ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များကို တစ်ဦးတစ်ယောက်ချင်းစီက စနစ်တကျ အသေအချာလိုက်နာဆောင်ရွက်ခြင်းဖြင့် ကျော်လွှားကြပါစို့

articles_advs

ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကာလတွင် ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိမှု များပြားလာသည့်အတွက် လူနာများကို ပြုစုကုသပေးရန် စီစဉ်ထားရှိမှုများနှင့် ပတ်သက်ပြီး   ဆေး တက္ကသိုလ် - ၁ (ရန်ကုန်)မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးအား မြန်မာ့ရုပ်မြင် သံကြားမှ သတင်းအဖွဲ့က  ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

မေး။     ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာတွေကို ဘယ်လိုစီမံဆောင်ရွက်နေ တယ်ဆိုတာကို သိချင်ပါတယ် ခင်ဗျာ။

ဖြေ။     ရန်ကုန်မှာ လူနာအနေအထားက တစ်နေ့ကို Postive လူနာ ၂၀၀ - ၃၀၀ ထွက်ပေါ်လာတဲ့ အတွက် ဒီလူနာ ၂၀၀ - ၃၀၀ ကို ပြုစုကုသဖို့၊ သူတို့ကို ထားရှိဖို့ ဆေးရုံနေရာတွေ လိုအပ်လာပါတယ်။ ဒါကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆောက်လုပ်ပြီးစဖြစ်တဲ့ ရိုးမအိမ်ရာကို ယခုယာယီ ဆေးရုံအဖြစ် ဖွင့်လှစ်ထားပါတယ်။ ဒီနေရာက ရောဂါလက္ခဏာ မပြင်းထန်တဲ့လူနာတွေနဲ့ ရောဂါလက္ခဏာမရှိတဲ့ လူနာတွေကို ကုသတဲ့နေရာဖြစ်ပါတယ်။

ဒါ့အပြင် လှိုင်တက္ကသိုလ်နယ်မြေထဲမှာ ယခင်တုန်းက Facility Quarantine လုပ်ခဲ့တဲ့ နေရာကို တက္ကသိုလ်ဆရာများ အိမ်ရာစီမံကိန်းထဲက လွတ်နေတဲ့နေရာတွေမှာ လူနာ ၅၀၀ ထားရှိဖို့ အတွက် စီစဉ်နေပါတယ်။ ဒီနေရာကို  ရောဂါလက္ခဏာ မပြင်းထန်တဲ့လူနာတွေ၊ ရောဂါလက္ခဏာ မရှိတဲ့လူနာတွေကို ထားတဲ့ဆေးရုံအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက လူအင်အား ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ အပါအဝင် ခုနက လူအင်အားဖြည့်ထားတဲ့ အဲဒီနေရာကို လူနာ ၂၀၀ စတင်ပြီး ရွှေ့ဖို့အတွက် စီစဉ်နေပါတယ်။ အဲဒီနေရာကို ဆက်လက်တိုးချဲ့ပြီး လူနာ ၅၀၀ အထိထားဖို့ စီစဉ်ထားပါတယ်။

ဒီနေရာမှာ လူနာပြည့်သွားရင် ကျွန်တော်တို့ သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းမှာ လူနာ ၄၀၀ ထားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီမှာက Tent Hospital ဖြစ်ပါတယ်။ ဒီထဲမှာ ရေ၊ မီး၊ လေအေးပေးစက်နဲ့ လူနာတွေအတွက် တစ်ဦးချင်း အကန့်လိုက်နေထိုင်နိုင်အောင် စီစဉ်ထားပါတယ်။ နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဆင့်မီ ယာယီဆေးရုံတွေရဲ့ စနစ်နဲ့အညီ WHO ရဲ့ ညွှန်ကြားချက်များအတိုင်း တည်ဆောက်ထားတဲ့ Tent Hospital ဖြစ်ပါတယ်။ ဒါကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူတည်ဆောက်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူအင်အားနဲ့ ဆေးဝါး ဖြည့်ဆည်းပေးပြီး ကျန်လိုအပ်ချက်တွေကို ဧရာဝတီဖောင်ဒေးရှင်းက ဖြည့်ဆည်းပေးပြီး ဒါကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်း က Tent Hospital ကို ဒဂုံဆိပ်ကမ်းမြို့နယ်က ရိုးမယာယီဆေးရုံနဲ့ လှိုင်တက္ကသိုလ်နယ်မြေထဲက Asymptomatic Hospital တို့မှာ လူနာပြည့်သွားရင် အသုံးပြုသွားမှာဖြစ်ပါတယ်။ လက်ရှိအနေ အထားအရ နောက်ထပ်လည်း ထပ်ပြီး လိုအပ်အုန်းမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရိုးမယာယီဆေးရုံကို လူနာ ၂၀၀၀ အထိ တိုးချဲ့ကုသနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ယခုလိုအချိန်အတွက် ကြိုတင်စီစဉ်မထားခဲ့ရင် ဒီနေ့ဒီအချိန်မှာ ဒီလိုအလုပ်တွေကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုကြိုတင်မြော်မြင်ပြီး ပြင်ဆင်ထားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

မေး။     ဓာတ်ခွဲအတည်ပြုလူနာတွေကို ရွေ့ပြောင်းပို့ဆောင်ပေးနေမှုကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ။     ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေကို ရွေ့ပြောင်းတဲ့ သယ်ယူပို့ဆောင်ရေးက တကယ့်ကို အဓိကလုပ်ငန်းဖြစ်ပါတယ်။ လူနာ ၃၀၀ လောက်ကို တစ်ပြိုင်နက်တည်း၊ တစ်နေ့တည်း ရွေ့ပြောင်းရတဲ့ အလုပ်က လွယ်တဲ့အလုပ်ကိစ္စ မဟုတ်ပါဘူး။

