ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိဖြင့် ရန်ကုန်(ပန်းဆိုးတန်း)/ဒလ သင်္ဘောဆိပ်ကမ်း၌ ခရီးသည်များ ယခင်ကထက် နှာခေါင်းစည်းများ ပိုမိုတပ်ဆင်လာ

ရန်ကုန် ဇူလိုင် ၁၂

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  ရန်ကုန်(ပန်းဆိုးတန်း)/ဒလ ကူးတို့ဆိပ်ကမ်း၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများစွာတို့သည် ယခင်ကထက် နှာခေါင်းစည်းများကို ပိုမိုတပ်ဆင်လာခဲ့ကြောင်း မြင်တွေ့ရသည်။ လက်ရှိအချိန်ထိ ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် သေဆုံးမှုများ မြင့်တက်လာလျက်ရှိရာ ခရီးသည်များသည် ကျန်းမာရေးအသိဖြင့် ဆင်ခြင်သတိပြုမိလာခဲ့ခြင်း ဖြစ်ပေသည်။

အဆိုပါ သင်္ဘောဆိပ်ကမ်းသည် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အစိုးရဝန်ထမ်းများ၊ အထွေထွေလုပ်သားပြည်သူများစွာတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာလျက်ရှိသော ဆိပ်ကမ်းတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ခရီးသည်များ စီးနင်းမှုများပြားခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ခရီးသည်များထိုင်သည့် ထိုင်ခုံများအား ပိုးသတ်ဆေးဖျန်းပေးခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်းတို့ကို နေ့စဉ် ပုံမှန်ပြလုပ်ပေးခြင်း၊ ခရီးသည်များအား နှာခေါင်းစည်းတပ်ဆင်ရေးအတွက် အသိပေးခြင်းနှင့်  သင်္ဘောဆိပ် လက်မှတ်ရုံ ဝင်ပေါက်တို့၌ လက်ဆေးဘေစင်များကို ထားရှိဆောင်ရွက်ပေးထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် သင်္ဘောခရီးစဉ်ပြေးဆွဲမှုအနေဖြင့် “ရုံးဖွင့်ရက်တွေမှာ အသွား ၃၆ ခေါက်၊ အပြန် ၃၆ ခေါက်၊  ရုံးပိတ်ရက်တွေမှာ အသွား ၃၀ ခေါက်၊ အပြန် ၃၀ ခေါက်နဲ့ ပြေးဆွဲပေးနေပါတယ်၊ ခရီးသည်လိုက်ပါမှုက လျော့နည်းသွားတယ်၊ ကျွန်တော်တို့ ဌာနအနေနဲ့ လက်ဆေးဘေစင်နဲ့ ဆပ်ပြာရည်တွေကို လက်မှတ်ရုံတွေမှာ တပ်ဆင်ထားရှိပေးတယ်၊ အသိပညာပေးလုပ်ငန်းအနေနဲ့ Hand Speaker နဲ့ အော်ပေးတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေး၊ သတိပေးတဲ့ စာစောင်တွေ ကပ်ထားပေးပါတယ်၊ ပါးစပ်နှာခေါင်းစည်း မတပ်ရင် ရေယာဉ်ပေါ် လိုက်ပါစီးနင်းခွင့် မပြုဆိုတဲ့ စာတမ်းတွေပါ ကပ်ပေးထားပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ပြောသည်။ 

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ခရီးသည်သွားလာမှုအနေဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် ခရီးသည် ၁၃၄၄၈ ဦး၊ ၂ ရက်နေ့တွင် ၁၃၄၄၈ ဦး၊ ၃ ရက်နေ့တွင် ၈၄၆၃ ဦး၊ ၄ ရက်နေ့တွင် ၈၆၂၅ ဦး၊ ၅ ရက်နေ့တွင် ၁၃၅၂၃ ဦး၊ ၆ ရက်နေ့တွင် ၁၃၅၄၆ ဦး၊ ၇ ရက်နေ့တွင် ၁၃၅၇၂ ဦး၊ ၈ ရက်နေ့တွင် ၁၃၅၈၃ ဦး၊ ၉ ရက်နေ့တွင် ၁၃၆၁၀ ဦး၊ ၁၀ ရက်နေ့တွင် ၈၄၇၃ ဦး၊ ၁၁ ရက်နေ့တွင် ၈၆၄၆ ဦး စုစုပေါင်း ခရီးသည် ၁၂၈၉၃၇ ဦး ကူးသန်းသွားလာခဲ့ကြောင်း ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာရုံးမှ သိရသည်။

ရန်ကုန်မြစ်အတွင်း၌ ခရီးသည်များစွာတို့ကို ကူးတို့ပြေးပို့ဆောင်ပြေးဆွဲပေးနေသော ချယ်ရီသင်္ဘောများနှင့် လက်မှတ်ရုံများတွင် ရောဂါကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူများ၊ သင်္ဘောဝန်ထမ်းများ၊ လက်မှတ်ရုံဝန်ထမ်းများက  သင်္ဘောခရီးစဉ်ရပ်နားချိန်တို့တွင် ပြုလုပ်ပေးကြောင်း သိရသည်။

လက်ရှိအချိန်၌ သင်္ဘောခရီးစဉ်တိုင်းတွင် လိုက်ပါစီးနင်းကြသည့် ခရီးသည်အများစုမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမဖြစ်စေရေးအတွက် ကျန်းမာရေးအသိဖြင့်  နှာခေါင်းစည်းများကို ယခင်ကထက် ပိုမိုတပ်ဆင် အသုံးပြုသူများစွာကို မြင်တွေ့ရပြီး၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိသည့် ခရီးသည်များကို လက်မှတ်ပေါက်တွင် mask များ ဝေငှလျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ မိဘပြည်သူများအနေဖြင့်  အပြင်ထွက်တိုင်း  ပါးစပ်၊ နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ လက်ကို ဆပ်ပြာနှင့် ရေဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊  တစ်ဦးနှင့်တစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းတို့ကို လိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်ပေသည်။

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(IPRD)