတင်းပတ်ကိုတော့ ပြီးဆုံးအောင် ပြုလုပ်ခဲ့ပါတယ်။

ယင်း ဖက်ရှင်သီတင်းပတ်မှာ ကိုရီးယားကြယ်ပွင့်တွေ များစွာတက်ရောက်ခဲ့ပါတယ်။ ဒီအထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ချောင်ဟာနဲ့အတူ လိုက်ပါသွားခဲ့တဲ့ ဝန်ထမ်းနှစ်ဦးဟာ ကိုရိုနာကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ချောင်ဟာကိုတော့ အီတလီကအပြန်မှာ ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ပြီး ကူးစက်ခံရခြင်းမရှိကြောင်း ပေါ့ပ်ကြယ်ပွင့်ရဲ့ အေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မီလန်ဖက်ရှင်သီတင်းပတ်ကို အခြားသော ကျော်ကြားတဲ့ တောင်ကိုရီးယားကြယ်ပွင့် တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဆောင်းဟေကို၊ ပါ့ခ်မင်ယောင်း၊ အိုင်ယူ၊ BLACK PINK အဖွဲ့ဝင် လီဆာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ပရိသတ်တွေက ကြယ်ပွင့်တွေရဲ့ ကျန်းမာရေးအခြေအနေ နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် အဆိုပါ ကြယ်ပွင့်တွေရဲ့ အေဂျင်စီတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ရှိ၊ မရှိအပေါ် လက်ရှိအချိန်အထိတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

အေးပြည့်

 

584522