ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများနှင့် လူသားချင်း စာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင်ဝန်ထမ်းများ တင်ဆောင်လာသော အထူးလေယာဉ်ရောက်ရှိ

ရန်ကုန် ၅ ဇူလိုင်

 

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများနှင့် လူသားချင်း စာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင်ဝန်ထမ်းများ တင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်သည် ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မလေးရှားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

 

ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယဌာနေကိုယ်စားလှယ် Mr. Walid Ibrahim က “ဒီနေ့ကတော့ WFP ရဲ့ နဝမအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ WFP က ဝယ်ယူထားတဲ့ ပိုးသတ်ဆေးတွေ၊ နှာခေါင်းစည်းတွေနဲ့အတူ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီပေးမယ့် ဝန်ထမ်းတွေ လိုက်ပါလာပါတယ်။ WFP က ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေတဲ့ WFP ရဲ့ အထောက်အပံ့လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ရပ်နားထားမှုကို သက်တမ်းတိုးမြှင့် ထားတာကြောင့် အခုလို ကျွန်တော်တို့ပြေးဆွဲပေးနေတဲ့ လေကြောင်းခရီးစဉ်ဟာ ပိုမိုပြီး အရေးပါလာတာကို တွေ့ရပါတယ် ဟု ပြောသည်။

 

ယနေ့ခရီးစဉ်တွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဝယ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများဖြစ်သော ပိုးသတ်ဆေးများ၊ နှာခေါင်းစည်းများနှင့်အတူ UN နှင့် ICRC စသည့် အဖွဲ့အစည်းများမှ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင် ဝန်ထမ်းကိုးဦး လိုက်ပါလာကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်