ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇူလိုင် ၄

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာများထားရှိရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကြိုတင်ဆောင်ရွက်နိုင်ရန်၊ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများ ထားရှိနိုင်ရန် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာများအတွက် မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးရှိ Isolation Ward-1 တွင် (၁၁၀) ဦး၊ Isolation Ward-3 တွင် (၂၂၀) ဦး၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတွင် (၁၅၀) ဦး၊ မော်လမြိုင်တက္ကသိုလ် သံလွင်ဆောင်တွင် (၁၅၀) ဦးနှင့် ထားဝယ်ဆောင်တွင် (၁၅၀) ဦးဖြင့် ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။

 

အလားတူ မွန်ပြည်နယ် (၁၀) မြို့နယ်တွင် Quarantine Center ပြင်ဆင်ထားရှိမှုများကိုလည်း မွန်ပြည်နယ် (၁၀) မြို့နယ်အလိုက် နေရာစုစုပေါင်း (၃၂) ခု၊ လူဦးရေ (၂၄၅၀) ကျော် ထားရှိနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)