ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် လွယ်ဟိန်းကုမ္ပဏီက ငွေကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ ရေသန့်ဘူးပေါင်း (၆၂၀၀၀၀) လှူဒါန်း

ရန်ကုန်၊  ၄ ဒီဇင်ဘာ

ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လွယ်ဟိန်းကုမ္ပဏီက ငွေကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ Alpine သောက်ရေသန့်ဘူး ခြောက်သိန်းနှစ်သောင်း(၆၂၀၀၀၀) ကို ဒီဇင်ဘာ ၄ ရက် ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ လွယ်ဟိန်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းကိုယ်စား လက်ထောက် မန်နေဂျင်းဒါရိုက်တာ ဦးဟန်မင်းထွဏ်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ရေသန့်ဘူး ၆၂၀၀၀၀ ကိုလှူဒါန်းရာ  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 

ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ကျေးဇူတင်စကား ပြောကြားသည်။

လွယ်ဟိန်းကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အရေးပါသော လိုအပ်ချက်ဖြစ်သည့် သောက်ရေသန့်များကို ဧပြီတွင် ပထမအကြိမ်အဖြစ် ရေသန့်ဘူးပေါင်း ၁၀ သိန်း၊ ဇူလိုင်လတွင် ဒုတိယအကြိမ်အဖြစ် ရေသန့်ဘူးပေါင်း ငါးသိန်း၊ စက်တင်ဘာတွင် တတိယအကြိမ်အဖြစ် ရေသန့်ဘူးပေါင်း ငါးသိန်း၊ ယခုဒီဇင်ဘာတွင် စတုတ္ထအကြိမ်အဖြစ် ရေသန့်ဘူးပေါင်း ခြောက်သိန်းနှစ်သောင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

လွယ်ဟိန်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးများမှတစ်ဆင့် လှူဒါန်းမှုများအပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ကိုဗစ်ရောဂါ ကုသရေး ဧရာဝတီစင်တာများ၊ စောင့်ကြည့်ခံရသူများအား ထားရှိသည့် Quarantine စင်တာများနှင့် အခြားလိုအပ်သည့် နေရာများသို့ ယနေ့အထိ ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရေသန့်ဘူးပေါင်း ၃ ဒသမ ၅ သန်းကျော် လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ဆက်လက်ပါဝင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ဖိုးသော်ဇင်