ကိုဗစ်-၁၉ ရောဂါပျောက်ကင်းမှ မြန်မာဘောလုံးအသင်းများ ပြန်လည်လေ့ကျင့်ရန် စီစဉ်မည်

မေ ၁၄

 

ကိုဗစ်-၁၉ ရောဂါကြောင့် လေ့ကျင့်မှုရပ်နားထားသည့် မြန်မာ့လက်ရွေးစင်အသင်းများနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများသည် ယင်းရောဂါပျောက်ကင်းသွားမှသာ ပြန်လည်လေ့ကျင့်ရန် စီစဉ်သွားမည်ဖြစ်သည်။

 

မြန်မာဘောလုံးအသင်းများသည် မတ် ၂၄ ရက်ကတည်းက လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်ပြီး ဧပြီနှင့် မေလတွင် လေ့ကျင့်မှုစတင်ရန် စီစဉ်ထားသည့် အသင်းများပါ လေ့ကျင့်မည့်အစီအစဉ် ရပ်နားခဲ့ရခြင်းဖြစ်သည်။ မြန်မာဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများမှာလည်း ရွှေ့ဆိုင်းထားပြီး စက်တင်ဘာမှသာ အစောဆုံးပြန်လည်ကျင်းပမည်ဖြစ်ရာ လက်ရွေးစင်အသင်းများအနေဖြင့် ရောဂါပျောက်ကင်းမည့် ကာလအပေါ်မူတည်၍ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာဘောလုံးအသင်းများ ယှဉ်ပြိုင်မည့် ပြိုင်ပွဲများကို စက်တင်ဘာမှ ဒီဇင်ဘာအတွင်း ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး အမျိုးသားပြိုင်ပွဲအဖြစ် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၊အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ အာဆီယံဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲအဖြစ် အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုနှစ်အတွင်း အာဆီယံအဆင့်ပြိုင်ပွဲများသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းတစ်သင်းသာ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအပြင် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ လက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသားအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်းတို့မှာ စခန်းဝင်လေ့ကျင့်နေသည့်ကာလအတွင်း ရပ်နားခဲ့ရခြင်းဖြစ်ပြီး အချို့အသင်းများမှာမူ လေ့ကျင့်ရန် ပြင်ဆင်နေသည့်ကာလတွင် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲကိုးခုအနက် ရှစ်ခုတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားအသင်းအနေဖြင့် လက်ရွေးစင်အသင်း၊ ယူ-၁၉ အသင်း၊ ယူ-၁၆ အသင်း၊ အမျိုးသမီးအသင်းများအနေဖြင့် လက်ရွေးစင်အသင်း၊ ယူ-၁၈ အသင်းနှင့် ယူ-၁၅ အသင်းတို့အပြင် ဖူဆယ်အသင်းတို့မှာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယူ-၂၁ အမျိုးသားအသင်းမှာမူ ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်