ဓာတ်ခွဲအတည်ပြုလူနာတွေ သယ်ယူနိုင်အောင်လို့ ကယ်ရီရာကားကြီးတွေကို WHO ရဲ့ ညွှန်ကြားချက်နဲ့အညီ ရှေ့နောက်ကာတာတွေ၊ လူနာတွေ အတင်အချလုပ်နိုင်အောင် Ambulance Bus အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာ ကျွန်တော်တို့မှာ ၁၅ စီး ရှိပါတယ်။ ယခင်တုန်းက ၄ စီး အသုံးပြုခဲ့ပြီး ယခု ၁၅ စီးလုံးအသုံးပြုပြီး သယ်ယူပို့ဆောင်နေပါတယ်။ ဒါကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးမှာ ခရိုင်နဲ့ မြို့နယ်တွေမှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့ အသီးသီးရဲ့ လူနာတင်ယာဉ်တွေကို စနစ်တကျနဲ့ အကျိုးရှိရှိ ကျွန်တော်တို့ အသုံးချနေပါတယ်။ အထူး သဖြင့် ဒီလူနာတင်ယာဉ်တွေဟာ ရပ်ကွက်/ ရပ်ရွာတွေထဲမှာ လူနာဘယ်နေရာမှာရှိတယ်ဆိုတဲ့ လိပ်စာကို အတိအကျသိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေနဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ၊ ရပ်ရွာထွေအုပ်တို့နဲ့ပူးပေါင်းပြီး လူနာတွေကို သယ်ယူပို့ဆောင်ပေး နေတာက အထောက်အကူဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ အချိန်မီ/ အချိန်ပြည့် ပူးပေါင်းပါဝင် ဆောင်ရွက်နေပါတယ်။

မေး။     ပြည်သူလူထုကို ဆရာအနေနဲ့ အသိပေးပြောကြားလိုတာရှိရင် ပြောပြပေးပါဦး ခင်ဗျာ။

ဖြေ။     ပြည်သူလူထုအနေနဲ့ ဒီရက်ပိုင်းကလေးကို သည်းခံပြီး စနစ်တကျ နေပေးကြပါ။ အာရုံစူးစိုက် ပြီး ကိုယ့်ကို ရောဂါမကူးအောင်၊ ကိုယ်က ရောဂါမကူးအောင် နေထိုင်ပေးကြပါ။ ဘတ်စ်ကားစီးတာကအစ စနစ်တကျ စီးဖို့ လိုပါတယ်။  Mask တပ်ဖို့ လိုပါတယ်၊ Mask ကို မေးစေ့မှာ ချိတ်ရမှာ မဟုတ်ပါဘူး။ တပ်ရမှာ ဖြစ်ပါတယ်။ လက်ဆေးရမယ်။ ယခုကားဂိတ်တွေမှာ လက်ဆေးဆပ်ပြာ အဆီတွေကို အသုံးပြုဖို့ ထားပေးထားပါတယ်။ အဲဒါတွေကို သုံးကြပါ။ အသေအချာ လက်ကို Hand Gel နဲ့ ဆေးပါ၊ Mask တပ်ပါ။ ကားပေါ်မှာ စကားမပြောပါနဲ့။ တတ်နိုင်သမျှ သွားတာလာတာတွေကို လျော့ပြီးနေကြမယ်။ တစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်ဆံတာတွေကို လျော့ပြီးနေကြမယ်ဆိုရင် ကူးစက်မှုနှုန်းက ကျသွားမှာဖြစ်ပါတယ်။

အလားတူပဲ စက်ရုံအသီးသီးမှာ လုပ်ငန်းခွင်ဝင်ရောက်ကြတဲ့အခါတိုင်း ကိုဗစ် - ၁၉ ရောဂါ ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့အညီ နေထိုင်လုပ်ကိုင်ကြပါ။ စက်ရုံအလုပ်ရုံတွေမှာ Social Distancing အပြည့်နဲ့ နေပါ။ Mask ကို သေချာအချိန်ပြည့်တပ်ထားပါ။

ထမင်းစားတဲ့အချိန်မှာ Mask ဖြုတ်ထားတာဖြစ်တဲ့အတွက် ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် ထမင်းစားချိန်မှာ မျက်နှာချင်းဆိုင် ထိုင်ပြီး စုဖွဲ့စားသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကျွန်တော် ယခုပြောပြပေးတဲ့ သတ်မှတ်ချက်တွေနဲ့အညီ စက်ရုံတွင်သာမက အိမ်မှာလည်း ယခုအတိုင်း နေဖို့လိုပါတယ်။ ဒါကြောင့် အိမ်ထဲမှာနေတဲ့ လှည်းလှေမြင်းဇောင်းမကျန် ကလေးကနေ စပြီး လူကြီးတွေအထိ ဘယ်နေရာမှာ ရှိရှိ၊ ဘယ်သူဖြစ်ဖြစ် ဆင်းရဲချမ်းသာမရွေး ဒီညွှန်ကြားချက်တွေကို လိုက်နာဖို့လိုပါတယ်။ ဒါတွေကို တစ်ဉီးတစ်ယောက်ချင်းစီက ကျွန်တော် ပြောတဲ့အတိုင်း စနစ်တကျ အသေအချာ နှစ်ပတ်ခန့် နေထိုင်ခြင်းဖြင့် ဒီကိစ္စ အောင်မြင်သွားမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော် အထူးအလေးထားပြီး တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သတင်းအဖွဲ့