ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ မင်းကွန်းဒေသမှ ဝါးလက်မှုပစ္စည်းများ ဈေးကွက်အေးနေသော်လည်း ပိုမိုဆန်းသစ်သည့် ဖန်တီးမှုများဖော်ဆောင်

မင်းကွန်း ၂၈ နိုင်ဝင်ဘာ

မင်းကွန်းဒေသတွင် ရှေးယခင်ကတည်းက ပန်းချီအနုပညာနှင့်ပေါင်းစပ်ကာ လက်ရာမြောက် ဝါးအနုပညာ ပစ္စည်းများကို ပြုလုပ်ရောင်းချကြသည်။ လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေချိန် ခရီးသွားလုပ်ငန်း ရပ်နားထားသည့်အတွက် မင်းကွန်းဒေသထွင် ဝါးလက်မှု ပစ္စည်းများ ဈေးကွက် အေးနေသော်လည်း ပိုမိုဆန်းသစ်သည့် ဝါးလက်မှုပစ္စည်းများကို  တီထွင်လေ့ကျင့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
  
ယခင်က မင်းကွန်းဒေသထွက် ပန်းချီရေးဆွဲထားသည့် ဝါးပေတံကလေးများမှာ ထင်ရှားသည်။  နောက်ပိုင်းကာလတွင် မြန်မာ့အနုပညာ လက်ရာမြောက် ဝါးလက်မှုထုတ်ကုန်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများကို ပြည်တွင်း ပြည်ပပြပွဲများတွင် ပြသနိုင်သည်အထိ ပြုလုပ်လာနိုင်ခဲ့ပြီး လူအများ စိတ်ဝင်စားမှု ပိုမိုများပြားလာကြောင်းသိရသည်။

မင်းကွန်းဒေသတွင် ဝါးလက်မှုအနုပညာ ပစ္စည်းမျိုးစုံကို အမျိုးမျိုး ကြံဆလုပ်ကိုင်လေ့ရှိသည်။ ယခင်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစဉ်က မင်းကွန်းဒေသမှ ပြုလုပ်သည့် ဝါးအလှဆင် ပစ္စည်းများကို ဂျပန်နိုင်ငံမှ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် အမျိုးသမီးများနှင့် ပြည်တွင်း မော်ဒယ်များက အထူးစိတ်ဝင်စားသည်အထိ ပြုလုပ်နိုင်ခဲ့သည်။

မင်းကွန်းဒေသထွက် ဝါးလက်မှုအနုပညာ ပစ္စည်းများထဲတွင်  ဝါးဖန်စီ ဆွဲကြိုးကလေးများမှာ ထင်ရှားသည်။ ဝါးဖန်စီ ဆွဲကြိုးတစ်စုံလျှင် ဖောက်သည်သွင်းဈေး ငွေကျပ် ၅၀၀၀ ဖြစ်ပြီး အခြားဖန်စီပစ္စည်းများကိုလည်း ဈေးနှုန်းအမျိုးမျိုးဖြင့် အော်ဒါပြုလုပ်ပေးသည်။

အရည်အသွေးမြင့် အနုပညာလက်ရာမြောက် ဝါးလက်မှုပစ္စည်းများအဖြစ် ဟိုတယ်များတွင် အများဆုံး အသုံးပြုသည့် ခြင်းများ၊ မီးစလောင်းများ၊ ဖုန်းထည့်သည့်အိတ်များနှင့် အခြား အလှဆင်ပစ္စည်းများစွာ၊ အသုံးအဆောင်ပစ္စည်းများစွာကို ပြုလုပ်ရောင်းချကြသည်။ အမျိုးသမီးများ ဝတ်ဆင်သည့် ဝါးလည်ဆွဲများ၊ ဝါးဟမ်းချိန်း၊ ဝါးလက်ကောက်၊ ဝါးကလစ်မှအစ အခြားဝါးဖြင့် ပြုလုပ်သည့် အလှဆင် ပစ္စည်းများကို ပြုလုပ်ရောင်းချနိုင်ခဲ့သည်။   
                                                  
တိမ်တမန်