ကိုဗစ်-၁၉ ရောဂါဝဲဂယက်မှ ရုန်းထွက်နိုင်တော့မယ့် အိန္ဒိယနိုင်ငံ

၁၁  ဇန်နဝါရီ

ကမ္ဘာ့တစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်တိုက်ဖျက်နိုင်ဖို့နိုင်ငံတချို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ဆောင်ရွက်နေသလို နိုင်ငံတချို့မှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ အင်တိုက်အားတိုက်ကြိုး ပမ်းလျက်ရှိနေပါတယ်။

အဲဒီလို ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်နိုင်ဖို့ ကြိုးပမ်းနေတဲ့နိုင်ငံတွေထဲမှာ ကမ္ဘာ့လူဦးရေဒုတိယ အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံကလည်း အလားတူဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာကိုဗစ်ဝဲဂယက်မှ ရုန်းထွက်နိုင်ဖို့ ဇူလိုင်လမတိုင်မီမှာ ပြည်သူသန်း ၃၀၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရေး ရည်ရွယ်ထားတယ်လို့ ဝန်ကြီးချုပ် မိုဒီက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့ပါတယ်။

ကူးစက်ခံရသူအရေအတွက် ဒုတိယအများဆုံးနိုင်ငံဖြစ်

အိန္ဒိယအစိုးရကလည်း နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၆ ရက်မှာ စတင်ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမဆုံးရရှိမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံပြီးရင် ကူးစက်ခံရသူအရေအတွက် ဒုတိယအများဆုံးနိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ ဒသမ ၄ သန်းကျော်ရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်ကလည်း တစ်သိန်းခွဲကျော်အထိ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုကို လျှော့ချနိုင်ဖို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်မျိုးကို သုံးစွဲခွင့်အတွက် အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးဆိုင်ရာ အာဏာပိုင်အဖွဲ့က ခွင့်ပြုခဲ့ပြီး အဲဒီကာကွယ်ဆေး နှစ်မျိုးကတော့ AstraZeneca ဆေးဝါးကုမ္ပဏီနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနဲ့ အိန္ဒိယ နိုင်ငံရဲ့ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Bharat Biotech က ထုတ်လုပ်တဲ့ Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တို့ပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုစတင်ချိန်မှာလည်း ဦးစားပေးအနေနဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စတင်ထိုးနှံပေးမှာဖြစ်ပြီး အဲဒီနောက်မှာတော့ အသက် ၅၀ အထက်ရှိသူတွေနဲ့ ကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့ အသက် ၅၀ အောက်ရှိသူတိုင်းကို ထိုးပေးသွားမှာဖြစ်တယ်လို့ အိန္ဒိယအစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတစ်ဝန်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမယ့် စင်တာတွေမှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လက်တွေ့ စမ်းသပ်မှုအများအပြားကို ပြုလုပ်ထားပြီးဖြစ်ကြောင်းနဲ့ အဲဒီလက်တွေ့စမ်းသပ်မှုတွေကိုလည်း ခရိုင် ၇၀၀ မှာ ကျန်းမာရေးဝန်ထမ်း တစ်သိန်းခွဲလောက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်ဟာ အိန္ဒိယနိုင်ငံမှာ လက်တွေ့စမ်းသပ်မှုတွေမပြီးဆုံးခင် Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ ထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။

Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုရှိပြီး အားကောင်းတဲ့ ကိုယ်ခံစွမ်းအား ရရှိဖို့လည်း ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးထိန်းချုပ်ရေးဌာနရဲ့ အကြီးအကဲဖြစ်သူ ဆိုမာနီက အခိုင်အမာပြောကြားခဲ့ပါတယ်။

အဲဒီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုရာနှုန်းပြည့်ရှိကြောင်းနဲ့ ကာကွယ်ဆေး တိုင်းမှာတော့ နာကျင်မှုနဲ့ ဓာတ်မတည့်မှုလိုမျိုး ဘေးထွက်ဆိုးကျိုးတွေကတော့ ရှိမြဲဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

သတ်မှတ်ချက် ငါးချက်ပြည့်မီ

Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအသုံးပြုဖို့အတွက် အတည်ပြုပေးမှုကိုလည်း လွယ်လွယ်နဲ့ ရရှိခဲ့တာ မဟုတ်ဘူးလို့လည်း Bharat Biotech ဆေးဝါးကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ခရစ်ရှ်နာအီလာက ပြောကြားခဲ့ပါတယ်။ လက်တွေ့စမ်းသပ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် သတ်မှတ်ချက်ငါးချက်ပြည့်မီမှုအပေါ် မူတည်ပြီးမှသာ အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအရေးပေါ် အသုံးပြုမှုဆိုင်ရာ အတည်ပြုချက်ကို ရရှိခဲ့တာဖြစ်ပါတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Covaxin ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်(၃)ကလည်း မကြာမီ ပြီးစီးတော့မှာဖြစ်ကြောင်းနဲ့ ဖေဖော်ဝါရီလမတိုင်မီမှာ အဲဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး အဓိကကျတဲ့ အချက် အလက်တွေ ပေးစွမ်းသွားမှာဖြစ်တယ်လို့လည်း Bharat Biotech ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ ခရစ်ရှ်နာအီလာ က ပြောကြားခဲ့ပါတယ်။

အလင်းသစ်

ကိုးကား - ဘီဘီစီ