ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုတွင် Negative ဖြစ်ခဲ့သောကြောင့်  စီရိုနယ်လ်ဒို  ပြန်လည်ကစားနိုင်ရန် နီးစပ်လာ

၃၁  အောက်တိုဘာ

စီရိုနယ်လ်ဒိုဟာ  ပြီးခဲ့တဲ့ ရက်ပိုင်းက ထပ်မံပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုမှာ Negative ဖြစ်ခဲ့တဲ့အတွက်  မကြာမီအချိန်အတွင်း  ပြန်လည် ကစားနိုင်ဖို့  နီးစပ်နေပြီဖြစ်ပါတယ်။  အသက် (၃၅) နှစ်အရွယ် စီရိုနယ်လ်ဒိုက  ပေါ်တူဂီအသင်းနဲ့အတူ နေရှင်းလိဂ်ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နေစဉ်အတွင်း     ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတာကြောင့်  ပေါ်တူဂီအသင်းနဲ့ ဆွီဒင်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ရသလို ဂျူဗင်တပ်အသင်းရဲ့ ပွဲစဉ်လေးပွဲကို  ဝင်ရောက် ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုမှာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းခြင်း မရှိခဲ့သေးတာကြောင့်  ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်ခဲ့ရသလို  အဲဒီပွဲမှာ  မက်ဆီရဲ့ ဘာစီလိုနာက  စီရိုနယ်လ်ဒိုရဲ့ ဂျူဗင်တပ်ကို  နှစ်ဂိုးပြတ်  အနိုင်ယူခဲ့ပါတယ်။ 

 

ဂျုဗင်တပ်အသင်းဝက်ဆိုက်မှ ထုတ်ပြန်ချက်မှာ “စီရိုနယ်လ်ဒို အနေနဲ့  ဓာတ်ခွဲနမူနာကို စစ်ဆေးခဲ့ရာမှာ Negative ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် ကစားသမားအနေဖြင့် ရောဂါဖြစ်ပွားပြီး  ၁၉ ရက်အကြာ ပြန်လည်ကောင်းမွန် သက်သာလာပြီး တစ်ကိုယ်တော် သီးခြားနေထိုင်ခြင်းကာလ ရှည်ကြာတော့မှာ မဟုတ်ကြောင်း ဖော်ပြပါရှိပါတယ်။ 

 

စီရိုနယ်လ်ဒိုဟာ  ယခုနှစ်ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းအတွက် နှစ်ပွဲကစား သုံးဂိုးသွင်းပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ စီရိုနယ်လ်ဒိုဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကို သိရှိပြီးနောက် အီတလီနိုင်ငံကို ကိုယ်ပိုင်လေယာဉ်နဲ့  ပြန်လာခဲ့တာကြောင့် အီတလီကျန်းမာရေးဝန်ကြီး  စပါဒါဖိုရာက “ ခရစ္စတီယာနို ရိုနယ်လ်ဒိုအနေနဲ့  ချမှတ်ထားတဲ့ လမ်းစဉ်တွေကို လေးစားမှု မရှိခဲ့ပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးဟာ အီတလီကို ဝင်ရောက်ခွင့်ရဖို့ ဆေးဘက်ဆိုင်ရာ အာဏာပိုင် တွေရဲ့ ခွင့်ပြုချက် လိုပါတယ်။ ဒါကို သူလုပ်ဆောင်ခဲ့သလားဆိုတာ စုံစမ်းနေပါတယ် လို့ ပြောကြား ထားပါတယ်။

မေလဲ့သင်း