ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံဖြင့် ပြည်နယ်လွှတ်တော် (၁၉)ကြိမ်‌မြောက် ပုံမှန်အစည်းအဝေးကို ယခုလ(၁၈)ရက်နေ့တွင် ကျင်းပသွားမည်

မြစ်ကြီးနား ၉  မေ       

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံဖြင့် (၁၉)ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ယခုလ (၁၈)ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဟု ပြည်နယ်လွှတ်တော်ရုံးမှ သိရှိရသည်။

 

ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးထွန်းတင်က “အစည်းအဝေးကတော့ လိုအပ်ချက်အရ ဘတ်ဂျက်ကို အတည်ပြုဆုံးဖြတ်ပေးရမှာ ဖြစ်တဲ့အတွက် မဖြစ်မနေ ကျင်းပရခြင်းဖြစ်ပါတယ်၊ အစည်းအဝေးလုပ်မှာလည်း သုံးရက် လောက်ပဲ ကျင်းပမှာဖြစ်တဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  ကျန်းမာရေး စစ်ဆေးမှု Quarantine လုပ်သွားဖို့ စီစဉ်ထားပါတယ်၊ ကျွန်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ယခုလ(၁၀)ရက်နေ့မှာ စတင်ရောက်ရှိလာမှာဖြစ်တဲ့အတွက် မေလ(၁၁) ရက်နေ့မှ (၁၇)ရက်နေ့ အထိ Quarantine (၇)ရက် ထားရှိသွားမှာ ဖြစ်ပါတယ်၊  တချို့ကိုရုံးက အဆောင်မှာ၊ တချို့ကို တော့ သူတို့တွေရဲ့နေအိမ်တွေမှာ Quarantine ထားသွားဖို့ ရှိပါတယ်၊ ဒါကိုလဲကျန်းမာရေးဌာနနှင့် ညှိနှိုင်းစီစဉ်ထားပြီးဖြစ်ပါတယ်၊ မဖြစ်မနေ ကျင်းပရတာဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် အသေးစိတ်အစီအမံတွေ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ် ဟုပြောကြားသည်။

 

2589

 

ထို့အပြင် အစည်းအဝေးခန်းမ၌ ထိုင်ခုံနေရာများကို တစ်ယောက်နှင့် တစ်ယောက်ကြား၊ ရှေ့၊ နောက်၊ ဝဲ၊ ယာ(၄)ပေ အကွာအဝေးဖြင့် စီစဉ်ထားရှိပြီး၊ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာကြသူများ အားလုံးအတွက် နှာခေါင်းစည်း(Mask)များ၊ လက်ဆေးဆပ်ပြာများ ထားရှိပေးခြင်း၊ ကိုယ်ပူချိန်များ တိုင်းတာပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လွှတ်တော်ခန်းမအတွင်း လေ့လာသူ အားလုံး ခွင့်ပြုခြင်းမရှိတော့ကြောင်း သိရှိရသည်။

 

အဆိုပါ ပြုလုပ်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ရွေးကောက်ခံကိုယ်စားလှယ် (၄၀)ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ်(၁၃)ဦး စုစုပေါင်းကိုယ်စားလှယ်(၅၃)ဦး ကျင်းပသွားမည်ဖြစ်ပြီး၊ သတင်းလာရောက် ရယူမည့် မီဒီယာများအတွက် သတ်မှတ်ထားသည့် သီးသန့်အခန်းနေရာများတွင် သတင်းရယူရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားရှိကြောင်းကိုလည်း သိရှိရသည်။

 

ခရိုင် (ပြန်/ဆက်)