ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဖာပွန်ဒေသတွင် ရာသီပေါ်သီးနှံနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးသူများအနေဖြင့် လုပ်ငန်းများအဆင်မပြေ အရှုံးပေါ်လျက်ရှိ

ဖာပွန် ၁၇ ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၊ အနောက်ဘက်ကမ်းကျေးရွာတွင် ရာသီပေါ်သီးနှံများဖြစ်သော ဂေါ်ဖီထုပ်၊ မုန်ညင်း၊ သခွားသီး၊ ခရမ်းချဥ်သီး၊ ပဲတောက်စသည့် သီးနှံများနှင့်  ကြက်မောက်၊ လိမ္မော်၊ မင်းကွတ်သီး၊ ပိန္နဲသီး၊ ကျွဲကောသီး၊ သံပုရာသီး၊ သင်္ဘောသီး စသည့် နှစ်ရှည်သီးနှံများ စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် ရောင်းချမှုအခက်အခဲကြုံတွေ့နေရပြီး ဝယ်ယူသူနည်းပါးနေသည့် အတွက် အဆင်မပြေ အရှုံးပေါ်လျက်ရှိနေကြောင်း သိရှိရသည်။

 

အဆိုပါခြံ၌ ယခုနှစ်တွင် ဂေါ်ဖီထုတ်ကိုသာ အဓိကထားစိုက်ပျိုးပြီး ယခင်နှစ်က ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ပျမ်းမျှ ငွေကျပ် (၇၀၀) ရရှိကြောင်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် အရှုံးများနေသဖြင့် စျေးကောင်းရရန် မျှော်လင့်ကြောင်း ခြံပိုင်ရှင်ထံမှ သိရှိရသည်။

 

 ဂေါ်ဖီထုပ်မျိုးများအား ဘားအံမြို့မှမှာယူပြီး စိုက်ပျိုးမည်ဆိုလျှင် (၃)လခန့်ကြာမြင့်ကြောင်း စိုက်ပျိုးလျှင်လည်း သဘာဝ မြေဇာဖြစ်သည့် နွားချေးနှင့် မြေအားပြုပြင်ထားပြီး  တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း ၁၈ လက်မခြားကာ စိုက်ပျိုးမှသာ လေဝင် လေထွက်ကောင်းပြီး နေရောင် ခြည်ကောင်းစွာရရှိ၍ အထွက်နှုန်းကောင်းကြောင်းနှင့် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် ရေသွင်းစိုက်ပျိုးရကြောင်း ခြံပိုင်ရှင်ထံမှသိရသည်။

 

ဖာပွန်ဒေသတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ  များပြားသည့်အတွက် စီးပွားဖြစ်ခြံစိုက်ပျိုးသူများအနေဖြင့်  ယခုကာလတွင် ရောင်းချမှု အခက်အခဲကြုံတွေ့နေရပြီး ဝယ်ယူသူနည်းပါးနေသည့်အတွက် အဆင်မပြေဖြစ်ကာ အရှုံးပေါ်လျက်ရှိကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)